ကဗျာ

မောင်ဖေသက်နီ – ၀မ်းနည်းကြေကွဲမှုဖြစ်စေတဲ့သတင်း


မောင်ဖေသက်နီ – ၀မ်းနည်းကြေကွဲမှုဖြစ်စေတဲ့သတင်း 

(မိုးမခ) မေ ၂၄၊ ၂၀၁၆

မယုံနိုင်စရာ တခုပါပဲ
ကြားလိုက်ရတဲ့ သတင်းတပုဒ်ပေါ့၊

မယုံနိုင်စရာ တခုပါပဲ
အမကြီး မစိမ်းပင်တယောက်
(လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက မောင်လေးတယောက်လို့
သူမက ကျနော့်ကိုပြောဆိုဆက်ဆံခဲ့တယ်လေ)
လွန်ခဲ့တဲ့ရက် မနေ့  ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ က
သူမနေထိုင်ရာ မန္တလေးမြို့ မှာနေထိုင်ရင်း
ကျုပ်တို့ကို အပြီးအပိုင်နှုတ်ဆက်ပြီး ထွက်ခွားသွားခဲ့ပါပြီ။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ပြည်သူချစ်တဲ့
ကဗျာဆရာကြီး (ဦး) တင်မိုးက သူမကွယ်လွန်မီက ပြောခဲ့ဖူးပါရဲ့၊
ပြည်သူချစ်သူတွေ အသက်တိုပြီး၊
ပြည်သူမုန်းသူတွေ အသက်ရှည်သတဲ့၊
အမှန်စကားတခွန်းပါပဲ (အခုလည်း ကြည့်လေ၊)
ပြည်သူတွေချစ်တဲ့အမကြီး ကဗျာဆရာမ ‘မစိမ်းပင်’
မနေ့က ကွယ်လွန်သွားရပြီတဲ့။

သူမဟာ ၁၉၆၀ ကျော် ၁၉၇၀ ကာလတွေတုန်းက
ပြည်သူကို နှိပ်ကွပ်အုပ်ချုပ်တဲ့ စစ်အုပ်စုကို ဆန့်ကျင်ခဲ့တဲ့
‘တော်လှန်ကဗျာ’ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့၊
(တော်လှန်ကဗျာ အဖွဲ့ဟာ မြန်မာ့စာပေသမိုင်းရဲ့
၁၉၆၀ – ၁၉၇၀ နှစ်တွေရဲ့အထင်ကရ
‘မိုးဝေစာပေခေတ်’ မှာ ပေါ်ထွန်းလှုပ်ရှားခဲ့)

ပါဝင်လှုပ်ရှားခဲ့တဲ့ သူမရဲ့လှုပ်ရှားမှုတွေကြောင့်
နရသိန်အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံခဲ့ရ၊
အဲဒါတွေကြောင့် ရောဂါမျိုးစုံတွေ ခံစားခဲ့ရ၊

အခုတော့ သူမဟာ
(၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့မှာ)
အဲဒီ့နှိပ်စက်မှုတွေကြောင့် မိခင်တိုင်းပြည်ထဲမှာ
(ကျုပ်အပါအ၀င်) သူချစ်တဲ့မြန်မာပြည်သူပြည်သားတွေကို
ထာဝရ နှုတ်ဆက်သွားခဲ့ပြီလေ။

မိုးဝေမှာ သူမရေးခဲ့ဖူးတဲ့ ‘မင်္ဂလာပါ အပျိုမ ဇန်န၀ါရီ’ ကဗျာတပုဒ်ထဲမှာ
‘ ဒီနေရာ ဟောသည် နေရာမှာပါပဲ၊ ဒီဇင်ဘာကိုဖြတ်သန်းခြင်း၊
နိမိတ်ပုံပြတင်းနဲ့  အိုမာခယမ်ရဲ့ ဖြစ်တည်ခြင်းကို ငြင်းဆိုခဲ့
အမှတ်တမဲ့ မဟုတ်ရင်
သင် …. ဆင်ခြင်ဖို့ကောင်းတယ်’ လို့ သူ ရေးဖွဲ့ခဲ့ဖူးလေရဲ့။

အခုတော့ သူ့ကဗျာ ‘မင်္ဂလာပါ အပျိုမ ဇန်န၀ါရီ’ ထဲကလို
သူမက သူချစ်တဲ့ ပြည်သူပြည်သားတွေအပါအ၀င်
(သူ့ကဗျာတွေကိုချစ်တဲ့ ကျုပ်အပါအ၀င် သူ့ပရိတ်သတ်တွေကို)
အပြီးတိုင် နှုတ်ဆက်သွားခဲ့ပြီလေ။

မောင်ဖေသက်နီ
၂၀၁၆ ခုနှစ် မေလ ၂၃ ရက်၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။
(မန္တလေးမြို့ မှာ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ က ကွယ်လွန်သွားခဲ့တဲ့ အမကြီး မစိမ်းပင်သို့ အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts