ကဗျာ မောင်စွမ်းရည်

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ (Maung Swan Yi)

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ

မောင်စွမ်းရည်၊ စက်တင်ဘာ ၁၆၊ ၂၀၁၂

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေအံ့။

မိန်းမတယောက်

လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

အံကိုခဲ၍ ရဲကို အာခံ

သည်အားမာန်ဟာ

သူ့ထံ ဘယ်လို ရောက်သလဲ။

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေပြီ။

လယ်သမားက

ရွှေသားမလို၊ ကြေးပြားမလို

မြေကိုပေးပါ

မြေသာ ဘဝ

မြေက ဆီဆန်

ရာသက်ပန်ပဲ

ကျည်ဆံမလို

ဆီ ဆန်လိုတယ်

မြေကို မသိမ်းကြပါနဲ့။

ကြေးနီတောင်ကို

သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို

လူကိုဖြိုလို့ ပြိုမကျနိုင်။

ကြေးနီတောင်က

ကြေးတွေရလို့

ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း

စစ်ဗိုလ်မယား

နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်

လယ်သမားမယား

ခါးစီး ဗိုက်မှောက် သဘောက်ဘဝ

လုံးဝမလွတ်

ဘောင်းဘီချွတ်လည်း မချွတ်သေနတ်

စစ်တပ်နောက်ခံ ပါလီမန်ဟာ

စစ်အလံလွှင့်ဆဲ

ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။

သစ်ကိုလည်း ရောင်း

ကျောက်မျက်ရောင်းခဲ့

မြစ်ကိုလည်း ရောင်း

တောင်ကို ရောင်းပြန်

ရောင်းရန် ငွေက

ဘယ်လောက်ရလို့ ဘယ်သူယူ

ဘယ်မူသုံးမလဲ

ရဲရဲဖြေပါ

သည်မြေမဟီ

သက်သေတည်အံ့

ဒီမိုကရေစီတခါး ပွင့်စေသား။      ။

(၂၀၁၂၊ စက်တင်ဘာ ၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ (Maung Swan Yi)
  1. ဆရာ့ကဗျာက ရင်ထဲနှလုံးသားထဲ စွဲမြဲဝင် သွားပါပေါ့လား။

  2. ရှယ်ခွင့်ပြုပါနော် ကဗျာနဲ့ ပုံကို ကြိုက်လို့ ရှယ်ခွင့်ပြုပါရှင်

Comments are closed.