>
မိုးမခအထောက်တော် အမှတ် ၀၀၂
ဒီဇင်ဘာ ၂၆၊ ၂၀၁၁
ရန်ကုန်တွင် ရောက်နေသော ဂျပန်နိုင်ငံခြားရေး ၀န်ကြီး Koichiro Gemba သည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ ညနေပိုင်းတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးပြီးနောက် ၀န်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြသည်။
ဂျပန်ဝန်ကြီးနှင့် ဆွေးနွေးရာတွင် မြန်မာပြည် တိုင်းရင်းသားများအရေးလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ရှင်းပြခဲ့သည်။
“ကျမ ၀န်ကြီးကို ရှင်းပြခဲ့တာဟာ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေထဲမှာ ကျမတို့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မိုလို့ ပြည်တွင်းစစ် ငြိမ်းချမ်းဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု ဒေါ်စုက ပြောဆိုကြောင်း VOA အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးများ အားလုံးကြားမှာ သွေးစည်းညီညွတ်ရေး ရှိဖို့အတွက်ကို လူသားချင်းဆိုင်ရာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာလည်း တန်းတူရည်တူ ပေးဖို့လိုတယ် ဆိုတာလည်း ကျမ ရှင်းပြခဲ့ပါတယ်” ဟု ဒေါ်စုက ဆိုသည်။