ကဗျာ

ကျနော်နှုတ်ဆက်လိုက်ပါတယ် ကိုမင်းနွယ်စိုး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဒီလက်မျိုး
မတ်လ ၃၁၊ ၂၀၁၂

ကျနော်နှုတ်ဆက်လိုက်ပါတယ် အကို။
ကျနော်တို့တွေ့ခဲ့ကြတဲ့ ၃၃ လမ်းညနေတွေကိုတမ်းတရင်း
ပြန်မရနိုင်တော့တဲ့ ယုဇနဥယျာဉ်မြို့တော်ရဲ့ ညချမ်းတွေကိုသတိရရင်း
ကျနော်နှုတ်ဆက်လိုက်ပါတယ်အကို။

လွယ်အိတ်အစုတ်ကလေးတလုံးလွယ်ပြီး
ဆေးပေါ့လိပ်တလိပ်နဲ့
အမြဲတမ်းပြုံးနေခဲ့တဲ့အကို့မှာ
အာဃာတတွေမရှိဘူး
ရန်လိုစိတ်တွေမရှိဘူး
မနာလိုစိတ်တွေမရှိဘူး
မုသားမရှိဘူး
အကို့မှာရှိခဲ့တာက
အကို့ရဲ့အနုပညာတွေပါပဲအကို။

အကိုရေ
ကျနော်ရယ် အကိုရယ် ကိုလှသန်းရယ် သစ်ကောင်းအိမ်ရယ်
လူအိမ်ရယ် အောင်ဘညိုရယ် သိမ်းသိမ်းရယ် အတူတူသောက်ခဲ့ကြဖူးတဲ့
ပန်းဆိုးတန်းဂုံးတံတားအောက်က
အရက်ဖြူဆိုင်လေးရယ်
၃၃ လမ်း ညိုညိုတေးသံသွင်းရှေ့က
လမ်းဘေးလဖက်ရည်ဆိုင်လေးရယ်
ပြီးတော့
အကိုသိပ်ချစ်ခဲ့တဲ့ အကို့ကိုသိပ်ချစ်ခဲ့တဲ့
သာကေတမြို့ကလေးက အကို့ရဲ့ ဘ၀လက်တွဲဖေါ် မဘေဘီကလဲ
အခုလောက်ဆို အကို့ကို သတိရနေမှာပါအကို။

သေချာတာကတော့
အခုလောက်ဆို
ငြိမ်းချမ်းလှစွာသောကောင်းကင်ဘုံမှာ
အကိုရယ် ကိုအောင်ခက်ရယ် ကိုချောနွယ်ရယ် ကိုလှသန်းရယ်
ပြီးတော့
ကန့်ဘလူသားလေး ကိုစိုးကိုအောင်ရယ်
ဝိုင်းဖွဲ့ရယ်မောနေကြလောက်ပြီပေါ့။

အကို(ဆရာ) မင်းနွယ်စိုး
ကောင်းရာသုဂတိလားပါစေ။

ဒီလက်မျိုး
ခေတ္တ (အမေရိက)
၂၀၁၂ မတ်လတွင်ကွယ်လွန်သွားခဲ့သော စာရေးဆရာ အကိုမင်းနွယ်စိုးအား ဒီကဗျာဖြင့်ကန်တော့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts