Yan Naung (Bo Ta Htaung) စာအုပ်စင် ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – စိတ်ကောင်းရှိပြီး ရိုးသားရဲရင့်သူ သူရဦးတင်ဦး၏အတ္ထုပ္ပတ္တိစာအုပ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်) – စိတ်ကောင်းရှိပြီး ရိုးသားရဲရင့်သူ သူရဦးတင်ဦး၏အတ္ထုပ္ပတ္တိစာအုပ် မိတ်ဆက်
သြဂုတ် ၂၀၊ ၂၀၁၄

(မုံရွာအောင်ရှင်၊ မင်းယုဝေ၊ ဦးတင်ဦး၊ မောင်မိုးသူ၊ ဦးဝင်းထိန်၊ ဖိုးစိုင်း(ဂျာနယ်လစ်)

ကာကွယ်ရေးဦးစီးချုပ်ဟောင်း(လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး) ဘဘဦးတင်ဦး၏ အကြောင်း ဖိုးစိုင်း(ဂျာနယ်လစ်) ကရေးသားပြုစုထားသည့် “ပြည်သူချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အောက်လမ်းရှိ ဟုမ်းမီဒီယာ ခန်းမ၌ ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ နေ့လည် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

(မုံရွာအောင်ရှင်)

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာ မုံရွာအောင်ရှင်၊ ဘဘ၏ ငယ်သူငယ်ချင်း စာရေးဆရာမင်းယုဝေ၊ ဘဘ၏ လုပ်ဖော်ကိုင်ဖက် စာရေးဆရာ ဦးမိုးသူ(ဘကြီးမိုး)၊ ဘဘ၏ တပည့်ရင်း ဦးဝင်းထိန်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၊ဘဘအား နိုင်ငံရပ်ခြားမှနေ၍ အင်တာဗျူးးခဲ့သော ဗွီအိုအေ မှ ဆရာရော်နီညိမ်း၊ တို့မှ စာအုပ်နှင့်ပတ်သက်၍ အမှတ်တရ စကားများပြောခဲ့ကြသည်။ထို့နောက် ဘဘဦးတင်ဦးမှ စာအုပ် ရေးသားပြုစုရခြင်းအကြောင်းကို အမှတ်တရပြောကြားခဲ့သည်။ ထို့နောက် စာအုပ်ပြုစုရေးသားသူ ဖိုးစိုင်း(ဂျာနယ်လစ်) မှ စာအုပ်ထုတ်ဝေနိုင်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

(မင်းယုဝေ)

ဘဘ၏ ငယ်သူငယ်ချင်းဖြစ်သူ စာရေးဆရာမင်းယုဝေ မှအမှတ်တရစကားပြောကြားရာတွင် သူ၏ အသက် ၈၆ နှစ်အရွယ် ရှိပြီဖြစ်ကြောင်း၊ ဘဘသည် သူ့ထက် တနှစ်ခွဲကြီးကြောင်း၊သို့သော် အတန်းကတော့ သူက  ၆တန်း၊ဘဘက ၉တန်းဖြစ်၍ သူနှင့် အတန်းကွဲဖြစ်ကြောင်း၊ ပုသိမ်သားများ သည် မြန်မာပြည်တွင် ထင်ရှားသူများထဲမှာပါရှိကြောင်း၊ ကာတွန်းအောင်ရှိန်၊ ကျနော်၊ အကိုကြီးဦးတင်ဦးတို့လို မပါရှိလျှင် ပုသိမ်သမိုင်းမပြည့်စုံကြောင်း၊ ကျနော်လက်သီးလက်မောင်းတန်း၍ ပြောနိုင်သည်မှာ ယခုစာအုပ်မျက်နှာဖုံးမှာ ပါရှိသည့် ဦးတင်ဦး မြင်းစီးနေသည့်ပုံဖြစ်ကြောင်း၊ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးနေသည့်ပုံသာမြင်ဖူးခဲ့သော်လည်း ယခုလို ကာချုပ်မြင်းစီးနေပုံကိုတွေ့ရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အထူးအမှတ်တရ စကားပြောကြားခဲ့သည်။

(ဦးဝင်းထိန်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မှလည်း ဘဘ နှင့် တိုင်းမှူးး ဘဝထဲကပင် လက်တွဲလုပ်ဆောင်ခဲ့ကြောင်း၊ဘဘ ကာချုပ်ဖြစ်သည့်အချိန်တွင်လည်း ရုံးချုပ်တွင် လက်တွဲလုပ်ဆောင်ခဲ့ကြောင်း ၊ဘဘ ရာထူးမှ ချခံရသောအခါတွင်လည်း သူလည်းရာထူးချခံရကာ ထောင်တွင်းသို့ဝင်ရောက်ခဲ့ရကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းသောအခါတွင်လည်း ဘဘနှင့်လက်တွဲ လုပ်ဆောင်ခဲ့ရကြောင်း၊ ဘဝဘဝ ရေစက်များကြောင့် ဘဘနှင့် ငယ်ကတည်းက လုပ်ဆောင်ခဲ့ရသည်မှာ ယခုထက်ထိတိုင်ပင်ဖြစ်ကြောင်း အမှတ်တရစကားပြောကြားခဲ့ပါသည်။

