ကဗျာ

မလှတော့တဲ့တရား တနေရာမှာနားပါတော့လားကွယ်

သက်ခိုင်
သြဂုတ် ၂၇၊ ၂၀၁၂

ဟယ်
ပိုးစိုးပက်စက်
ဒီလို မျိုးရိုးပျက်တဲ့အခင်း
တို့
အရှက်ကိုတင်း
အသက်ကို ရင်းသင့်ရင်းရမယ်။

တကယ်
ဟုတ်တာတွေကို မသမာပြု
ယုတ်တာတွေကို ပမာမပြု
ဒါ
တို့ကိုစော်ကား
အော် မှောက်မှားနေလိုက်ကြတာများကွယ်။

အယ်
တောင်ပြောမြောက်ပြော
လျှောက်ပြောတိုင်း လူတို့မယုံ
တအုံတသင်းနဲ့
ဂုဏ်သတင်းပဲ့၊ ယုံခြင်းလည်းရွဲ့
အော်
သူတို့ကြုံရင်း (မျက်နှာ) မဲ့နေကြမယ်။

ညီလေးရေ
လရဲ့အချင်း
ကမ္ဘာအဆင်းအတွက်
ပြန်ထောက်ကွက်ရှု
ညမှ အသိအမှတ်ပြု
သူ ရင်အထုခံရဲတယ်။

လ မဟုတ်
မြ မဟုတ်
တရားစုတ်
ငါတို့ ဘာလုပ်ရမှာလဲ။

ဘယ်လိုပဲဖြစ်ဖြစ်
ဖြစ်ခြင်းပျက်ခြင်း
အသစ်တွေပေါ်လင်း
ဘဒ္ဒကမ္ဘာလည်း အပြစ်ကင်း
ဒါ
စကြာဝဠာထဲ လင်းရှင်းရမယ်။

ဒီလိုပေါ့ကွယ်
မလှတော့တဲ့တရား
တနေရာမှာ နားပါတော့လားကွယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts