>Regimes split in view on Suu’s trip out of Rangoon

>

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ကြံ့ဖွံ့အစိုးရအတွင်း သဘောထားကွဲဟု ဆို
မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၁၊ ၂၀၁၁
            အင်န်အယ်ဒီပါတီ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃၊ ၂၀၁၀က လွတ်မြောက်လာပြီး ၇ လကျော် ပထမဦးဆုံးအကြိမ်အဖြစ် ရပ်ဝေးခရီးထွက်မည်ဟု သတင်းဖြစ်ပေါ်ပြီးနောက် အစိုးရ၊ အတိုက်အခံနှင့် လူထုများအကြား သဘောထားမျိုးစုံဖြစ်ပေါ်လျက်ရှိရာ လက်ရှိအာဏာရ အစိုးရအဖွဲ့နှင့် တပ်မတော်ခေါင်းဆောင်များအတွင်းတွင်ပါ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု ရန်ကုန်မြို့ က လာသော သတင်းများက ဆိုသည်။
            ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တွင်းခရီးစဉ်ကို ကာယကံရှင်တို့ကိုယ်တိုင်က မိသားစုခရီးတခုအဖြစ် သဘောထားသည့်ပုံရကြောင်း၊ ပါတီရှိ လူကြီး၊ လူငယ်များကလည်း အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့မှုရှိအောင် ဆောင်ရွက်ပြင်ဆင်နေကြသည့်အချိန်တွင် မြန်မာပြည်သူလူထုကလည်း ပထမဆုံးခရီးစဉ်အတွက် ၀မ်းသာအားရ မျှော်လင့်စောင့်ကြိုနေကြောင်း သို့သော်လည်း စစ်အစိုးရ၏ အဆိုးမြင်သည့် တုန့်ပြန်ချက်၊ သတင်းပြန်ကြားချက်များကြောင့် မြန်မာပြည်သူတို့က စိုးရိမ် ပူပန်ဖွယ်ရာ ခရီးစဉ်အဖြစ် အမြင်ပြောင်းလာရသည်ဟု ဆိုနိုင်ကြောင်း ပါတီ၏ အကဲခတ်စာနယ်ဇင်းသမားတဦးက သုံးသပ်သည်။
            ကြံ့ဖွံ့အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကိုယ်တိုင်က အပြုသဘော ရှုမြင်ပြီး လိုအပ်သည့် လုံခြုံရေးနှင့် အစီအစဉ်များကို ဆောင်ရွက်ပေးနိုင်သည့် အခြေအနေရှိနေသည့်ကြားထဲက  ချိန်းခြောက်မှု၊ သတိပေးပြောဆိုမှုများ ထွက်ပေါ်လာသည့်အတွက် ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများ၊ အစိုးရများနှင့် လူထုပရိသတ်တို့က စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုလာကြသည်ကို တွေ့နေရသည်။
            နိုင်ငံရေးအကဲခတ်အချို့က ပြောကြားရာတွင် စစ်ခေါင်းဆောင်များနှင့် လက်ရှိကြံ့ဖွံ့အစိုးရခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်သည်ဟု ဆိုနိုင်ကြောင်း၊ တဖက်က ဒေါ်စု၏ သားငယ်ကို ပြည်ဝင်ခွင့်ပေးပြီးနောက်မှ ဒေါ်စု၏ နိုင်ငံရေးပါတီ ရပ်တည်ချက်နှင့် လှုပ်ရှားမှုများကို သတိထားတားမြစ်ရန်ကြိုးစားခြင်း၊ နိုင်ငံတကာမှ ဧည့်သည်များနှင့် တွေ့ဆုံခွင့်ကို လွတ်လပ်စွာ ခွင့်ပြုထားပြီးနောက်မှ ပြန်လည် ကန့်သတ်ရန် ပြင်ဆင်လာခြင်းတို့သည် စစ်အစိုးရခေါင်းဆောင်များအတွင်း ဟန်ချက်မညီဟု ဆိုနိုင်ကြောင်း ပြောကြားသည်။
            “၂၀၀၃ ဒီပဲယင်းအရေးအခင်းတို့က ဆိုရင် ဒေါ်စုရဲ့ ခရီးစဉ်ကို ခွင့်ပြုခဲ့ပြီးမှ လူထုရဲ့ သောင်းသောင်းဖျဖျကြိုဆိုမှုကို ကြည့်ပြီးတော့ နအဖစစ်ခေါင်းဆောင်တွေက တန်ပြန်ပြီး သူတို့လူတွေနဲ့ ကန့်ကွက်ပွဲတွေ ရှုတ်ချပွဲတွေလုပ်လာတာဖြစ်တယ်။ နောက်ပိုင်းမှာ လူထုပရိသတ်ကိုကော၊ ဒေါ်စုတို့ ပါတီဝင်တွေကိုပါ ထိပ်တိုက် ရန်ရှာတဲ့ အဆင့်ကို ရောက်လာပြီး မင်းမဲ့စရိုက် အကြမ်းဖက်တဲ့အထိ သူတို့ (စစ်တပ်)က ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာကို အားလုံးက သင်ခန်းစာယူပြီး ခြေလှမ်းလှမ်းနေကြတယ် ထင်ပါတယ်”
            ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးအသိုင်းအ၀ိုင်းက တဦးက ပြောသည်။
            “အခုအချိန်မှာ စစ်တပ်နဲ့ အစိုးရအဖွဲအတွင်းက ခေါင်းဆောင်တွေအချင်းချင်းထဲမှာ တင်းတင်းမာမာ လုပ်ချင်တဲ့သူတွေရဲ့ အသံတွေ ကျယ်လာတဲ့သဘောပဲ။ သူတို့အချင်းချင်း ဘယ်လို သဘောတူညီချက်ယူကြမလဲ။ နောက်ပြီးတော့ တလောကတင် တဖက်သတ်ရန်စပြီး ဆင်နွှဲလိုက်တဲ့ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်တွေကိုကော သူတို့တွေကိုယ်တိုင်က ဘယ်လို ဖြေရှင်းမှာလဲ။”
            ၎င်းက သူစဉ်းစားနေသော အချက်ကို မိုးမခသို့ ပြောကြားသည်။
            “အကောင်းဆုံးကတော့ အခုလို သတင်းနည်းပညာ ဆက်သွယ်ရေး အလွန်ကောင်းမွန်နေတဲ့ အချိန်မှာ အယင်တုန်းကလို သွယ်ဝိုက်ပြီး တဆင့် တဆင့်နဲ့ပြောဆိုနေတာထက်၊ လူထုနဲ့ တိုက်ရိုက် အခြေအနေတွေကို အရှိအတိုင်း အမှန်အတိုင်း ပြောပြပြီး သွားလာ လုပ်ကိုင်ရင် သိသာတဲ့ အခြေအနေတခု ဖြစ်လာမယ် ထင်ပါတယ်”
            ဟု သူက မှတ်ချက်ပေးသည်။
(Photo – June 19th, Suu 66 Brithday, NLD HQ, Rangoon)