(မောင်မိုးသူ)

စာရေးဆရာ ဘကြီးမိုး (မောင်မိုးသူ) မှလည်း ဘဘနှင့် လက်တွဲ၍ လုပ်ဆောင်ခဲ့ရသော နိုင်ငံရေးသမားဘဝ ကို ဟာသများနှင့် ဖြည့်စွက်၍ ပြောကြားသွားသည်မှာ ပွဲတက်ရောက်သူများအတွက် မှတ်မှတ်သားသား အကြောင်းအရာများဖြစ်ခဲ့ပါသည်။ ဘကြီးမိုးထောင်ကျနေစဉ်အတွင်း ဘကြီးမိုးမိန်းမ ဒေါ်အမာဆုံးသောအခါ ဈာပနသို့ ထောင်ထဲမှနေ၍ လိုက်ပါပို့ဆောင်ခွင့်ရခဲ့သည်။ ထိုဈာပနတွင် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပြန်လည်တွေ့ခွင့်ရခဲ့သည်။ ရေဝေးသုသာန်သို့ ကျနော်ပထမဦးဆုံးရောက်ဖူးခြင်းဖြစ်သည်ဟု ဘကြီးမိုးကပြောသောအခါ ဘဘဦးတင်ဦးက နောက်ဆုံးအခေါက်လည်း ရောက်ဖို့နီးနေပါပြီဟု ပြန်လည်နောက်ပြောင်ခဲ့သည်။

(ဖိုးစိုင်း(ဂျာနယ်လစ်))

ဘဘဦးတင်ဦးမှ ရင်တွင်းမုဒိတာစကားပြောကြားရာတွင် တကယ်တော့ ကျနော့်အကြောင်းကို ထုတ်ပြောရာမှာ တော်တော်ရှက်တတ်ပါတယ်၊ ယခုစာအုပ်ရေးသားပြုစုသူ ဖိုးစိုင်း(ဂျာနယ်လစ်) မတိုင်ခင်  မှာ တက္ကသိုလ်စိန်တင်မှ စာအုပ်ထုတ်မည်ဟု ပြောကြားကာ အင်တာဗျူးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်မထုတ်ဖြစ်ခဲ့ပါ ၊ အခုဖိုးစိုင်းကတော့ ပါးနပ်လိမ္မာစွာဖြင့် နှစ်ပတ်အတွင်း သူပြုစုရေးသားထားသော စာအုပ်ကို လာပြခြင်းဖြင့် သူ့ကြိုးစားမှုကို အသိမှတ်ပြုကာ စာအုပ်အဖြစ်ပုံပေါ်လာခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။

(စိန်မျိုးမြင့်၊ မောင်မိုးသူ၊ ဆောင်းဝင်းလတ်)

ယခုစာအုပ်၏မျက်နှာဖုံးဓာတ်ပုံကို ဦးသန်းမောင်(မြင်းခြံ)မှ ရိုက်ကူး၍ ဆရာမြေလတ်မြတ်သူ( လောကအလင်းဂျာနယ်အယ်ဒီတာချုပ်)မှ ဘဘဦးတင်ဦးအား လှူဒါန်းထားသည့်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။ ဓာတ်ပုံများကို ဘဘဦးတင်ဦး ဖမ်းဆီးခံရသောအခါ မီးရှို့ဖျက်ဆီးခြင်းခံရသဖြင့် အလွန်ပင်ကြိုးစားပမ်းစားရှာဖွေခဲ့ရကြောင်း၊ ယခုစာအုပ်တွင် ပြည့်စုံနိုင်သလောက်ပြည့်စုံအောင် ပြုစုထားသော်လည်း ပြီးပြည့်စုံခြင်းမရှိသော စာအုပ်တစ်အုပ်အဖြစ် ခံစားနေရပါသည်ဟု စာရေးသူ ဖိုးစိုင်း (ဂျာနယ်လစ်) မှ ပြောကြားခဲ့သည်။

ပြည်သူချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး စာအုပ်ကို မဇ္ဈိမစာပေမှ တန်ဖိုး ၃၅၀၀ကျပ်ဖြင့် သြဂုတ်လတွင် စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။ ဘဘဦးတင်ဦး၏ ရှားပါးဓါတ်ပုံကောင်းများစွားကို စုစည်းထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ စာပေချစ်သူများအတွက် စာအုပ်စင်တွင်သိမ်းထားသင့်သည့် စာအုပ်ကောင်းလည်းဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts