ကဗျာ

ဆလိုင်းမြတ်နိုးသူ ● ရောဂါသည် ခရီးသွားနေသည်

ဆလိုင်းမြတ်နိုးသူ ● ရောဂါသည် ခရီးသွားနေသည်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆

လက်ထဲငွေတပြားမှရှိမနေဘဲ ဘတ်စ်ကားမှတ်တိုင်တွေဆီအငမ်းမရသွားခဲ့
ဆီဆိုင်နားအရောက် ကောင်မလေးဟာ သူ့လင်ငယ်ပေးဖို့
ကောင်တာထဲက ကင်းမြီးကောက်ပုံတွေနှိုက်ယူ အေးဆေးငြိမ်သက်ပြီး
သူခိုးသူခိုးလို့ ထအော်တာကို သူတွေ့ရ
မီးသီးကို ခေါင်းနဲ့တိုက်ဖို့ကြိုးစားနေတဲ့နဂါးပိုးကောင်လေးက သနားစရာဆိုပေမယ့်
အာဟာရဓာတ်တွေကုန်ဆုံးလို့ ပိန်လှီသောလက်ချောင်းတွေကို ပိုမိုသနားစရာပါ
အရသာရှိတဲ့ကြက်ပေါင်ကြော်လိုချင်တယ်
အခုနေ ကဗျာစာအုပ်တအုပ်လောက်ရှိရင် ကောင်းမယ်
ဒီ့ထက် မိန်းမတယောက်သာရှိနေရင် ပိုကောင်းမှာပဲပြောပြီး
ဒီလောက်ပိုက်ဆံတွေ ဘဝမှာ တကြိမ်တခါမှ မလိုအပ်ဘူး
သူဟာ ဘဏ်တိုက်တွေကို လှောင်ရယ်နေ
လုံးဝအသုံးမကျသေးတဲ့ အစိုးရရုံးတခုနားရောက်တော့
တဘဝလုံး ချို့ချို့တဲ့တဲ့နေခဲ့တဲ့ သူ့ကောင်ကို သတိရပြန်
ခွေးသားလေး တော်တော်ညံ့တယ် ထီပေါက်ဖို့စောင့်နေတဲ့ကောင်တွေက
လူ့ဘဝမှာ အညံ့ဆုံးကောင်တွေပါတဲ့
သူ့အော်သံဟာ ခေါင်းလောင်းတွေ မြည်သွားစေသလိုပဲ
ငါက ငါ့အသက်ကိုပေးရအောင် မင့်နိုင်ငံတော်ကြီးက
ဘယ်လောက်အရေးပါလဲ ဆက်လျှောက်နေတယ်
တနေနေရာမှာတော့ အလကားစီးသွားရတာဖြစ်ဖြစ် စီးကိုစီးရမယ်လို့ထင်နေပုံပဲ
သူ့ လက်ထဲမှာသူ့လက်ဟာ သူဟာ သူ့မြေပုံအညွှန်း
“ခဏခဏထထအလေးပြုမှုတွေဟာ ပျင်းစရာ” ဆို
သူဟာ ဆက်သွားလျက် ရပ်လျက် ရယ်လျက် မပြီးမစီး။

ဆလိုင်းမြတ်နိုးသူ
၂၀၁၆ ဇူလိုင် ၈။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts