မျက်မှောက်ရေးရာ သတင်းပဒေသာ

ကွန်ဖူးဆရာ ဂျက်ကီချန်း နှင့် မန္တလေးမှသူ၏ပရိသတ်များ တွေ့ကြပြီ – Jackie Chan in Mdy


မိုးမခအထောက်တော် အမှတ် ဝဝ၅
ဇူလိုင် ၆၊ ၂ဝ၁၂


မန္တလေးရောက် ဂျက်ကီချန်း (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

ရုပ်ရှင်ထဲတွင် လူဆိုးလူမိုက်များ၏ အန္တရာယ်ကို ကွန်ဖူးပညာဖြင့် တိုက်ခိုက် ရှင်းလင်း နှိမ်နင်းသူ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းသည် ကုလကမဂ္ဂ အဖွဲ့ခွဲတခုဖြစ်သည့် UNICEF အဖွဲ့၏ ချစ်ကြည်ရေးသံတမန် တာဝန်ဖြင့် မန္တလေးမြို့သို့ ယနေ့ညနေပိုင်းက ရောက်ရှိလာသည်။

ဘုန်းတော်ကြီးသင် စာသင်ကျောင်းတခုတွင် ရာနှင့်ချီသော ပရိသတ်နှင့် အသက် ၅၈ နှစ်အရွယ် ကွန်ဖူးမင်းသားကြီးတို့ ရင်ဆိုင်ရပုံကို အင်တာနက် ဓာတ်ပုံ၊ ရုပ်သံတို့တွင် တွေ့ရသည်။

ကြီးမားသည့် နေကာမျက်မှန်ကြီးတလက် တပ်ထားပြီး UNICEF တံဆိပ်ပါ တီရှပ်ပြာ ဆင်မြန်းထားသော ကွန်ဖူးမင်းသားကြီးက ကားပေါ်မှ ပြုံးရွှင်စွာ ဆင်းလာစဉ် စောင့်ကြိုနေသူများ၊ သတင်းထောက်များ အုံခဲနေသည်။

“UNICEF တာဝန်ရှိတဲ့သူတွေက ဘာများ စိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး — ဆင်းပြီး လက်ပြ နှုတ်ဆက်ရင်းနဲ့ သူနဲ့ ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန် ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်” ဟု မန္တလေးမြို့ခံ ကိုငြိမ်းချမ်းက VOA သတင်းဌာနကို ပြောသည်။

မန္တလေးမှ လာသော CJ Myanmar သတင်းတပုဒ်တွင် “လာရောက် တိုးဝှေ့ ကြည့်ရှုသော ပြင်ပ ပရိတ်သတ် များနေသဖြင့် မိဘမဲ့ကလေးများနှင့် တွေ့ဆုံခြင်း မပြုနိုင်ဘဲ ပြန်လည် ထွက်ခွာသွားရသည်” ဟု ရေးထားသည်။

မန္တလေးမှ သူ၏ ပရိသတ်က မချင့်မရဲဖြင့် ကျန်ရစ်ခဲ့ကြသည်။

သံတမန် ဂျက်ကီချန်းသည် မြန်မာပြည်တွင် ၃ ရက်တာ ရှိနေမည်ဖြစ်ပြီး ခရီးစဉ်အတွင်း UNICEF ၏ လုပ်ငန်းများကို ကူညီမည် ဖြစ်သည်။

UNICEF သည် ကလေးသူငယ် ကုန်ကူး ရောင်းစားခံရခြင်း၊ ကလေးစစ်သား စသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့ တခု ဖြစ်သည်။

ဂျက်ကီချန်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင် ကလေးစစ်သား ဟူသော စကားလုံးကို သုံးစွဲခြင်းမရှိသည်ကို တွေ့ရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကွန်ဖူးဆရာ ဂျက်ကီချန်း နှင့် မန္တလေးမှသူ၏ပရိသတ်များ တွေ့ကြပြီ – Jackie Chan in Mdy
  1. Why should he scare of the crowd? Is he really good at kung fu?
    What a dumbass chinese….

Comments are closed.