ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သူရဲ့အလိုအတိုင်း မကြာမီလာမည် … မျှော် .. မျှော် ….

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သူရဲ့အလိုအတိုင်း မကြာမီလာမည် … မျှော် .. မျှော် ….
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၅

စွဲဆိုထားတဲ့ဥပဒေပုဒ်မနဲ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက်တော့ ထူးထူးထွေထွေ ပြောစရာမရှိ။ တကယ်တော့လည်း ဥပဒေပြဌာန်းချက်အတိုင်း ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ခဲ့တယ်လို့ ခပ်တိုတိုကောက်ချက်ချနိုင်ပေမယ့် ဘယ်အကြောင်း အရာကို အခြေခံ၊ ဘယ်အကြောင်းကြောင်းတွေကြောင့် အခုလို အစုလိုက် အပြုံလိုက် အမြင့်ဆုံးပြစ်ဒဏ်တမျိုးတည်း ချ မှတ်ခဲ့ရသလဲ … ဆိုတာနဲ့ ကာယကံရှင်တို့ရဲ့ မိခင်တိုင်းပြည်ကြီးက ဘယ်လိုတုန့်ပြန်လာလေမလဲ … ဆိုတာတွေက တွေး တောဆင်ခြင်စရာ အများသား …။

အမှုကြီးတမှု တရားခွင်အပေါ်အရောက် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ စတင်စစ်ဆေးရာကနေ အပြီးသတ်အမိန့်ချမှတ်တဲ့ အချိန်ထိ စွပ်စွဲခံရသူတွေအနေနဲ့ ဆီလိုအပေါက်ရှာ ရုန်းမထွက်နိုင်အောင် စစ်ဆေးစီရင်ခြင်းအပေါ် လက်ညှိုးထိုး ပြစ်တင် မဝေဖန်နိုင်အောင် အဆင့်တိုင်း အဆင့်တိုင်း ရေပက်မ၀င်အောင် ပိတ်ဆို့ပြီးသား ကာရံပြီးသားဆိုတော့ အထူးတလည် အကျယ်ချဲ့ရေးဖွဲ့ဖို့ မလိုအပ်တော့ ….။

သက်ဦးဆံပိုင် ပဒေသရာဇ်ပုံစံလိုလို အကြွင်းမဲ့အာဏာရပ်အားလုံးကိုပိုင်ဆိုင်သူ တန်ခိုးရှင်ဆန်ဆန် တချက်လွှတ်အမိန့် အာဏာတွေနဲ့ ဖွဲ့တည်ထားတဲ့ တိုင်းပြည်တပြည်ရဲ့ လူသိများ စိတ်ဝင်တစားစောင့်ကြည့်ခံရတဲ့ အမှုကြီးတမှု စစ်ဆေးစီရင် တာတွေထက် အဲဒီအမှုကြီး ရုပ်လုံးမဖော်မီ ကန့်လန့်ကာနောက်ကွယ်က အဖြစ်အပျက်တွေက ရိုးသလိုလို ထူးသလိုလိုနဲ့ မိုးမီးလောင်စေမယ့် ဇာတ်လမ်းတခုပါ။ ပုံမှန်မဟုတ်တဲ့ အခြေအနေအောက်ကနေ လုပ်ရိုးလုပ်စဉ်အဖြစ်တခုကို အခြေခံပြီး ကိုယ့်အကျိုးစီးပွားလောဘအတွက် မတော်မတရားလောဘအမှောင်တိုက်ခဲ့လို့ လက်ထဲပွေ့ပိုက်မိခဲ့တဲ့ အထုပ်ကြီးတထုပ်ထဲ မှာတော့ ဆက်ပွေ့ပိုက်လို့မရ .. လွှင့်ထုတ်ပစ်ဖို့လည်းမဖြစ်နိုင်တော့တဲ့ ကျားပေါက်စလေးတကောင်ပါပဲလေ ..။ အပြီးသတ် ဇာတ်သိမ်းပစ်ဖို့ကလည်း ကျားပိုင်ရှင်က အရှေ့တည့်တည့်ဆိုတော့ ထွေးမရ မျိုမရ ပစ်မရ ရှေ့တိုးရအခက် နောက်ဆုတ်ရ အခက် …။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စီရင်ချက်ပြစ်ဒဏ်ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံအတွင်း တရား မဝင်ဝင်ရောက် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် အမှုကြီးက ဖြစ်ရိုးဖြစ်စဉ် ကြုံနေကြ ကြာရင်မေ့ အချိန်တန်ရင် ဖြေလျှော့သွားမဲ့အမှုတော့ မဟုတ်၊ သစ်ထုတ်လုပ်ရေးနဲ့ ဆက်စပ်တဲ့ ယာဉ်ကြီး ယာဉ်ငယ်၊ စက်ယန္တရားပေါင်းစုံ အစီးရေပေါင်း (၅၀၀) နီးပါး လူ အယောက်ပေါင်း (၁၀၀၀) ကျော်နဲ့ နေ့နေ့ညည ဥဒဟိုဝင်ထွက် သွားလာလုပ်ကိုင်နေတဲ့လုပ်ငန်းစဉ်ကြီးတခုအတွက်         သက်ဆိုင်ရာဒေသစစ်အာဏာပိုင် တာဝန်ရှိသူတယောက်အနေနဲ့ ခွင့်မပြုရဲ ဆုံးဖြတ်ချက်လည်း မချနိုင်၊ လက်ရှိ ဗဟိုအာ ဏာပိုင် တာဝန်ရှိသူ နှစ်ယောက် သုံးယောက်အပြင် နောက်ကွယ်က  သတို့တတွေရဲ့ စီနီယာဗိုလ်ချုပ်ကြီးတစုရဲ့ ပံ့ပိုးဝိုင်းရံမှု တွေနဲ့ စုပေါင်းပြီး သကာလ အင်တိုက် အားတိုက်  “အချိန်ရှိတုန်း လုံလစိုက်” သလို အချီကြီး တဝစားခွင့်ပြု လုပ်ဆောင်ခဲ့ စေခြင်းပါဘဲ၊၊

အဲဒီလို ဒေသဆိုင်ရာစစ်အာဏာပိုင်တာဝန်ရှိသူနဲ့ အပေါ်ထပ် စစ်ရုံးချုပ်က တာဝန်ရှိသူတွေ၊ သူ့အနွယ် သူ့ဘက်ကရောင်း တွေနဲ့ တပျော်ကြီး တ၀ကြီးခံစား စံစားနေရာကနေ ကချင်ဒေသမြောက်ပိုင်းမှာ အထိအရှ အကျအဆုံးများလာခဲ့တာနဲ့ တ ဆက်တည်း စစ်ရာထူးအပြောင်းအရွှေ့ကာလတခုမှာတော့ အာဏာအသစ်ကလေး လုပ်ပိုင်ခွင့်အသစ်ကလေး မျှော်လင့် ချက်အသစ်ကလေး အဆုံးစွန် စီရင်ဆုံးဖြတ်ခွင့်အသစ်ကလေးတွေနဲ့ ရောက်လာတဲ့ မိုးကျရွှေကိုယ် အာဏာရှင်အသစ် ကလေးက အရင့်အရင်တာဝန်ရှိသူတွေ လက်ခံဆုံးဖြတ်ထားတဲ့ ငွေကြေးပမာဏထက် ပိုတောင်းဆိုရင်း၊ မြင်းမကောင်း ရှုမကောင်းအောင် ကောက်သင်း ကောက်ဖြတ်လှဲတောက် သစ်သယ်နေတာ လျော့ချဖို့ အရေးဆိုရင် ဖြစ်ပေါ်လာတဲ့အမှုအပေါ်
မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးက “တရားစီရင်ရေးစနစ်ဟာ အရင်လိုမဟုတ်တော့ လွတ်လွတ်လပ်လပ် တရားစီရင်ရေးစနစ်ဖြစ် လို့ အစိုးရအနေနဲ့ ၀င်ရောက်စွက်ဖက်လို့ မရနိုင်” ဆိုတဲ့ သုံးသပ်ပြောဆိုစကားက မကြားစဘူး ထူးထူးခြားခြား ဟာသတခုပါပဲ။

ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ပြောရမလား …..
မယားနေစ ကြောင်သေမှ ဆိုသလို သဘောမျိုးလား …. သစ်ထုတ်တာရပ်ပြီး အိမ်ပြန်ဖို့ ရာဇသံပေးခဲ့တာကို ငြင်းဆန်လက်မခံ ဘဲ ပုန်းလျှိုး ကွယ်လျှိုးနေနေတဲ့ လူ ၁၅၅ ယောက်အုပ်စုကိုမှ တောကြောင်အိုတကောင်အထင်နဲ့ ၀င်ဖမ်းလိုက်ကာမှ ကျား ပေါက်တကောင်လေးဖြစ်နေတာကိုက ဒူးနဲ့မျက်ရှည်သုပ်ရမယ့်အဖြစ်တခုပါဘဲလား …။ ကြွက်သေတကောင်ကို အရင်းပြုပြီး ချမ်းသာအောင် လုပ်နိုင်ခဲ့တာက မနေ့ကအဖြစ်ပါ။ ဒီနေ့အဖို့ကတော့ အရှင်လတ်လတ် ကျားပေါက်တကောင်နဲ့ ဒုက္ခပင် လယ်ဝေတော့မှာကတော့ အနှေးနဲ့အမြန် မနက်ဖြန်ပါပဲခင်ဗျား။

တချိန်သားကာလတခုမှ လွတ်မြောက်ကာစ ခုန်ပျံကျော်လွှားစီမံကိန်းတွေနဲ့ ဖရိုဖရဲ ၀ရုန်းသုန်းကား ဖြစ်နေတဲ့ အခြေ အနေတောင်မှ မြန်မာပြည်အလယ်ပိုင်းမှာ အဝေးပြေးလမ်းမကြီးတခု နေ့ချင်း ညချင်း ပေါ်လာမယ့်အရေးကို အရိပ်ရသစ် ပင်စီမံကိန်းနဲ့ ကြိုတင်ဟန့်တားနိုင်ခဲ့တဲ့ နိုင်ငံတနိုင်ငံက ….။ သိပ်မဝေးတဝေးအချိန်ကာလတုန်းကလည်း ပြည်တွင်းက မြေပေါ်မြေအောက် သံယံဇာတပေါ် ဖင်ခုထိုင်ပြီး ကမ်းဝေးပင်လယ်ပြင်ထဲက ရေနဲ့နဲ့ သဘာဝဓာတ်ငွေ့တူးဖော်ဖို့အတွက် အနောက်ကမ္ဘာက ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းရှာဖွေကြိုးပမ်းနေတာကို ရက် ၄၀ ကွမ်းလုံတိုက်ပွဲကအစ အမြုတေပြီးသကာလ အမည်တပ်ခေါ်ဝေါ်လို့မရတဲ့ အရှေ့မြောက်ပိုင်း ပြည်တွင်းစစ်တွေနဲ့ မနားစတမ်း အနှောက်အယှက်ပြု ခြိမ်းခြောက်ခဲ့တဲ့ နိုင်ငံတခုက  ….။ ဒီနေ့အချိန်အခါမှာတော့ စီးပွားရေး စစ်ရေး နိုင်ငံရေး ဘက်စုံတရှိန်ထိုးအင်အားကြီးထွားတိုးတက်လာရင်း တောင်တရုတ်ပင်လယ်ပြင်တခုလုံး ဗြောင်ကျကျ လွှမ်းမိုးချုပ်ကိုင်ဖို့ နဂါးမှန်းသိအောင် အမောက်ထောင်နေတဲ့ နိုင်ငံတနိုင်ငံ က သူ့နိုင်ငံသား ၁၅၅ ယောက်အပေါ် အကြီးလေးဆုံး အမြင့်ဆုံးပြစ်ဒဏ်စီရင်ချမှတ်ခြင်းအတွက် အဘယ်သို့ ခွင့်လွှတ်ဖြေ လျော့နိုင်မှာလဲ ….။

တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု အကြပ်အတည်းကြုံရလေလေ အတိုက်အခံပြိုင်ဆိုင်မှု အားကြီးလေလေ …။ ရှေးအစဉ် အဆက်ကတည်းက နိုင်ငံရဲ့ အနောက်တံခါးပေါက်အဖြစ် မဟာဗျူဟာမြောက်အဖြစ် ချမှတ်ထားတဲ့ ဒေသတခုပေါ် ရုပ်လုံးဖော်ပြီးနေတဲ့ ကျောက်ဖြူ ကူမင်း ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုက်ကို အခြေခံ၊ နောက်လာမယ့် ကျောက်ဖြူ ကူမင်းရထား လမ်း ဖြတ်သန်းအခြေချမယ့် နိုင်ငံငယ်တခုက မထီမဲ့မြင် မခန့်လေးစား ပြုမူဆောင်ရွက်မှုတွေကို ဘယ်အကြောင်းအရာကို ထောက်ရှုပြီး မျက်နှာလွှဲခဲပစ်လုပ်နေနိုင်မှာလဲ ….။

ပြစ်ဒဏ်စီရင်ချက် ချပြီးပြီးချင်း တရုတ်နိုင်ငံ သံရုံးနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ချက်ခြင်းလက်တုန့်ပြန် ကြေညာချက်ထုတ်ပြန် ကန့်ကွက်တာဟာ လုပ်ရိုးလုပ်စဉ် သံတမန်ထုံးတမ်းစဉ်လာတခုအနေနဲ့ တွေ့မြင်နိုင်သလို ခြိမ်းခြောက် ကြိမ်းမောင်းသတိပေး သံတွေကလည်း ပဲ့တင်သံ ထပ်ပါလာတာကိုတော့ မငြင်းကွယ်နိုင် မဖျောက်ဖျက်နိုင်။ သံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိပ္ပါယ်နှစ်ခွထွက်နေတဲ့ အရေးအသားထက် ပိုအရေးပါ အရာရောက်တဲ့ တရုတ်ကွန်မြူနစ်ပါတီအာဘော် ဂလိုဘယ်လ် တိုင်းမ်း သတင်းစာရဲ့ အယ်ဒီတာ့မှတ်ချက်က အဆိုပါပြစ်ဒဏ်ချခံရတဲ့ တရုတ်နိုင်ငံသားတို့ဟာ ဥပဒေအထောက်အထားမဲ့ တရားမ၀င် လာရောက်လုပ်ကိုင်နေသူမဟုတ် ဟုသော အဓိပ္ပါယ်ကို ဖော်ညွှန်းလျှက် လာဘ်ပေး လာဘ်ယူအခြေပြုနိမိတ်ပြ စကားလုံးကို အခြေခံရေးသားထားတာကို တွေ့ရပါတယ်။ “ဒေသဆိုင်ရာ အာဏာပိုင်တာဝန်ရှိသူနဲ့ ဗဟိုအစိုးရတာဝန်ရှိသူ တွေအကြား အဆင့်ဆင့် ခွင့်ပြုချက်ရယူရေးမှာ ခက်ခဲရှုပ်ထွေးလှတဲ့အခြေအနေအကြား လှုပ်ရှားရပ်တည်နေသူတွေ” အဖြစ် ဖော်ညွှန်းဆိုထားတဲ့အဓိပ္ပါယ်က ပြစ်ဒဏ်ကျခံနေရတဲ့ သူ့နိုင်ငံသားတွေဟာ သက်ဆိုင်ရာအာဏာပိုင်တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ခွင့်ပြုမိန့်ရယူပြီးသကဲ့သို့အလား၊ တရားဝင်စာရွက်စာတမ်းတွေနဲ့ နေထိုင်လုပ်ကိုင်နေတဲ့အလား၊ အဲဒီလို ထင်ယောင် ထင်မှား၊ ဇဝေဇ၀ါ ထန်းပင်တက်လက်မှတ်မျိုးက အဖိနှိပ်ခံ မြန်မာပြည်သူတွေအတွက် မထောင်သာလှ မထူး ခြားလှ။ အခုအမှုရဲ့ အဖက်ဖက်က အခြားနိုင်ငံသားတွေအတွက်တော့ အငြင်းပွားစရာ ပြန်လှန်မေးခွန်းထုတ်စရာ ခုခံချေပ နိုင်တဲ့အထောက်အလား သက်သေပြချက်တွေပါ။

ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့်ပြည်သူတွေအပေါ်မှာတော့ … မင်းမဟုတ်ရင် အဖေပေါ့ကွာ ဆိုရင်လည်း ဖြစ်တယ် ဖြစ်ခဲ့ပါတယ်။ ဘယ်လို အကြပ်အတည်း အခက်အခဲကြုံကြုံ ဥပဒေကတော့ ဒါပါပဲကွာ ဆိုပြီး ခါးကြားကသေနတ်ကို ညွှန်ပြပြီး ပြောလဲ ရတယ်၊ ရခဲ့ပါတယ်။ အခုအဖြစ်က ကျားရှေ့မှောက်လဲကျတဲ့အဖြစ်လေးမို့ တောင်စောင့်နတ်လည်း မကယ်နိုင် တော စောင့်နတ်လည်း မကူနိုင်။

မမေ့တတ်ဘူးဆိုရင်ဖြင့် ကိုးကန့်တိုက်ပွဲအကြို ဖုန်းကြားရှင်ရဲ့ အင်တာဗျူးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အကြို တခမ်းတနား တဖွဲ့တနွဲ့ ချီးမြှောက်ရေးထားတဲ့ အယ်ဒီတာအာဘော်တွေက မနေ့တနေ့လို ပူပူနွေးနွေး လတ်လတ်ဆပ်ဆပ် မေ့ပျောက်လို့ မရစကောင် ဖျောက်ဖျက်လို့ မရစကောင်းပါပဲ။

ဒီကနေ့ မြန်မာ့သမိုင်းအတွက်သာမက ကမ္ဘာ့ဒီမိုရေးရာသမိုင်းစာမျက်နှာအတွက်ပါ အရေးကြီး အပြောင်းအလဲအဖြစ် ရင်ဆိုင်ကြုံတွေ့ရတော့မယ့်အချိန်အခါမှာမှ ပြည်တွင်းငြိမ်းချမ်းရေးပွဲစဉ်က ဝေ့လည်လည် မပြီးနိုင် မဆုံးနိုင်။ အခြေခံဥပဒေပြင်ဆင်ရေးတိုက်ပွဲကလည်း မရှူသာ မရှိုက်သာ ယဲ့တဲ့တဲ့။ လွတ်လပ်သန့်ရှင်းမျှတမယ့် ရွေးကောက်ပွဲကြီးကလည်း မဲစားရင်း အမှားအယွင်း၊ ပြည်တွင်း ပြည်ပ ရွှေ့ပြောင်း ပြည်သူတွေရဲ့မဲစားရင်း၊ လူမနေ သန်းခေါင်းစာရင်းတွေနဲ့ အမှောက်မှောက် အမှားမှား ဘဲဥအစရှာမရ။ မဲမဲမြင်သမျှ လှုပ်လှုပ်ရှားရှား ကြုံသမျှ အမျိုးဘာသာ သာသနာဆိုင်းဘုတ်ကို ကိုင်ပြီး သောင်စဉ် ရေမရ ပြေးလွှားနေချိန်၊ ကိုယ့်ပါတီအစုအဖွဲ့ ဆက်လက်အာဏာတည်မြဲရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေမယ့်အစား အတိုက်အခံပါတီအပေါ် ရှေ့တလှမ်းပြေး စည်းရုံးရေးဆင်းမယ့်အစား ကိုယ့်ပါတီဝင်အချင်းချင်း စားကွက်လု နေရာလု ထိုင်ခုံလုနေတဲ့ အာဏာရပါတီတွင်းတိုက်ပွဲက မြင်မကောင်း ကြားမကောင်းအဖြစ်တွေ အဖြစ်တွေ ကြုံနေရရုံသာမက ကိုယ့်အုပ်စုနဲ့ကိုယ်၊ ကိုယ့်ဆရာတပည့် အပေါင်းအဖော်အစုနဲ့အတူ ငါသာလျှင် အာဏာရှိတယ်၊ ငါသာလျှင် အမိန့်ပေးနိုင်တယ်၊ ငါသာလျှင် ဆုံးဖြတ်စီရင်နိုင်တယ်ဆိုတဲ့ ငါတကောကောနဲ့ စာကွက်လုရင် အာဏာပါဝါပြိုင်ရင်း မဆင်မခြင် ဇွတ်တရွတ်ဖမ်းလာမိခဲ့တဲ့ ကျားပေါက်လေးရဲ့ ကံကြမ္မာအဆုံးအဖြတ်အတွက် ဂလိုဘယ်လ်တိုင်းမ်း သတင်းစာအယ်ဒီတာအာဘော်ကို စောင့်မျှော်ဖတ်ရှုရင်ခုန်ရမယ့်အဖြစ်မှတပါး ..အခြားမရှိ။

အရာရာမီးမောင်းထိုးပြမယ့် ရွေးကောက်ပွဲကြီးရဲ့အလွန် အနာဂတ်မြန်မာနိုင်ငံအတွက် ဂလိုဘယ်လ်တိုင်းသတင်းစာ အယ်ဒီတာ့ အာဘော်ကို စောင့်မျှော်ဖတ်ရှုနေရုံမှတပါး အခြားမရှိတော့ပါခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သူရဲ့အလိုအတိုင်း မကြာမီလာမည် … မျှော် .. မျှော် ….
  1. သိပ်မြန်တယ်ဆရာ မောင်မောင်လတ် ခင်ဗျား

    တရုပ်သစ်ခိုး ထောင်တသက် – ၈ ရက်နဲ့ သမဒ လွတ်ငြိမ်းချမ်းသာလို့ အားလုံး တရုပ်ပြည်ရောက်သွားကြပြီ။ သအဒ ကို လူတွေစိတ်ဆိုးလွန်းလို့ ..

    တပြည်လုံးရေကြီး ဒုတ်ခရောက်နေတုံး သမဒ နောက်ထပ် ၅ နှစ် ဆက်လုပ်ဖို့ အသင့်ပဲ ရွေးကောက်ပွဲဝင်စရာမလို ဘူ့း.. ကြေငြာလို့ သမဒကို ထပ်ပြီး စိတ်ဆိုးလွန်းကြပြန်တယ်…

    သမဒ လုပ်ဆို လုပ်ပါမယ် လို့ ပြောသူများ သူရရွှေမန်း ဒေါ်အောင်ဆန်းစုကြည် တို့ အပြင် ကာချုပ် ဗိုလ်မင်းအောင်လှိုင် ပါလာပြီ…

    ဒေါသထွက်နေတဲ့ လူထုကို မြန်မာပြည်ရောက်နေတဲ့ ဟောလိဝု မင်းသမီး ဂျုလီ လဲ မတတ်နိုင်ဘူး

    ဆရာပြောသလို မြန်မာအနာဂါတ်ရေး ဂလိုဘယ်တိုင်း
    ဖတ်ကြည့်ရတော့မယ်

    1. ဟုတ်ကဲ့  KO Zaw ခင်ဗျား…….အဲဒီဆောင်း ပါး ရေးလို့  အိပ်ရေး မဝခင်….ကျေးဇူး ရှင် တွေ
      လွတ်မြောက်သွား ခဲ့ တာကို…ကျနော် ဖေ့ ဘုတ်ကနေ တနာရီခြား တပုဒ်နှုန်းတင်ရင်း
      ပြင်းပြင်းထန်ထန် ကန့်  ကွက် ရေးသား နေပါတယ် ခင်ဗျား….၊၊

  2. If you see Elephant Footprints,it is no need to be doubtful what animal it is.When the foul,putrid smell comes out,no doubt,the eaters are not Vegetarians and innocent.When there is Foul Play,it always show or indicate the “WAY” how they involved in it.

    1. ဦးတင်ပါတယ်ဘုန်းဘုန်း….ဂလိုဘယ်တိုင်းမ်း သတင်းစာ ရယ်လို့  အမည် မပြောင်းခင် တရုတ်ကွန်မြူနစ်ပါတီ သတင်းစာမှာပါပါနေကြ….” တွေ့ ဆုံဖို့  အချိန် ပြောရန် စောပါသေးတယ်….”” တွေ့ ဆုံဖို့ အချိန် စဉ်းစားပါ့ မယ် …”
      ” တွေ့ ဆုံနိုင်ပါလီမ့် မယ်….” ဆိုတဲ့  စကား အသုံး အနှုန်း သုံးစွဲတာကအစ မြန်မာသမိုင်း ရဲ့  တကယ့်  အဖြစ် အပျ က် တွေ တချို့ အပေါ် အခြေခံေ၇းသားထားခြင်းဖြစ်ပါတယ်အရှင် ဘုန်းဘုန်း ….ဆောင်း ပါး ဆိုလိုရင်း နဲ့  မကိုက်ညီတဲ့  အခြားခြား သော အဖြစ်အပျက် များ ကို ချိန် လှန် ထား ခဲ့  ပါသေးတယ် ဘုန်းဘုန်းခင် ဗျား…မွှေးကြိုင်တဲ့  အနံ အသက် တခုခု ဟာ ခံစားမိသူရဲ့ စိတ် အလို သတ်မှတ်ချက် တခုလို့  ဘဲ တပည့် တော် ယူဆပါတယ်ဘုရား…..ဒါပေမဲ့  သမိုင်း အဖြစ် အပျက် ဟာ ထပ်တူ ထပ်မျှ မဟုတ်တောင် မှ ဆင်တူယိုးမား..ခပ်ဆင်ဆင် ဘဲမို့  ..ဖတ်ရှူ မိတဲ့  လူ ငယ် တယောက်ယောက် …အတွေးစ တစ အတွက် ရည်ရွှယ် ရေးသား လိုက်ခြင်းပါဘုန်းဘုန်း…..အမှား အယွင်းပါခဲ့ ရင် တပည့် တော်ကို ခွင့် လွတ်ပါဘုရား….။၊

  3. “တရားအားထုတ်”တာတွေများတော့ “အခြားးအမြင်” (အကြားအမြင်မဟုတ်) ရပြီး နောက်ထပ် “သမထ” ဈာန်ဆက်ဝင်စားချင်သွားတာပေါ့။

    1. ခင်မင်ရတဲ့  ကိုကြီး ခင် ဗျား……
      ” တရား အား ထုတ်တာတွေများ တော့  …..” ဆိုတဲ့  စကား ထက် ” ခံရတာများ တော့  ….” နာ ကျင် ခံစားတတ်သွားတယ်ဆိုရင် ပို မှန် ပါလီမ့် မယ်….၊ကျေး ဇူး တင်ပါတယ်ခင် ဗျား….၊၊

      1. ကျွန်တော်ဆိုလိုတာကသမ္မတဆက်လုပ်လိုသူကိုပါ။ ဒါ့ကြောင့် “သမထ”ဈျာန်တို့ “တရားအားထုတ်” တို့ပါသွားတာပါ။

Comments are closed.