မိုးမခကို ပေးတဲ့စာ

ပြည်သူတွေအကြားက သတင်း၊ ဖတ်စရာနဲ့ ပေးစာများ

မိုးမခထံ ပေးစာများ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၃


ညောင်တုန်းမြို့တွင် တရားဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီး
နေလ (ဟင်္သာတ) ဇန်န၀ါရီ ၂၆၊ ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကတုက္ကမကျေးရွာ နှင့် ငှက်ပျောကျွန်းကျေးရွာရှိ ရေလုပ်သားများအား (၁၇-၁-၂၀၁၃)နေ့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုနှင့် ပါတ်သက်၍ တရားဥပဒေကို ချိုးဖောက်သည် ဟု ဆိုကာ ညောင်တုန်းမြို့နယ် ရဲစခန်းမှ ပ/၂၄/၂၀၁၃၊ ပုဒ်မ (၁၉) ဖြင့် ယမန်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

ငှက်ပျောကျွန်းကျေးရွာမှ (၃)ဦး၊ ကတုက္ကမကျေးရွာမှ (၃)ဦး၊ ပေါင်း (၆)ဦးအား ဖမ်းဆီးထားခြင်းဖြစ်သည်။

“စီတန်းလှည့်လည်ခွင့် တင်ထားတဲ့နေရာမှာ လမ်းကြောင်းလွဲလို့တဲ့၊ ဆန္ဒပြရာမှာ ဆိုင်းပုဒ်ပိုစတာ ပါလို့ ဆိုပြီး ဖမ်းထားတာ ဗျ”

ဟု ရွာသားတစ်ဦးက ဖုန်းဖြင့် ဖြေကြားပါသည်။

ဇန်နဝါရီလ(၁၁)ရက်နေ့က ဆန္ဒထုတ်ဖော်ခွင့်အား ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲမှူးထံ လျှောက်ထားခဲ့ရာ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် တရားဝင် ခွင့်ပြုမိန့် ရရှိသဖြင့် ဇန်န၀ါရီ (၁၇)ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမှုလုပ်ပြီး ဦးဆောင်ဖမ်းဆီးသူမှာ ထိုမြို့နယ်က ဒုရဲအုပ်တင်မောင်ရွှေ၊ ဖုန်းနံပါတ် – ၀၉၄၂၂၄၆၁၄၆၄ ဖြစ်ပါသည်။

ဆေးထိုးမှားသောကလေးငယ်အတွက် ဆရာဝန်က တာဝန်ယူရန် ငြင်းဆို

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်၊ ပဲခူးတိုင်းဒေသကြီး၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၃

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ထိန်တောတိုက်နယ် ရေသပြာရွာမှ အဘဦးမြင့်စိုး၏  ကလေး (ရက် ၄၀  သားလေး)အား ထိန်တောတိုက်နယ်ဆေးရုံသို့ ရင်ကြပ်ရောဂါကြောင့် တက်ရောက်ကုသရာ ၄ ရက်မြောက်သောနေ့တွင် ဒေါက်တာစိုးမင်းထွေးမှ ဆေးထိုးပေးရန် သူနာပြု
ဆရာမအား ညွှန်ကြားပါသည်။ ခြေထောက်ကို ဆေးထိုးသောအခါ ၄င်း နေရာလွဲနေသည်ဟု မိခင်ဒေါ်အေးလေးမှ ပြောပြသော်လည်း ဘာမှပြန်မပြောဘဲ ဆက်ပြီး ဆေးထိုးသွင်းခဲ့သောကြောင့် ခြေထောက်မှာသပြေသီးမှည့်တွေလိုဖြစ်လာပါသည်။

ဒေါက်တာစိုးမင်းထွေးအားပြသောအခါ  “ဖြစ်တတ်ပါတယ် ဆေး ၅ ရက်စာ ယူသွားပါ …” ဟုပြောပြီး ပြန်လွှတ်ခဲ့ပါသည်။ ကလေးခြေထောက်မှာ တနေ့ထက်တနေ့ ပိုဆိုးလာနေသောကြောင့် ဟင်္သာဆေးရုံ တက်ရောက်ကုသ နေရပါသည်။

ထိုအကြောင်းကို ဆရာဝန်အား ပြောပြသောအခါ ဒေါက်တာစိုးမင်းထွေးမှ  ကျပ်တစ်သိန်း ပေးပါမည် ဟု ပြောခဲ့ပါသည်။ နောက်နေ့ သွားသောအခါ  ဖခင်ဖြစ်သူ မောင်မြင့်စိုးအား “မင်း ဘာလာလုပ်တာလဲ …” ဟု မောင်းထုတ်ခဲ့ပါသည်။

သို့ပါသောကြောင့် ဒေါက်တာစိုးမင်းထွန်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ခေါ်ယူ စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။


ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းက လောင်းကစားနှင့် မတရားစီးပွားလုပ်နေသူ အုပ်ချုပ်ရေးမှုးနှင့် အပေါင်းအပါများကို အရေးယူပေးပါ

ငါးသိုင်းချောင်းသားများ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၃

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အတွင်း ဇန်န၀ါရီ ၂၊  ၂၀၁၃ နှင့် ၁၉့ ရက်များတွင် ရှေ့ဆောင်ရပ်ကွက် စာရေး ဦးရဲဝင်း နှင့် အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေတို့သည် ရပ်ကွက်အစွန် ဇီးကုန်း ဦးအေးကြူခြံထဲနှင့် ကျွန်းဦး ဦးသန်းစိုး ခြံထဲတို့တွင် ကြက်ဝိုင်း (၉) ကြိမ် ပြုလုပ်ကြရာ လောင်းကြေး ၅သောင်း မှ ၁သိန်းထိ ရှိခဲ့ပြီး ကျောင်းသားများပါဝင်နေကြသည့်အတွက် မိဘများက သားသမီးများ ၄င်းကိစ္စအပေါ် စိတ်ဝင်စားကြပြီးကလေးများပညာရေးထိခိုက်မည်ကို ပူပန်နေကြရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိဌာန၊ တာဝန်ရှိသူများက စစ်ဆေးအရေးယူပေးနိုင်ပါရန် အင်တာနက်ကတဆင့် တင်ပြ တိုင်ကြားလိုက်ရပါသည်။

တိုင်ကြားသူများလက်မှတ်ထိုးဇယားပူးတွဲတိုင်ကြားအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts