ကဗျာ ကမာပုလဲ

ဗင်ဂိုး၏ နွေဦးနံနက်ခင်း

ကမာပုလဲ
မတ်လ ၁၊ ၂၀၁၃
ဒီနံနက်ခင်းဟာ လှနေတယ်
နွေဦးရဲ့ နံနက်ခင်း ဖြစ်ခွင့်ရနေတာလည်း ပါမှာပေါ့ …
ဒီနံနက်ခင်းဟာ လှနေတယ် …။
စိမ်းစိမ်းနုနု သစ်ပင်တွေ
ရိုးရိုးရှင်းရှင်း ဘ၀ အဘိဓမ္မာတွေ
ကြားနေကျ ဥသြငှက်ကလေးရဲ့
လွမ်းဘွဲ့တေးမှာ
မစ္စတာ ဗင်ဂိုး
ခင်ဗျားကြီးကို သတိရနေမိတယ် …။
မြေကြီးပေါ်မှာ … လူသားတွေ
အဆောက်အဦတွေ …
သစ်ပင်တွေ …
အားလုံးဟာ တသွေးတည်း တသားတည်း
တဆက်တစပ်တည်း … လားရာတူ … အနာဂတ်တူ
အဲဒီ အဖြစ်နဲ့ အချစ်ကို
ခင်ဗျား ပန်းချီကားတွေထဲ ထည့်ဆွဲနိုင်ခဲ့တယ် …။
“လူဟာ စွမ်းသမျှလုပ် … လိုအပ်သမျှသာယူ ”
ခင်ဗျား ယုံကြည်ခဲ့တဲ့ ဘ၀အဘိဓမ္မာ
တကယ်က ခင်ဗျားဟာ
ဘ၀မှာ ဘာတခုမျှ ယူမသွားရှာဘဲ
ခင်ဗျားပေးနိုင်တာတွေအားလုံးကို တခုမကျန်ပေးခဲ့သူ …။
ဒါဟာ … နွေဦးရဲ့ နံနက်ခင်း
ဒီနံနက်ခင်းဟာ ဗင်ဂိုးပဲ
ပန်းချီဟာ ဗင်ဂိုးအတွက် မဟုတ်ခဲ့ဘူး
ဗင်ဂိုးဟာ ပန်းချီအတွက် ဖြစ်ခဲ့တယ် …။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts