ကဗျာ

ဝါကျဖြူ ● ဦးခေါင်းနဲ့ကိုက်ညီတဲ့ အနာဂတ်

ဝါကျဖြူ  ● ဦးခေါင်းနဲ့ကိုက်ညီတဲ့ အနာဂတ်
(မိုးမခ) မတ် ၇၊ ၂၀၁၇

ငါတို့ တင်ထားတဲ့ဆေးရောင်တွေ
နေရောင်နဲ့ ဘာလို့တိုက်ဖျက်ပစ်နေကြတာလဲ။

ဟိုး… မိုးကောင်ကင်မှာ
တိမ်တွေဟာ လွင့်ချင်တိုင်းလွင့်နေခဲ့
မျက်ရည်မိုးတိမ်တွေငုံပြီး စီးဆင်းလို့ပေါ့ အမေ။

တဆတ်ဆတ် တုန်ခါနေတဲ့ ကမ္ဘာ
သဘာဝတရားကို အံတင်းတင်းခဲထားတဲ့
တိတ်ဆိတ်ခြင်းတို့ရဲ့မီးတောင်
တပွက်ပွက်ဆူနေတဲ့ ချော်ရည်တွေ
အမေ မြိုချထားခဲ့လေရောသလား။

ရေ… မြေ… လေ… မီးရဲ့
ခေါင်းစဉ်မဲ့ ညတွေ
အမေ့မျက်ဝန်းကို ကြေကွဲခြင်းတွေနဲ့
ယှက်လိမ်ကျစ်ထားခဲ့ရတဲ့ ကြိုးတချောင်း
စာလုံးပေါင်းတိုင်းမှာ မျက်ရည်ဟာ တုန်နှုန်းမြင့်စနက်တံပဲ။

အမေ
သားသတ်ရာကောင်းကင်မှာ
ဝဲနေတဲ့ စွန်တွေဟာ
အမှန်တရားအတွက်တော့မဖြစ်နိုင်ဘူး
ကောင်းကင်က
ဟာသတွေလူးထားတဲ့ တိမ်တွေနဲ့အလှဆင်လို့
ကျနော်တို့ကတော့ ယုံကြည်ခြင်းထဲ
ဦးခေါင်းကို ရဲရဲဝံ့ဝံ့ ထိုးထည့်ထားခဲ့တယ်။ ။

ဝါကျဖြူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts