အတွေးအမြင်

ဉာဏ်ဝါ ● တရားဓမ္မ ယဉ်ပါးခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles



ဉာဏ်ဝါ ● တရားဓမ္မ ယဉ်ပါးခြင်း
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆

ယဉ်ကျေးစေခြင်းအလို့ငှာ ပျူငှာတတ်စေခြင်းအလို့ငှာ အိုးမလုပ်ခင် အိုးဖုတ်စဉ်ဝယ် အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်သကဲ့သို့ ထွေထွေသွေးသားကလေးများ၏ စိတ်သန္တာန် တွင် ဘုရားတံဆိပ် ဘာသာစိတ်ကို ခပ်နှိပ်စေရန် ရည်သန်လျက် အခြေခံပညာကျောင်းများတွင် ဘုရားရှိခိုး မေတ္တာပို့ စေသော ဘာသာရေး လုပ်ငန်းများကို နေ့စဉ်ကျောင်းမတက်ခင် ရွတ်ဆို ဆည်းကပ်ပွားများစေသည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ စိတ်ထဲမည်သို့ရှိနေရှိနေ ထိုသို့မဖြစ်မနေပုံစံဖြင့် ၀တ်တခုအဖြစ်ပြုကျင့်လာကြပြီး ကြီးပြင်းလာကြသည်မှာ ယနေ့လူငယ်လူရွယ်တိုင်းပင်ဖြစ်သည်။ ကျောင်းတက်ဖူးကြသူတိုင်း မှတ်မိနေမည့် ပဉ္စဂုဏံအဟံ ၀န္တာမိ အာစရိယဂုဏံအဟံ ၀န္တာမိ ဟုအော်ဟစ်ခါ ဆရာဆရာမများကို နှုတ်ဆက်ခြင်းသည်လည်း လူတိုင်းနားထဲတွင် ပဲ့တင်ထပ်ကျန်နေလောက်အောင် အကြိမ်အခါများခဲ့ပြီးဖြစ်သည်။

ဤသို့ ဘုရားရှိခိုးခြင်း မေတ္တာပို့ခြင့် အနန္တဂုဏ်ရည်ကို ဖော်ထုတ်နှုတ်ဆက်ခြင်းများသည် ကလေးသူငယ်များအား လိမ္မာယဉ်ကျေးစေနိုင်သော လုပ်ငန်းများဟုတ်ပါသလား။

ဘုရားရှိခိုးရင် တဦးနှင့်တဦး စနောက် ကြုံသလို ကမြင်းကြောဆွဲခဲ့ဖူးသော ကိုယ်တွေအနေဖြင့် အဆိုပါအချိန်ကို ကြည်ညိုစရာဟု ရင်ထဲ မစွဲခဲ့ပါ။ မပြီးသေးသော အိမ်စာကို အသည်းအသန် ရေးသူ၊ မေးမည့်စာ မရသေးသဖြင့် အတင်းကျက်နေသူ၊ တယောက်ဆံပင် တယောက်ဆွဲ၊ တယောက် နောက်ကျော တယောက်ကုတ် စသဖြင့် ပြောင်ရယ်နောက်ရယ် ကိုယ့်စိတ်ထဲရှိသလို ပြုမူနေထိုင်ကြတတ်ပါသည်။
 
ရားဓမ္မဟူသည် သဒ္ဒါတရားယုံကြည်မှုကို အကြောင်းပြု၍ ရှေ့ဆက်သွားရသည့် သဘောရှိသည်ဖြစ်ရာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အရဟဒါတိ န၀ဂုဏေဟိ ဟု အတင်းဆိုခိုင်းပြီး ဆွမ်းကပ်ခိုင်းခြင်းသည် ကလေးများအတွက် ဒီလုပ်ငန်းအပေါ် ငြိုငြင်စရာ စိတ်ခုစရာဖြစ်နေသည်ဟု ယူဆစရာရှိပါသည်။ သီတင်းကျွတ်လပြည့်နေ့ သူငယ်ချင်းများနှင့် လျေက်သွားပျော်ပါးမည်ဟု အစီအစဉ်ဆွဲထားသူများကို အတင်းဥပုသ် ယူခိုင်းသော အဖြစ်အပျက်တခုနှင့် ကြုံဖူးပါသည်။ မလွန်ဆန်နိုင်သဖြင့် ယူလိုက်ရသောဥပုသ်လည်း ဘယ်ဆီရောက်မှန်းပင်မသိပါ။ ဥပုသ်ယူခိုင်းသော ဆရာတော်နှင့် မိမိ အခြေအတင်စကားပြောမိပေမယ့် ဗုဒ္ဒဘာသာမဟုတ်ဘူးလား ကုသိုလ်ရအောင် ဆိုတာ နားမလည်ဘူးလား ဆိုသော စကားများအောက်တွင် မိမိလည်းပျောက်ကွယ်ခဲ့ရဖူးပါသည်။

အရပ်ထဲတွင် အလကား အပုတ်ကောင်တွေပါဟု ခပ်ချောချောကောင်မလေးများကို မျက်နှာလွဲပြီးပြောလေ့ပြောထရှိသော ဘုရားဖြစ်မည့်အုတ်နီခဲများသည် ၀ိပသနာကျင့်ပြီး ဥဒယ၀ယ ဉာဏ် ဖြင့် ပြောနေခြင်းမဟုတ်သလို ဘာသာရေးအသိ ကြီးကြီးမားမားရှိလှသည်မဟုတ်ပါ။ အနိုင်ယူ အသာရလို၍ဖြစ်စေ အများအခေါ် စေတနာထားလွန်း၍ဖြစ်စေ ခေါင်းပေါ်သို့ အတင်းတင်ပေးသော မည်သည့်အရာသည်မှ ခေါင်းထဲ ဦးနှောက်ထဲအထိမရောက်နိုင်ပါ။ အကျိုးဆက်မှာ ဓမ္မဆိုင်ရာအယူအဆများ စကားလုံးများအနေဖြင့် ဖောင်းကားပွယောင်းပြီး ခပ်လွယ်လွယ် ပြောဆိုပြောင်နောက်စရာဖြစ်လာသဖြင့် ဓာတုဆေးဝါး အပြင်းစားများသုံးဖူးသော လူနာအတွက် ပိုပြင်းသောဆေးမဟုတ်လျှင် မတိုးတော့သော ဆေးယဉ်ပါးသည့် အဖြစ်ကဲ့သို့ ကျောင်းများ မှာ အတင်း ဘုရားဝတ်ပြုစေသောအလေ့အထသည် အခြားဘာသာဝင်များအပေါ်တွင် မတရားဖြစ်ရုံသာမက မိမိဘာသာဝင်များအတွက်လည်း ဓမ္မယဉ်ပါးခြင်း အဖြစ်များကို သာ ဖန်တီးပေးနေသော လုပ်ငန်းများဟု ယူဆမိပါကြောင်း။

ဉာဏ်ဝါ
နိုဝင်ဘာ ၇၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts