မင်းညွန့်လှိုင် – သူ မ ရဲ့ သ င်္ကြ န်
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၅
ချိုတဲ့အိမ်ကို
ပိတောက်တွေဝေအောင်ပန်ပြီး
အတာအိုးလေးထိုးလို့
ဘိုးသိကြားကိုကြိုနေကျ ။
တီဗီမှာ
“သင်္ကြန်မိုး”လာပြီဆို
ကိုငြိမ်းမောင်တို့
ထားတို့ကို
မဆုံနိုင်တဲ့ချစ်သူတို့ကို
ကရုဏာမိုးစွေနေကျ ။
ဟိုဟာမလုပ်ရ
ဒီဟာမလုပ်ရ
လင်နဲ့သားကို
သိကြားမင်းနဲ့ခြိမ်းခြောက်နေကျ ။
ငှက်ကလေးတွေအစာကျွေး
ကြယ်ပွင့်တွေကိုနှုတ်ဆက်
သစ်ရွက်ခြောက်တွေနေရာချ
နေ့စဉ် နေ့စဉ်
မေတ္တာရေစင်သွန်းလောင်းနေကျ ။
ကြော်ငြာမပါ
ပရိုမိုးရှင်းမရှိ
စပွန်ဆာမသိ ။
တိတ်ဆိတ်ဂီတနဲ့
ငြိမ်သက်ပွဲတော်နဲ့
ရိုးရိုးလေးနဲ့သန့်သန့်လေး
အိမ်ရှင်မရဲ့သီးသန့်သင်္ကြန် ။ ။
( ချစ်ဇနီးသို့…)