ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၁၃၊ ၂၀၁၂
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နေ့တိုင်း နာရေးကူညီမှုပေါင်း (၄၅)မှ(၅၀)ဦးခန့် ပျမ်းမျှအခမဲ့သဂြိုလ်ပေးနေရသလို သုခကုသိုလ်ဖြစ်ဆေးခန်းတွင်လည်း ရောဂါဝေဒနာသည် ကျန်းမာရေး ချို့တဲ့သူ လူဦးရေ(၂၀၀)ကျော်ခန့်တို့ကို အခမဲ့ဆေးဝါး ကုသပေးလျှက်ရှိရာ ၈.၁၁.၂ဝ၁၂ ရက်နေ့ နံနက် (၇း၃ဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိ အမှတ် (၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လူနာတင်ယာဉ် အကူအညီ တောင်းခံရန် အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့သည်။ ၄င်းအမျိုးသားဖြစ်သူ ဦးသူရကို၏ အစ်ကိုတော်စပ်သူ ဦးကျော်ကျော်ထွန်းအား သင်္ဃန်းကျွန်းမြို့နယ်နေအိမ်မှ မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ရန် လူနာတင်ယာဉ် အကူအညီ တောင်းခံခြင်းဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ဦးကျော်ကျော်ထွန်းအား ဆေးရုံသို့ ကူညီပို့ဆောင်နိုင်ရန် နာရေးကူညီမှု အသင်း (ရန်ကုန်)မှ သင်္ဃန်းကျွန်းမြို့နယ် နေအိမ်သို့ ထွက်ခွာခဲ့ကြသည်။ လူနာဖြစ်သူ ဦးကျော်ကျော်ထွန်း ၏နေအိမ်သည် အထပ်မြင့် (၆) လွှာတွင်နေထိုင်ပြီး ခါးရိုးတန်းမကြီး ခွဲစိတ်မှု ခံယူထားရသူဖြစ်သည်။ အိပ်ယာထပ်တွင် လှဲလျောင်းနေရသည်မှာ (၇) လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ဦးကျော်ကျော် ထွန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ သွားရောက်ကူညီခဲ့သည်မှာ ယခုတစ်ကြိမ်သည် (၅) ကြိမ် ကူညီပေးခြင်းဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် လူနာအားခက်ခဲစွာ အထပ်မြင့်မှ သယ်ချခဲ့ရပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံမှတဖန် နေအိမ်သို့ ပြန်လည်၍ ပို့ဆောင် ပေးခဲ့ကြသည်။ ထိုသို့ ခက်ခက်ခဲခဲ ကူညီပြီးချိန်တွင် လူနာ၏ညီဖြစ်သူ ဦးသူရကို၏ မိခင်နှင့် ညီအစ်ကို မောင်နှမများမှ ကျေးဇူးတင်ရှိပါကြောင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူနာတင်ယာဉ်အကြိမ် ကြိမ် အကူအညီတောင်းခံရခြင်းအား အားနာ၍ ပြင်ပပုဂ္ဂလိကဆေးခန်းများမှ လူနာတင်ယာဉ်ခေါ်ယူခဲ့ရာ (၆) လွှာမှ လူနာအားသယ်ယူချရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအားနည်းခြင်း အဆင်မပြေမှုများ ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ယခုကဲ့သို့ ထပ်မံအကူအညီ တောင်းခံရခြင်းဖြစ်ကြောင်း ရှင်းပြ ခဲ့ကြပါသည်။
ထို့အပြင် ၉.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည်တွင်လည်း ပုလဲမြို့နယ်မှ အမျိုးသမီးတဦး၏ အကူအညီ တောင်းခံမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သားများသည် လူနာ၏နေအိမ် ၂၃ လမ်း၊ ရွှေနံ့သာ စံပြ ရပ်ကွက်၊ ပုလဲမြို့သစ်သို့ သွားရောက်၍ ကူညီပေးခဲ့ကြသည်။ လူနာဖြစ်သူ ဦးနန်းနွယ် အသက် (၆၄) နှစ် ဖြစ်ပြီး အရိုး TB ဝေဒနာဖြင့် အိပ်ယာတွင် (၄) လခန့်လဲလျောင်းလျက်ရှိကာ ဆွေမျိုးမိသားစုများ မရှိသည့် အတွက် တစ်ဦးတည်း နေထိုင်သူဖြစ်သည်။ ဦးနန်းနွယ်အား အကူအညီပေးနိုင်ရန် အနီးပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦး၏ ကူညီဆက်သွယ်ပေးမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် နေအိမ်မှ ကြည့်မြင်တိုင်အရိုးဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။ ဦးနန်းနွယ်မှ ယခုကဲ့သို့ အကူအညီ ပေးသည့်အတွက် ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အဖွဲ့သားများကို ကျေးဇူးတင်ရှိပါ ကြောင်း နောင်တွင်လည်း ဆထက်တဘိုး တိုးတက်ကူညီနိုင်ကြပါစေကြောင်း ဆုတောင်းစကားဆိုခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ လူမှုဒုက္ခများထဲ၌ ကျင်လည်နေကြ ရသူတို့အတွက် ဆက်လက်ကူညီ ကွက်လပ်ဖြည့်နေရဦးမည် ဖြစ်ရာဝေဒနာရှင် မိဘပြည်သူအပေါင်းတို့ သည်လည်း ဆေးရုံ၊ ဆေးခန်းများသို့ သွားလာရန်မတတ်နိုင်သည့် မိမိတို့၏ ခံစားနေရသော ဝေဒနာဆိုး များအတွက် လည်းကောင်း၊ ယခုကဲ့သို့သော လမ်းလျှောက်ဖို့နေနေသာသာ မိမိတို့ လဲလျောင်းနေရသော နေရာအခင်းအကျင်းမှ မတ်တပ်ပင်မထနိုင်သော ဝေဒနာရှင်များအနေဖြင့် မိမိတို့၏ ဝေဒနာဆိုးများအား ကြိတ်မှိတ်ခံစားခြင်း၊ ပေ၍ ခံစားခြင်းများပြုလုပ်ကာ မိမိတို့ သေဆုံးမည့်နေ့ရက်ကို မစောင့်ဆိုင်းကြဘဲ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း မှတဆင့် အကူအညီတောင်းခံကာ ဆေးဝါး ကုသခြင်း၊ လူနာတင်ယာဉ်တောင်းဆိုခြင်းတို့အား ပြုလုပ်ကြပါက မိမိတို့၏ ကြုံတွေ့ခံစား နေရသော ရောဂါဝေဒနာများ ပျောက်ကင်းမှုကိုရရှိစေမည်ဖြစ်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လည်း အဓိကရည်ရွယ်ချက်ဖြစ်သော “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ကုသိုလ် ကောင်းမှုကြီးတစ်ရပ်ကို စွမ်းဆောင်၊ ဖေးမ၊ ကူညီ၊ ပေဆပ်ခြင်း တည်းဟူသော မွန်မြတ်သော လူသားချင်း စာနာထောက်ထားမှု တစ်ရပ်ကို လုပ်ဆောင်ပေးရာရောက်တော့မည်ဖြစ်ပေတော့သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
နာရေးကူညီမှူ အသင်းကို အားနာလို့  တခြားပုဂ္ဂလိက ကားကို ငှါးရမ်းပြီးဆေးရုံသွားတယ်ဆိုတော့- စဉ်းစားပုံ စဉ်းစားနည်း- နဲနဲ လိုနေတယ်လို့ ထင်ပါတယ်။ တခြားပုဂ္ဂလိက ကားကို ငှားလို့ ကုန်ကျ စရိတ်ကို နာရေးကူညီမှူ အသင်းကို လှူလိုက်လျှင် ကိုယ်လို မတတ်နိုင်သူတွေ အတွက် အသုံးဝင်ပါလိမ့်မယ်။
A very good idea. I always donate money to U Kyaw Thu group every year and on special occasions.
Oo Thaw