>Burmese from inside and outside joined Signature Campaign

>

မြန်မာပြည်အတွက် အများပြည်သူ၏ လက်မှတ်ထိုးပန်ကြားလွှာ ဆန်ဖရန်ဘေးနဲ့ မိုးမခအွန်လိုင်းမှာ အရှိန်ရ
မိုးမခ၊ မေ ၃၊ ၂၀၁၁
မြန်မာနှစ်ဆန်း ဧပြီ ၁၇ က စတင်ပြီး မြန်မာပြည်ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး လိုလားသူများက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လက်ရှိသမ္မတကြီး ဦးသိန်းစိန်ထံ လက်မှတ်ထိုးပန်ကြားလွှာေ ပးပို့ခြင်းကို မြန်မာပြည်တွင်းသာမက မြန်မာပြည်ပက မြန်မာကွန်မြူနီတီကလည်း တယောက်တလက်ဝိုင်းဝန်း ပူးပေါင်းကြသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်အပါအ၀င် လက်မှတ်ထိုးသူ ၄၀၀ ကျော် စာရင်းကို ပထမအဆင့် နေပြည်တော်သို့ ပေးပို့ပြီးဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုတိုးကျော်လှိုင်က အာရ်အက်ဖ်အေသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
       ဧပြီလ ၃၀ နှင့် မေ ၁ ရက်သတ္တပတ်က ဆန်ဖရန်ဘေးဧရိယအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူအဖွဲ့အစည်းများ၊ မိသားစုကွန်မြူနီတီက သင်္ကြန်ပွဲတော်နှင့် ကွန်မြူနီတီစုဝေးပွဲများတွင် အခမ်းအနားဖြင့် လက်မှတ်ရေးထိုးမှုများ စုဝေးပြူလုပ်ခဲ့ကြရာ လက်မှတ် စုစုပေါင်း ၃၀၀ ကျော် ၏ လက်မှတ်ထိုးပန်ကြားမှုကို ရရှိခဲ့ကြောင်း သိရှိရသည်။
         အမေရိကန်ပြည်နှင့် ရပ်နီးရပ်ဝေးက မြန်မာမိသားစုများ၊ တယောက်တလက် လက်မှတ်ရေးထိုးမှုများကိုလည်း လက်ခံရရှိနိုင်ရန်အတွက် ဆန်ဖရန်ဘေးဧရိယာ မြန်မာအရေးလှုပ်ရှားသူများနှင့်အတူ မိုးမခမီဒီယာကလည်း ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အွန်လိုင်းလက်မှတ်ထိုးနိုင်သည့် ဖောင်ကို ထုတ်ပြန်ခဲ့ရာ လက်မှတ်ရေးထိုးသူ ၄၀၀ ခန့်ရှိပြီဟု ဆိုသည်။
မိုးမခမိတ်ဆွေများ၊ ပရိသတ်များနှင့် မိုးမခ၀ိုင်းတော်သားများကလည်း ၀ိုင်းဝန်းလက်မှတ်ထိုးကြကြောင်း၊ အမေရိကန်၊ စင်္ကာပူ၊ မလေးရှား၊ နော်ဝေး၊ နယ်သာလန်၊ စကော့တလန်၊ ကွေတာ၊ ဂျာမဏီ၊ ဒိန်းမတ်၊ ဂျပန်၊ ထိုင်း၊ ပြင်သစ်၊ ကိုရီးယား၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဆစ်ဒနီက မြန်မာများကလည်း ပါဝင်ကြောင်း၊ ရန်ကုန်နှင့် မြန်မာပြည်တွင်းကလည်း လာရောက်လက်မှတ်ထိုးကြသည်ကို တွေ့ရကြောင်း၊ အမည်အပြည့်အစုံ ဖော်ပြသူများကို အင်န်အယ်ဒီပါတီ ဌာနရုံးရှိ လက်ခံသူများထံ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။
စီစဉ်သူတဦးက ပြောကြားရာတွင်  –
          “မိုးမခမှာ ပထမဦးဆုံး လက်မှတ်ထိုးသူက ရန်ကုန်က လူမှုရေးစွမ်းဆောင်သူ အမျိုးသမီးတဦးဖြစ်ပါတယ်။ မိုးမခမိတ်ဆွေတွေ ၀ိုင်းတော်သားတွေထဲက ဂျစ်တူး၊ အောင်ဝေး၊ ခက်မာ၊ ဂျော်ဒီးတို့ အဖွဲ့၊ အင်န်အယ်ဒီက ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦး (မြန်မာပြည်တွင်းက)၊ ဆောင်းယွန်းလ၊ ကေ၊ ချိုစိမ့်၊ ခင်လွန်း၊ မင်းဒင်၊ ပန်းချီထိန်လင်း၊ စသည်တို့တွေကလည်း အွန်လိုင်းကနေ လက်မှတ်ထိုးပေးတဲ့အကြောင်း ပြောနိုင်ပါတယ်။ အမည်စာရင်းကို လက်မှတ်ထိုးသူတွေထံ အီးမေးကတဆင့် ပြန်ကြားပါ့မယ်။ ပြီးတော့ ဆန်ဖရန်ဘေးဧရိယာက မြို့တွေက လက်ခံရရှိတဲ့ စာရင်းနဲ့ ပေါင်းပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။”
        မိမိတို့ မြို့နယ်တွေက လက်မှတ်စုဆောင်းသူများထံမှ ကိုယ်တိုင် လက်မှတ်ထိုးနိုင်သလို မိုးမခမီဒီယာ ကူညီကောက်ခံနေတဲ့ အွန်လိုင်းဖောင်ကတဆင့်လည်း လက်မှတ်ထိုးနိုင်ပါတယ်။
         သည်နေရာမှာ လက်မှတ်ထိုး ပန်ကြားလွှာကို ထိုးနိုင်ပါပြီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts