>
သာသနာ့ဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဇ၀န (၁၉၃၉ – ၂၀၁၁)
၏ ထေရုပတ္တိ အကျဉ်း
သက်တော် (၇၃)နှစ်၊ ၀ါတော် (၅၃) ၀ါ ခြောက်ထပ်ကြီးဘုရားတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော်ကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အိမ်သစ်ကျေးရွာနေ ခမည်းတော် (ဦးစိန်မြ)၊ မယ်တော်(ဒေါ်ချစ်ခိုင်) တို့၏မွေးချင်း ၅ ယောက် အနက် တတိယ သားရတနာ ဖြစ်ပါသည်။
မြန်မာသက္ကရစ် ၁၃၀၀ပြည့်နှစ်တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ ငယ်နာမည်မှာ မောင်စိုးဝင်း ဖြစ်ပြီး၊ ငယ်စဉ်ကပင် ရှင်ဇ၀နဘွဲ့ဖြင့် ကိုရင်ဝတ်ခဲ့ပါသည်။ ၁၃၂၀ ခုနှစ်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပြီး မန္တလေးမြို့တွင် စာဝါလိုက်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ၊ သာသနာဂုဏ်ရည်ကျောင်းတိုက်တွင် နိုင်ငံတော်သံဃနာယက ဒုတိယဥက္ကဌဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္ထ အာဒိစ္စရံသီ ထံတွင် ပဋိပတ္တိစာဝါများ လိုက်ကာ ၎င်းကျောင်းမှာပင် သီတင်းသုံးခဲ့ပါသည်။
ဆရာတော်ကြီး ဘန္ဒန္တ္တ အာဒိစ္စ ပျံလွန်တော်မူပြီးနောက် သာသနဂုဏ်ရည်ကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဆက်လက် သီတင်းသုံး နေထိုင်လာခဲ့ပါသည်။
ဆရာတော်မှာ ကြည်ညိုစရာကောင်းပြီး အေးဆေးတည်ငြိမ်စွာဖြင့် နေထိုင်လေ့ရှိပါသည်။ သူတပါး ၀န်ထုပ်ဝန်ပိုးဖြစ်မှာ လွန်စွာစိုးရိမ်တတ်ပြီး ပျံတော်မူသည့်နှစ်အထိ ဆွမ်းခံစားသည်။ ဒကာ၊ ဒကာမများ၏ ပို့ဆွမ်းကို လက်ခံလေ့မရှိပါ။
ဆရာတာ်၏ထူးခြားချက်မှာ ရဟန်းဘောင်ဝင်ရောက်ပြီးမှ အစိုးရမူလတန်းကျောင်းစာအုပ်ကို သင်ယူပြီး ဥပဒေဘွဲ့ (BA, BL ) ရသည်အထိ တက္ကသိုလ်ပညာကို ရယူခဲ့သူဖြစ်ပါသည်။
၁၉၈၈ ရှစ်လေးလုံး အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စသည့် အရေးတော်ပုံတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ခြင်း၊ နိုင်ငံရေးသမားများ၏ သာရေး နာရေး နိုင်ငံရေး အခမ်းအနားများကို လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် စစ်အစိုးရအာဏာပိုင်များ စောင့်ကြည့်ခြင်းခံရကာ ဆရာတော်၏ကျောင်းကိုပါ ချိတ်ပိတ်ခြင်း ခံရသည်။
ဆရာတော်သည် ၁၉၉၀ ခုနှစ်က စစ်အစိုးရကို ပတ္တနိတ္ကုဇန သပိတ်မှောက်ကံဆောင်သဖြင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည့်အပြင်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အလွန်တွင်လည်း ထိန်းသိမ်းခြင်းခံခဲ့ရသည်။
ပျံလွန်တော်မူချိန်အထိ စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးနှောင့်ယှက်မှုများကြောင့် ပုန်းအောင်း နေထိုင်ခဲ့ရပြီး ဆေးဝါးကုသခံယူခွင့် ကောင်းစွာမရခဲ့သည့်အတွက် အဆုတ်ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားရင်း ဇူလိုင် ၇ ရက် ၂၀၁၁ ၊ ည (၈) နာရီ အချိန်တွင် ရန်ကုန်မြို့  ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ သာသနဇောတိကကျောင်းတွင် ပျံလွန်တော်မူခဲ့ပါသည်။
