မိုးမခကို ပေးတဲ့စာ

အမာရီလို ကိုရုပ်ဆိုး – ရင်လေးနေသော အတွေးများ

ရင်လေးနေသော အတွေးများ
အမာရီလို ကိုရုပ်ဆိုး
ဇွန် ၂၈၊ ၂၀၁၄
 
 

ခုတစ်လော သတင်းတွေ ဖတ်ရတာ ရင်လေးစရာများစွာကိုပဲ  ကြားသိ ဖတ်ရှုနေရတယ်   မြန်မာနိုင်ငံအတွင်း က နိုင်ငံရေး အခင်းအကျင်းက ရင်တွင်းအေးမြဖွယ်မဟုတ်သလို နိုင်ငံရေးသမားတို့ရဲ့ ဘာသာရေးကို လိုသလို ကစားနေခြင်းတွေကလဲ သာသနာနောင်ရေး စိတ်အေးဖွယ် ရာ မဟုတ်ခဲ့….

အုပ်ချုပ်တဲ့ အစိုးရမင်းတွေက မိမိတို့ရဲ့နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာ အခင်းအကျင်းတွေ အောက်မှာ ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေကို နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးချနေသည်လား တော့ မပြောတတ်ပြီ  …

ကြည့်လေ ..တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ကို ကြွေးကြော် ဟစ်အော်နေတဲ့ လူကြီးမင်းများရဲ့  လုပ်ရပ်များဟာ အပြောတစ်ခြား အလုပ်တစ်ခြား ဖြစ်နေလေရဲ့..

ရည်မှန်းရာနဲ့ လျှောက်လှမ်းနေတာတွေကြားမှာ ခြေလှမ်းများက ရည်မှန်းချက်ကို ကျောခိုင်းနေသလိုလို…

ထိုနည်းတူစွာပါပဲ ..ပြည်ပရောက်နေကြသည့် အချို့ချို့သော နိုင်ငံရေးသမားများကလဲ ဒီမိုကရေစီ ရရှိရေး ကြွေးကြော်သံတွေကို ယနေ့အထိ ဟစ်အော်နေကြပေမဲ့  မိမိတို့ ကိုယ်တိုင်ကျတော့ ဒီမိုကရေစီဆိုတာ ကိုယ်တိုင်လိုက်နာကျင့်သုံးစရာ လို့ လက်ခံသေးပုံ မပေါ် သေးပါချေ။

အများနဲ့ အကောင်အထည်ဖေါ် ဆောင်ရွက်ဖွယ်ရာတွေမှာ လူအများစု သဘောတူညီမှု အတိုင်း ဆုံးဖြတ်လိုက်နာ ဆောင်ရွက်ခြင်းဟာလည်း ဒီမိုကရေစီ ကျင့်စဉ်တစ်ခုလို့ ခံယူမိတယ်။

ဒီမိုကရေစီ ကျင့်စဉ်သည် နိုင်ငံရေးမှာမှ  မဟုတ်ပါဘူး  အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ကြရာမှာ လည်း လိုအပ်နေတယ်ဆိုတာ မြန်မာပြည်က လောလောဆယ် ဖြစ်ရပ်များစွာက သက်သေအဖြစ် ပြနေတာကို သူတို့ မစဉ်းစားလေမိသလား ပေါ့။

ကိုယ်နဲ့ အတွေးအမြင် အယူအဆ တွေ မတူတိုင်း ဒီမိုကရေစီလှိုင်းမှာ လိုက်ပါ မစီးဆင်းနိုင်ဘူး ဆိုရင်ဖြင့် သူတို့ခံယူထားတဲ့ ဒီမိုကရေစီ အဓိပ္ပါယ်ကို သိချင်လိုက်ပါရဲ့…

ပြည်ပနိုင်ငံ အသီးသီးက ဒေသအသီးသီးမှာ  ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်နေတဲ့ သူပေါင်း များစွာနဲ့ တွေ့ကြုံ ဆုံခဲ့ရဘူးပေါင်း များပါပြီ  ..အချို့ချို့သော သူုတို့ကတော့ ဝသီအရ ဒီမိုကရေစီ အကြောင်း ပြောနေကြပေမဲ့ မိမိတို့ကိုယ်တိုင် အာဏာရှင်ဆန်နေတယ် ခရိုနီနိုင်ငံရေးသမားများ သဖွယ် ဖြစ်နေကြတယ်ဆိုတာမေ့နေကြပုံပေါ်တယ်။

ပြည်တွင်းက သန်းခြောက်ဆယ်ကျော်သော ပြည်သူများအရေး စိတ်မအေးကြဘူးဆိုသူများဟာ မိမိရောက်ရာ နယ်ပယ်ဒေသ အတွင်းရှိတဲ့ မြန်မာနွယ်ဖွား အားလုံးရဲ့ ဘာသာရေး လူမှုရေးတွေဆောင်ရွက်ဖွယ်ရာတွေမှာတော့ စိတ်အေးနေပုံ ရပါတယ် မိမိတို့နဲ့ ဘာမှ မဆိုင်သလို နေရက်ကြတာကို အများကြီးတွေ့မြင် ကြားသိခဲ့ရပါတယ်။

စုပေါင်းဆောင်ရွက်ဖြစ်ကြပြန်တော့လဲ ကိုယ်ပြောတာအမှန် ကိုယ်ကြံတာ အဟုတ် ကိုယ်လုပ်မှ အကောင်း  ထင်စိတ်တွေကြောင့်  ကောင်းကျိုးထက် ဆိုကျိုးတွေ များနေကြရပြန်ပါတယ်။ မင်းသားမလုပ်ရ အတူတူ … ပတ်မ ထိုးဖောက်လိုသူ များစွာကြောင့် အခက်တွေ ပွေရပြန်တာပေါ့။

တစ်စည်းတစ်လုံးတည်း ပူးပေါင်းဆောင်ရွက်သင့်ရာတွေမှာ မိမိသဘောဆန္ဒနဲ့ မတိုက်ဆိုင်တိုင်း နည်းစပ်ရာလူ ဆွဲယူပြီးညအသင်း အဖွဲ့တွေထပ်ခွဲ  တည်ထောင်နေကြတော့ နယ်ပယ်ဒေသရဲ့ စည်လုံးမှု အားတွေဟာ အသင်းအဖွဲ့ များစွာ ကွဲပြားမှု ကြားမှာ လုံးပါးပါး ပါးနေရပြန်ပါတယ်။

အထူးအားဖြင့် တိုင်းခြား မြေခြား လူမျိုး ဘာသာခြားများကြားမှာ နိုင်ငံရေးသမားတွ စုပေါင်း တည်ထောင်ထားတဲ့ ဘုန်းတော်ကြီးကျောင်းများ ဟာ  အသင်းအဖွဲ့ကွဲပြားမှုများအောက်မှာ အလူးအလဲ ဒဏ်တွေ ခံနေရတယ်ဆိုရင် မှားမယ် မထင်ပါဘူး ..။

တကယ် သာသနာ အတွက် သဒ္ဓါဖြစ်ပြီး အမျိုး ဘာသာ သာသနာအကျိုးဆောင်ဖို့ တည်ထောင်ထားတဲ့ ကျောင်းတွေမှာတော့ ဘာအခက်ခဲမှ တွေ့သံ မကြားမိပါဘူး။

အသင်း နဲ့ ကျောင်းတွေ တည်ထောင်ပြီး ကိုယ်သိ ကိုယ်တတ် ကိုယ်သာမြတ်ပြီး ကိုယ့်လုပ်ရပ်မှ အကောင်းထင်လျက် ကိုယ်မှတစ်ပါး  ဗိုလ်မထားချင်ဘူးဆိုရင်ဖြင့်လဲ ရင်လေးစရာပါ။

ထိုနည်းတူပါပဲ ကိုယ်နဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေမှုကို အကြောင်းပြုပြီး ပေါင်းစု လုပ်သင့်တာတွေမှာ ပူးပေါင်းပါဝင်ခြင်းလည်း မရှိ၊ ကူညီအကျိုးဆောင်ခြင်းလဲ မရှိ ကိုယ်တိုင်လဲ မဦးဆောင်နိုင် သူများဦးဆောင်တော့လဲ မကြိုက် …စသည် စသည် သူ့ကြောင့် ငါ့ကြောင့် စိုးနှောင့်ပူဗျာ ဖြစ်စေတာတွေဟာလည်း ရင်လေးစရာတွေပါပဲ။

အဆိုးဆုံးကတော့ ကိုယ်က တစ်စုံတစ်ရာ ပူးပေါင်းဆောင်ရွက်ထားတာ ဘာတစ်ခုမှ မရှိပါပဲ ဘေးထိုင် ဘုပြော အဖျက်သဘောတွေနဲ့ စောကြောဝေဘန်တတ်သူတွေအရေး ရင်လေးမိတာပါ။

ညှိုနှိုင်းတိုင်ပင်ဆွေးနွေးပွဲတွေမှာ တက်ရောက်ပြီး ပွင့်လင်းဖေါ်ရွေစွာ ပြောဆို ညှိုနှိုင်း တိုင်ပင်သင့်ကြပေမဲ့ တစ်ဆင့်ကြား စကားများနဲ့ မိမိတို့အထင်များကို လူအများ ယုံမှား သံသယ ဖြစ်အောင် ပြောဆိုနေကြတာဟာ တကယ့်ကို ကြောက်စရာပါပဲ။

အချုပ်အားဖြင့်  ခုရော နောင်ခါ သံသရာအရေး  စိတ်အေးရဖို့ ဘာသာ သာသနာအရေး ဆောင်ရွက်ကြတဲ့အခါ နိုင်ငံရေး အတွေးတွေ ဘေးဖယ်ထားသင့်တယ်လို့ ခံယူမိပါတယ်။

ဒီလိုမဟုတ် မိမိတို့ ဖြတ်သန်းလာခဲ့တဲ့ လမ်းဟောင်းက လမ်းစဉ်အတိုင်း အရာရာ မှာ ပြစ်တင် ဝေဘန်ပြီး  အမျိုး ဘာသာ သာသနာရေး ဆောင်ရွက်နေသူတွေကြား ဗျာများအောင် သင်းကွဲစကားများ ပြေားနေကြမည့် အစား စည်းလုံးညီညွတ်ရေး စကားများ ပြောကြရင် ဘယ်လောက် ကောင်းလိုက်မလဲ လို့  တွေးနေရင်း  ရင်ထဲလေးနေတဲ့ အတွေးလေးများကို ချရေးမိလိုက်ပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အမာရီလို ကိုရုပ်ဆိုး – ရင်လေးနေသော အတွေးများ

Comments are closed.