ကဗျာ

ဘယ်မှာလည်း မေတ္တာတရား (အမေစုအတွက်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးသီချင်း)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်ထက် (ပျဉ်းမနား)
စက်တင်ဘာ ၁၇၊ ၂၀၁၂

ကမ္ဘာကြီးက
ဘာများမှားနေလည်းမသိဘူး
အမေရေ …
လူတွေများ
နေနေကြတာက
မိဘမဲ့တွေလိုပါပဲလား……။

ကျွန်တော်ထင်တာတော့
တစ်ကမ္ဘာလုံးက
သရုပ်ပြဇာတ်လမ်းတွေကို
စွဲလမ်းနေပေါ့ …

စိတ်သောကဖြစ်စေမယ့်
အရာတွေကိုသာ
တမ်းတနေကြပေါ့ …

တိုင်းတစ်ပါးမြေမှာတော့
အင်းလေ ကျွန်တော်တို့
အဖျက်သမားတွေကို
တားဆီးဖို့ ကြိုးစားနေကြတယ်ပေါ့ …

ဒါပေမယ့်လို့
ကျွန်တော်တို့တိုင်းပြည်မှာ
အဖျက်သမားတွေဆိုတာက
ရှိနှင့်ကြပြီးသား …

ထောက်လှမ်းရေးအဖွဲ့ကြီး
ဘလတ်ဒ်စ်နဲ့ ခရစ်ပ်စ်နှင့်
ကေသုံးလုံးအဖွဲ့များ …။

ဒါပေမယ့်လို့
ခင်ဗျားတို့
ကိုယ့်လူမျိုးကိုယ်
တစ်ခုတည်းကိုသာ
မေတ္တာထားနိုင်ရင်ပေါ့ …

အဲဒီလိုသာဆိုရင်တော့
ခင်ဗျားတို့ဆီမှာ
ခွဲခြားကာ ဘက်လိုက်ဖို့
နေရာလပ်တွေကို
ချန်ထားတာပဲ ….

ခွဲခြားဘက်လိုက်မှုတွေဟာ
အမုန်းတရားတွေကိုသာပဲ
မွေးဖွားလာစေတယ် …
ခင်ဗျားတို့ဟာ
မုန်းတီးတဲ့အခါမှာ
မခံချင်တဲ့စိတ်
ဒေါသစိတ်တွေသာ
ဖြစ်စေမယ် …

အဲ့ဒီလို
ခင်ဗျားရဲ့ လုပ်ရပ်တွေ
ဖော်ပြနေပုံက
ရူးသွပ်မျှမျှသာဖြစ်တယ် …

အဲဒီလိုသာ
ဒေါသစိတ်ဟာ
အလုပ်လုပ်တာ
ထိန်းချုပ်တာပေါ့ …

ဟေ့လူများ
ခင်ဗျားတို့
အမှားတွေ
ပြင်သွားချင်ရင်တော့
မေတ္တာတရား
ထားကြမှဖြစ်မယ် ….

စိတ်ရိုင်းတွေကိုအုပ်
ထိန်းချုပ်ထားပြီး
ဘာဝနာတရားကိုသာ
ရှုမှတ်နေလိုက်ကြပါလား …

ခင်ဗျားတို့အားလုံး
မေတ္တာတရားကို
ရှေ့ရှုတဲ့စိတ်များ
မွေးလိုက်ကြပါလား …။

လူတွေသတ်ကြ
လူတွေသေနေကြ
ကလေးတွေနာကျင်နေကြ
သူတို့ငိုသံတွေ ကြားနေရ …

ခင်ဗျားတို့ကိုယ်တိုင်ရော
ကိုယ်ပြောသလို လုပ်နိုင်ကြတာလား
ခန္တီတရားကိုသာ
မွေးထားကြမှာလား …။

အရှင်ဘုရား
မြတ်စွာဘုရား
တပည့်တော်တို့ကိုသနား
လမ်းပြပေးတော်မူပါဘုရား….

ဘာဖြစ်နေလည်းဆိုတော့လေ၊
လူတွေက တပည့်တော်ကို
မေးခွန်းထုတ်အောင် လုပ်နေကြပါလား၊
“ဘယ်မှာလဲ မေတ္တာတရား …”

“ဘယ်မှာလဲ မေတ္တာတရား …
ဘယ်မှာလဲမေတ္တာတရား …
ဘယ်မှာလည်း မေတ္တာတရား …”

အရာရာပြောင်းလဲနေပုံတွေက
တမျိုးတစ်ဖုံစီပဲ၊
နေ့သစ်တွေကလည်း
တမျိုးကြီးပဲ၊
ကမ္ဘာကြီးကလည်း
ရူးသွပ်နေသလိုပဲ……။

မေတ္တာတရားနဲ့
ငြိမ်းချမ်းရေးသာ
အားကောင်းလှတယ်ဆိုပါရင်လည်း
ဘာလို့
မေတ္တာရေစင်တွေ
မပက်ဖျန်းနိုင်ကြတာလဲ ….

ဗုံးကြဲချနေတဲ့
တိုင်းပြည်တွေ
ကလေးတွေရဲ့
အဆုတ်တွေထဲကို
အဆိပ်ဓာတ်ငွေ့သွင်းနေကြတာတွေ၊
ခရီးဆက်နေတဲ့
ဒုက္ခပင်လယ်ကြီးနဲ့ အတူတကွ
သေကြေကြတဲ့
အဲ့ဒီကလေးငယ်လေးတွေ။

ဒီတော့ ခင်ဗျားတို့
ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ပါလား
“မေတ္တာတရား ခေါင်းပါးကုန်ကြပြီလား …”
ဒီတော့ ကျွန်တော်လည်း
ကိုယ့်ကိုယ်ကိုမေးမယ်၊
“တကယ်ကို ဘာတွေများ မှားကုန်ကြတာလဲ … ”

ကျွန်တော်တို့
မှီတင်းလို့နေထိုင်ကြတဲ့
ကမ္ဘာကြီးက ….
လူသားတွေက
အဓမ္မ
မတရားသမျှ
အနိုင်ယူတာ ခံကြ …
အမှားတွေဆက်လုပ်
ဆုံးဖြတ်ချက်များ
အမြတ်အစွန်းများသာ
မျှော်လို့ထား၊
တစ်ယောက်နဲ့ တစ်ယောက်များ
မလေးစားကြ ….
ညီအစ်ကိုလို
ကြင်နာမှုဆိုတာတွေ
ပျောက်လို့နေပေါ့ ….
စစ်ပွဲတစ်ခုက ဖြစ်နေဆဲ၊
ဒါပေမယ့်လည်း
အကြောင်းရင်းက ပျောက်နေဆဲ
အမှန်တရားကို
လျှို့ဝှက်လို့ထားကာ
ကော်ဇောအောက်မှာ
ဖွက်လို့သာထား …
ခင်ဗျား
အမှန်တရားကိုမသိရင်
ခင်ဗျား
မေတ္တာတရားကို
ဘယ်လိုမှ
မသိကို မသိနိုင်တော့ဘူး …။

“ဘယ်မှာလည်း မေတ္တာတရား”
ခင်ဗျားတို့အားလုံးပြော၊
ကျွန်တော်တော့ မသိတော့ဘူး။
“ဘယ်မှာလည်း မေတ္တာတရား”
ခင်ဗျားတို့အားလုံးပြော၊
ကျွန်တော်တော့ မသိတော့ဘေူး။
“ဘယ်မှာလည်း မေတ္တာတရား”
ခင်ဗျားတို့အားလုံးပြော၊
ကျွန်တော်တော့ မသိတော့ဘူး …။

ကမ္ဘာကြီးရဲ့ဝန်ထုပ်တွေ
ကျွန်တော့်ပခုံးတွေပေါ်မှာ
ခံစားနေလို့ရတယ် …
ကျွန်တော် အသက်ရလာတာနဲ့အမျှ
လူသားတွေအားလုံးက
စာနာစိတ်တွေ ပိုကင်းလာကြ …
ကျွန်တော်တို့ထဲမှာ
အများသူငါက
ငွေရှာဖို့ကိုပဲ ဂရုစိုက်ကြ
တကိုယ်ကောင်းဆန်မှုကြောင့်မို့
ကျွန်တော်တို့ ခင်ဗျားတို့
လမ်းမှားတွေနောက် လိုက်ခဲ့ကြ ….
မဟုတ်တာဆိုရင်
မီဒီယာက
အမြဲပြလေ့ရှိတယ် …
မကောင်းတဲ့
ပုံရိပ်လွှာတွေနဲ့သာ
အဓိကမှာ စံထားကြတယ် ….
ကလေးတွေရဲ့ 
ဦးဏှောက်တွေကိုဖဲ့စား
ဘက်တီးရီးယားပိုးထက်
မြန်အောင် ကူးစက်တယ် …
ကလေးတွေက
ရုပ်ရှင်ထဲကဟာတွေမြင်ပြီး
အတုမြင်ကာ
အတတ်သင်ကြတော့မယ် ….

လူသားဝါဒရဲ့
တန်ဘိုးတွေဟာ
ဘာဖြစ်သွားခဲ့ခဲ့ …
တရားမျှတမှု
သာတူညီမျှမှုတွေ
ဘာဖြစ်နေခဲ့ခဲ့ …
မေတ္တာတွေ
ဖြန့်ကျက်နေမဲ့အစား
ကျွန်တော်တို့လေ
မနာလိုမုန်းထားမှုတွေ
ဖြန့်ဝေခဲ့ကြ …
စာနာမှု
နားလည်မှု
တစ်ခုမှမရှိကြခြင်းက
ကျွန်တော်တို့ဘဝ
သွေးကွဲကြမယ့်လမ်းကို
လျောက်လှမ်းစေတယ် …။

အဲဒါ
ကျွန်တော် တစ်ခါတစ်လေ
နေလို့ကိုမကောင်းတဲ့ အကြောင်းအရင်း ….
အဲဒါ
ကျွန်တော် တစ်ခါတစ်လေ
စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်း …
ကျွန်တော် တစ်ခါတစ်လေ
နေလို့မကောင်းတာ
ဘာများထူးဆန်းသလည်း ….
မေတ္တာတရားကို တွေ့ရှိတဲ့အထိ
ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကို
ရှင်သန်အောင် မွေးနေရမယ် …။

ကဲ ခင်ဗျားတို့
ကိုယ့်ကိုယ်ကို မေးလိုက်ပါလား …
“ဘယ်မှာလဲ မေတ္တာတရား
ဘယ်မှာလဲ မေတ္တာတရား
ဘယ်မှာလဲ မေတ္တာတရား ….”

အရှင်ဘုရား
မြတ်စွာဘုရား
တပည့်တော်တို့ကိုသနား
လမ်းပြပေးတော်မူပါဘုရား …
ဘာဖြစ်နေလည်းဆိုတော့လေ၊
လူတွေက တပည့်တော်ကို
မေးခွန်းထုတ်အောင် လုပ်နေကြပါလား၊
“ဘယ်မှာလဲ မေတ္တာတရား ….”

အခုအားလုံးသံပြိုင်ဆိုကြစို့၊
“ကမ္ဘာတစ်ခုတည်း၊ ကမ္ဘာတစ်ခုတည်း”
ကျွန်တော်တို့မှာ ရှိတာလေးက၊
“ကမ္ဘာတစ်ခုတည်း၊ ကမ္ဘာတစ်ခုတည်း”
အဲဒါရှိရှိသမျှအကုန်ပဲ၊
“ကမ္ဘာတစ်ခုတည်း၊ ကမ္ဘာတစ်ခုတည်း”
ပြီးတော့ အဲဒီမှာ
တစ်ခုခုတော့ မှားနေပြီ …
အဲဒီမှာ
တစ်ခုခုတော့ မှားနေပြီ …
ကမ္ဘာကြီးက
တစ်ခုခုတော့ မှားနေပြီ …
ကျွန်တော်တို့မှာ ရှိတာလေးက
“ကမ္ဘာတစ်ခုတည်း၊ ကမ္ဘာတစ်ခုတည်း”
အဲဒါရှိရှိသမျှအကုန်ပဲ၊
“ကမ္ဘာတစ်ခုတည်း၊ ကမ္ဘာတစ်ခုတည်း ….”

ဒီကဗျာကတော့ Black Eyed Peas အဖွဲ့က Bangkok မှာ ၂၀၀၆ ခုနှစ်က အမေစုအတွက်ဆိုခဲ့တဲ့ Where is the Love ငြိမ်းချမ်းရေးသီချင်း ကိုမှီးပြီး စပ်ဆိုထားတာဖြစ်ပါတယ်။

ဘလတ်ဒ်စ်နဲ့ ခရစ်ပ်စ် – the Bloods and the Crisps = LA တစ်ဝိုက်မှ လူဆိုးဂိုဏ်းအဖွဲ့များ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts