သူတို့အာဘော် အရှင်ဝီရသူ

Ashin Wirathu – “ရန်သူအောင်ကြောင်း နည်းလမ်းကောင်း”

“ရန်သူအောင်ကြောင်း နည်းလမ်းကောင်း”

ဝီရသူ(မစိုးရိမ်) ။ ဇူလိုင် ၂၁၊ ၂၀၁၂

          ယခုအခါ၌ မျက်မှောက်နိုင်ငံရေးကို ခြုံငုံသုံးသပ်ကြည့်လျှင် မြန်မာ့နိုင်ရေးသည် အကောင်းဘက်သို့ ဦးတည်ရွေ့လျှားနေသည်ဟု ဆိုရပေမည်။ သို့သော် လုံးလုံးလျားလျား စိတ်ချယုံကြည်ထိုက်သည့်အဆင့်သို့ မရာက်ရှိသေးပေ။
ဟိုယခင်က အလုံပိတ်ခံထားရ၍ အသံဗလံများ မကြားခဲ့ရသော်လည်း ယခုအခါ၌မူ အချို့အ၀က် ပွင့်သောတံခါးဆီမှ အသံဗလံများ ကြားနေရခြင်း ဖြစ်လေသည်။
လယ်သမားများထံမှလည်း ကြားနေရသည်။
အလုပ်သမားများထံမှလည်း ကြားနေရသည်။
ပြည်သူတစ်ရပ်လုံးထံမှလည်း ကြားနေရသည်။
အကျယ်လောင်ဆုံး အသံကား အလုပ်သမားတို့၏ အသံပင်တည်း။
နိုင်ငံရေးပါတီတစ်ခု၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးသမားကောင်းတစ်ယောက်၌ ရှိသင့်ရှိထိုက်သော အရည်အချင်းများတွင် မြတ်စွာဘုရား ဟောကြားတော်မူသော အချက်လေးချက်ကား စိတ်ဝင်စားဖွယ် ဖြစ်လေသည်။ ထိုအချက်လေးချက်မှာ
(က)    သစ္စာ ရှိရမည်။
(ခ)     ပညာ ရှိရမည်။
(ဂ)     ၀ီရိယ ရှိရမည်။
(ဃ)    စာဂ ရှိရမည်။  ဟူ၍ ဖြစ်လေသည်။
(က)    သစ္စာဆိုသည်မှာ ၀စီသစ္စာကို ရည်ရွယ်ရင်းဖြစ်ပြီး နှုတ်ကတိကို ဆိုလိုပေသည်။ ထို့ကြောင့် ကတိတည်ရမည်။ သစ္စာရှိရမည် ဟု ဆိုလိုရင်း ဖြစ်ပေသည်။
ပါတီအပေါ် သစ္စာရှိဖို့လိုသည်။
အဖွဲ့အစည်းအပေါ် သစ္စာရှိဖို့လိုသည်။
`        နိုင်ငံအပေါ် သစ္စာရှိဖို့လိုသည်။
ပြည်သူအပေါ် သစ္စာရှိဖို့လိုသည်။
အချင်းချင်းအပေါ် သစ္စာရှိဖို့လိုသည်။
နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေပါလျက် သူတစ်ဖက်သားကို ခြေထိုးရာမှာ မွေ့လျော်နေလျှင် သူတစ်ဖက်သားကို ချောက်ချရာမှာ  မွေ့လျော်နေလျှင်၊ သူတစ်ဖက်သား နောက်ကျောကို ဓားဖြင့်ထိုးရာမှာ မွေ့လျော်နေလျှင် နိုင်ငံရေးသမားကောင်း တစ်ယောက်မဖြစ်နိုင်တော့ပေ။ အရာရာမှာ သစ္စာမဲ့နိုင်သော သစ္စာဖောက်တစ်ယောက် ဖြစ်သွားနိုင်ပေသည်။ ထိုအခါ သစ္စာဖောက်သူတို့၏ ထုံးစံအတိုင်း အများပြည်သူတို့၏ အယုံအကြည်ကင်းမဲ့မှုကို ခံရတော့မည် ဖြစ်ပေသည်။
ထိုသို့ အချင်းချင်း၏ယုံကြည်မှု၊ ပါတီ၏ယုံကြည်မှု၊ ပြည်သူ၏ယုံကြည်မှုကို မရရှိတော့သော နိုင်ငံရေးသမားတစ်ယောက်သည် မည်သို့ပင် အရည်အချင်း ရှိစေကာမူ၊ မည်မျှပင် တတ်သိနားလည်းစေကာမူ၊ ယုတ်စွအဆုံး မိုးပျံအောင် တတ်ကျွမ်းစေကာမူ မြောင်းထဲသို့ ထိုးကျရ တော့မည်မှာ သေချာပေသည်။
ထို့ကြောင့် အောင်မြင်သော နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်လိုပါက သစ္စာတရားကို လက်ကိုင်ထားရမည်မှာ သေချာလွန်းလှပေသည်။ အိပ်မက်တွေ အလွယ်တကူပေးပြီး ဘာမျှလုပ်မပေးနိုင်ခဲ့ သော နိုင်ငံရေးသမားကို မည်သူမျှ မဲပေးကြတော့မည်မဟုတ်ပေ။ ဤသည်ကို နိုင်ငံရေးစိတ်ဝင်စားသူတို့ အထူးသတိပြုရမည် ဖြစ်လေသည်။
(ခ)     ပညာရှိရမည်-ဟုဆိုရာ၌ ဘွဲ့၊ ဒီဂရီ၊ ဆုတံဆိပ်များကို ဆိုလိုရင်းမဟုတ်ပေ။ ၀ိစာရဏပညာ ဆင်ခြင်တုံတရားကို ဆိုလိုရင်းဖြစ်ပေသည်။ ထို့သို ဆင်ခြင်တုံတရားနှင့် ပြည့်စုံပါမှ ဓမ္မနှင့်အဓမ္မကို လည်းကောင်း၊ အမှားနှင့်အမှန်ကိုလည်းကောင်း တိကျပြတ်သားစွာ ခွဲခြားဆုံးဖြတ်နိုင်မည် ဖြစ်ပေသည်။
နိုင်ရေးပါတီတစ်ခု၊ နိုင်ငံရေးအဖွဲ့အစည်း တစ်ခု၌ ဤသို့သော ဆင်ခြင်တုံတရားသာ မရှိပါလျှင် အရေးတကြီး ကိစ္စများ၌ ဒွိဟများဖြင့် တွေဝေနေကြမည်သာ ဖြစ်လေသည်။
ကြေညာချက်နောက်ကျခြင်း၊ သဘေားထားထုတ်ပြန်ဖို့ နောက်ကျခြင်း၊ မီးစင်ကြည့်ကခြင်း၊ အားကိုရှာ၍ နေရခြင်းတို့ကြောင့် အထွေထွေကိစ္စရပ်များမှာ အမြဲတမ်းနောက်ကျနေခြင်းသည် ၀ိစာရဏပညာ-ဟုဆိုအပ်သော ဆင်ခြင်တုံတရား ကင်းမဲ့နေသောကြောင့် ဖြစ်လေ၏။
ဆုံးဖြတ်ချက် မှန်ကန်ဖို့ ဆုံးဖြတ်ချက်မြန်ဆန်ဖို့၊ ဆုံးဖြတ်ချက်ခိုင်မာဖို့၊ ဆုံးဖြတ်ချက်တိကျ ပြတ်သားဖို့အတွက် မရှိမဖြစ်လိုအပ်သော ဤတရားကို လက်ကိုင်ကျင့်သုံးမှသာလျှင် ပြည်သူလူထု အားကိုးထိုက်သော နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း သိရှိထားဖို့ လိုပေသည်။
(ဂ)     ၀ီရိယရှိရမည် ဆိုရာ၌ သာမန် ၀ီရိယမျိုးကိုဆိုသည် မဟုတ်ပေ။ နိုင်ငံရေးသမားတို့သည် စာကြိုးစားသော သာမန်ကျောင်းသားတို့ထက် သာလွန်သော အလုပ်ကြိုးစားသော သာမန်စီးပွားရေးသမား တို့ထက် သာလွန်သော ကြီးမားသည့် ၀ီရိယမျိုးကို ထားရှိဖို့လိုပေသည်။
နိုင်ငံရေးသမားတို့မည်သည် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည်ဖြစ်ရာ မိသားစုအတွက် အလုပ်လုပ်ရသည့် ပုံမှန်ဝီရိယမျိုးနှင့် မပြည့်စုံ မလုံလောက်တော့ပေ။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၀ီရိယမျိုးကို အတုခိုးရမည် ဖြစ်လေသည်။
(ဃ)    စာဂ-ဟူသည် ဓနစာဂ-ငွေးကြေးကို စွန့်ကြဲခြင်း၊ အတ္တစာဂ-ဘ၀ကိုစွန်လွတ်ခြင်းဟူ၍ နှစ်မျိုးရှိရာ နိုင်ငံရေးသမားကောင်းတို့ မည်သည် ငွေကြေးကိုလည်း စွန့်လွှတ်စွန့်ကြဲရပေလိမ့်မည်။ ဘ၀ကိုလည်း စွန့်လွှတ်ပေးဆပ်ရ ပေလိမ့်မည်။
ယခုအခါ၌ NGO-များ INGO-များကဲ့သို့ ပရဟိတအဖွဲ့အစည်းများသည်လည်း ငွေကြေးဓနနှင့် ဘ၀စည်းစိမ်ကို စွန့်လွှတ်ပေးဆပ်နေကြသည် ဖြစ်ရာ နိုင်ငံရေးသမားတို့မည် ထို့ထက်သာလွန်သော ပေဆပ်ခြင်းမျိုးဖြင့် ပေဆပ်နိုင်ဖို့ လိုပေသည်။ ငါသည် ငါ့နိုင်ငံအတွက်သာ ဖြစ်သည်။ ငါသည် ငါပြည်သူအတွက်သာ ဖြစ်သည်ဟူသော ခံယူချက်မျိုးဖြင့် နိုင်ငံအတွက် ပြည်သူ့အတွက် ပေးဆပ်ဝံ့ပါမှ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ရမည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်လေသည်။
ဤတရားလေးပါး နှင့် ပြည့်စုံသူသည် ရန်သူမှန်သမျှကို အောင်နိုင်ကြောင်း ဗုဒ္ဓမြတ်စွာက ဤသို့ ဟောတော်မူခဲ့ပေသည်။
          ယေဿတေ စတုရော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။
          သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။
          သစ္စံ ဓမ္မ၊ ၀ီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည်အားဖြင့်၊ တရားမလစ်၊ မင်းမူရစ်လော့။ မင်းစစ်ဓမ္မတာ၊ မချွတ်ရာဘူး။
                                                          (၀ါနရိန္ဒဇာတ်။ ဇာ၊ ဋ္ဌ၊ ၁။၂၉၇။ မဃဒေ၀။ ၂၂၂။)


နိုင်ငံရေးသမားတို့မည်သည် ပြည်သူကို ကိုယ်စားပြုသည့် လူတန်းစားတစ်ရပ်ဖြစ်ရာ ပြည်သူ့အရေးအရာများကို ကိုယ့်အရေးအရာများထက် ပို၍ ဦးစားပေရမည်သာ ဖြစ်လေသည်။
ပြည်သူရှေဆောင် ပြည်သူ့ကိုယ်စားလှယ်တို့မည်သည် ပြည်သူ့ဘက်မှာ မားမားမတ်မတ် ရပ်တည်ဖို့လိုသလို ပြည်သူ့လုံခြုံရေးအတွက်လည်း အကာအကွယ်ပေးဖို့ လိုပေသည်။ ပြည်သူကို အန္တရာယ်ကင်းအောင်စောင့်ရှောက်ဖို့ သလို၊ ပြည်သူ့အခက်အခဲ အကြပ်အတည်းများ ကူညီဖြေရှင်း ပေးဖို့လိုပေသည်။ ပြည်သူ့အသံကို နားစွင့်နေရုံမျှဖြင့်မရနိုင်တော့ပေ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမည့် လက်တွေ့ဆောင်ရွက်ချက်များကို အချိန်မီလှုပ်ရှားပေးဖို့ အထူးလိုအပ်လှပေသည်။
မျက်မှောက်နိုင်ရေးလောက၌ အလုပ်သမား ပြည်သူလူထုမှာ အစောင့်အရှောက် အကူအညီများစွာ လိုအပ်လျက် ရှိနေပေသည်။
နိုင်ငံရေးသမားချင်းတူလျှင် –
သစ္စာရှိသော နိုင်ငံရေးသမားကသာ အောင်မြင်မည်။
အရည်အချင်းရှိသော နိုင်ငံရေးသမားကသာ အောင်မြင်မည်။
ဝီရိယကြီးမားသည့် နိုင်ငံရေးသမားကသာ အောင်မြင်မည်။
ပေးဆပ်တတ်သော နိုင်ငံရေးသမားကသာ အောင်မြင်မည်ဖြစ်ရာ
သင့်အောင်မြင်မှုသည် သင့် သစ္စာတရားအပေါ်၌သာ မူတည်နေပါသည်။ သင့်အောင်မြင်မှုသည် သင့်အရည်အချင်းအပေါ်၌သာ မူတည်နေပါသည်။ သင့်အောင်မြင်မှုသည် သင့်ကြိုးစားမှုအပေါ်၌သာ မူတည်နေပါသည်။ သင့်အောင်မြင်မှုသည် သင့် ပေးဆပ်ခြင်းအပေါ်၌သာ မူတည်နေပါသည်။
ပြည်သူ့ ယုံကြည်မှုကို ခံယူထိုက်သော
ပြည်သူ့ လေးစားမှုကို ခံယူထိုက်သော
ပြည်သူ့ အားထားမှုကို ခံယူထိုက်သော
ပြည်သူ့ မြတ်နိုးမှုကို ခံယူထိုက်သော  နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်လိုလျှင် ရန်သူအောင်ကြောင်း နည်းလမ်းကောင်းကို နှစ်ထောင်းအားရ ကျင့်သုံးဖို့ လိုအပ်လှပေသည်။
 

မန္တလေးတိုင်း(မ်)ဂျာနယ်က တင်ပြသော ဤစာမူကို စာပေစိစစ်ရေးက ပယ်ချလိုက်ခြင်း ဖြစ်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မန္တလေးမြို့၊

ဇူလိုင် ၂၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts