သတင်းပဒေသာ

ဟန်သစ်နိုင် – ၂၀၀၈ ဖွဲ့စည်းပုံသည် ပူပြင်းတဲ့ရာသီဥတုထက်ဆိုးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

၂၀၀၈ ဖွဲ့စည်းပုံသည် ပူပြင်းတဲ့ရာသီဥတုထက်ဆိုးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 ဟန်သစ်နိုင်
မေ ၁၂၊ ၂၀၁၄


(ဓာတ်ပုံများ – ဟန်သစ်နိုင်)

နိုင်ငံနှင့်လူထုအတွက် မသင့်တော်သည့် အခြေခံဥပဒေအောက်တွင် နေထိုင်ရခြင်းသည် ပူပြင်းသည့် ရာသီဥတုအောက်တွင် နေထိုင်ရခြင်းထက် ပိုမို ဆိုးရွားသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့နံနက်ပိုင်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လူထု ဟောပြောပွဲတွင် ပြောကြားလိုက်သည်။

“မှန်ကန်တဲ့ ဥပဒေ အရိပ်အာဝါသ မရှိရင် ထပ်ထပ်ပြီးတော့ တစ်နှစ် မဟုတ်ဘူး၊  ဆယ်နှစ် မဟုတ်ဘူး၊ ဆယ်သက် ပင်ပန်းရပါလိမ့်မယ်၊
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းနိုင်တယ်ဆိုရင်တော့ ပြည်သူလူထုဟာ တကယ်ပဲ စစ်မှန်တဲ့  ဒီမိုကရေစီဥပဒေအောက်မှာ လုံလုံခြုံခြုံနဲ့နေသွားနိုင်မယ်”
ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် ပြည်သူ့အင်အားသည်အရေးကြီးသည့်အတွက် ပြည်သူများကိုရှင်းပြပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊
အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းစံထားနှင့်မကိုက်ညီသည့်အတွက်   တန်းတူညီမျှမှုမရှိကြောင်း၊
တိုင်းရင်းသားမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတစ်ခုမှာ ညီညွှတ်မှု၊ အေးချမ်းမှုဖြစ်စေလိုလျှင် တန်းတူညီမျှမှုသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီမိုကရေစီအစိုးရတစ်ခုနှင့် အာဏာရှင်အစိုးရ တစ်ခုကြားထဲတွင် အကြီးမားဆုံး ကွာဟချက်မှာ ဒီမိုကရေစီအစိုးရသည် တာဝန်ယူမှုရှိပြီး၊
အာဏာရှင်အစိုးရသည် တာဝန်ယူမှုမရှိဘဲ လုပ်ချင်တာ လုပ်တတ်ကြောင်း၊
နိုင်ငံတစ်ခုတွင် အစိုးရတစ်ခုသည် တာဝန်ယူမှု တာဝန်သိတတ်မှုသည် အရေးကြီးသလို ပြည်သူများသည်လည်း  ကိုယ့်တာဝန်ကိုယ်သိတတ်မှ ကိုယ်လိုချင်သောနိုင်ငံတစ်ခုကိုထူထောင်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့် ပုဒ်မများကို ဘာ့ကြောင့်  ဘယ်လိုပြင်ဆင်လိုသည် ဟူသော အသေးစိတ် အချက်အလက်များကို ပြည်သူများပွင့်လင်းမြင်သာမှုရှိစေရန် NLD  က စာအုပ်များထုတ်ဝေထားသဖြင့် လေ့လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ ဒေသတွင်း မြို့နယ်အများအပြားမှ ပြည်သူများ၊ NLD ပါတီဝင်များ စုစုပေါင်း ငါးသောင်းဝန်းကျင် တက်ရောက်ခဲ့ကြပြီး
၂၀၀၈   အခြေခံဥပဒေပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန်ကိစ္စနှင့် ပတ်သက်၍
တက်ရောက်လာသူများကို ဆန္ဒကောက်ယူရာတွက် ၉၉ရာခိုင်နှုန်းနီးပါးက ပြင်ဆင်ရန် သဘောထားပေးခဲ့သည်။

တက်ရောက်လာသူများ မေးမြန်းသည့် မေးခွန်းတချို့ကို  ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးခဲ့သည်။

ဟောပြောပွဲတွင် NLD ၏ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သော ဦးဝင်းမြင့်၊   ဦးအောင်ကြည်ညွှန်တို့ကလည်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts