>After new administration in Rangoon, no more plastic bags in the market

>

ရန်ကုန်မြို့တော်ဝန်ပြောင်းပြီးနောက်  ပလပ်စတစ်အိတ်ပါး ထုတ်လုပ်ရောင်းချမှု ပိတ်ပင်
ခင်သန့်ဇင်၊ ရန်ကုန်
ဧပြီ ၂၆၊ ၂၀၁၁
ယခင် သံအမတ်ဟောင်း ဦးလှမြင့်အား ဧပြီလဆန်းက ရန်ကုန်မြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်း သီတင်းပတ် ၃ ပတ်ကျော်အကြာတွင် ယခင် ထုတ်ပြန်ထားသည့် ကြွပ်ကြွပ်အိတ်နှင့် ပလပ်စတစ်လျှော်ကြိုး တို့ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ထပ်မံအတည်ပြုကြောင်း ယနေ့ ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။
ပြန်လည် အသုံနိုင်ခြင်းမရှိသည့် အပြင် ဆွေးမြေ့ ပျက်စီးရန် ခက်ခဲသည့် ပလပ်စတစ်အိတ်ပါး (ကြွပ်ကြွပ်အိတ်) များကို အသုံးပြုခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်စေသည့် အတွက် ထုတ်လုပ် ဖြန့်ဖြူးခြင်း မပြုဖို့ ယမန်နှစ် မတ်လကတည်းက ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီက ဆုံးဖြတ်ခဲ့သော်လည်း ရန်ကုန်တိုင်းအေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီမှ ချွင်းချက်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ပလပ်စတစ်အိတ်ပါးနှင့် လျှော်ကြိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ဘက်မှ စွန့်ပစ်အိတ်ပါးပြန်လည်အသုံးပြုသည့်စက်များကို  တရုတ်နိုင်ငံမှ တင်သွင်းလာပြီး ဆက်လက် ထုတ်လုပ်ခွင့်ရအောင် တင်ပြဆောင်ရွက်ခဲ့ခြင်းကြောင့် အမိန့်မှာ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ စည်ပင်ဝန်ထမ်း တဦးကပြောသည်။
လက်တွေ့တွင်မူ စွန့်ပစ်အိတ်ပြန်လည်အသုံးပြုသည့်လုပ်ဆောင်ချက်မှာ တွင်ကျယ်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဟုလည်း ရန်ကုန်မြို့ခံများကပြောဆိုကြသည်။
ထို့နောက် တစ်နှစ်ကျော်အကြာ မြို့တော်ဝန်အသစ်လက်ထက်တွင် အဆိုပါအမိန့်ကို တိကျစွာလိုက်နာရန် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပလပ်စတစ်လုပ်ငန်းရှင်များသို့  သတိပေးစာပေးပို့ ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သတိပေးစာပေးပို့ပြီးနောက် ပလပ်စတစ်လုပ်ငန်းရှင်များ၊  ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ယနေ့နောက်ဆုံးဆွေးနွေးပြီး ယခင်အမိန့်အတိုင်း ချွင်းချက်မရှိ အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ပလစ်စတစ်အိတ်ပါးများနှင့် လျှော်ကြိုးများ လက်ကား ရောင်းချရာ သိမ်ကြီးဈေးတ၀ိုက်မှ ရောင်းချသူများအားလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ သတိပေးစာ ပေးဝေထားပြီး သိရှိကြောင်း လက်မှတ်ထိုးခိုင်းထားသည်ဟု သိမ်ကြီးဈေးမှ ရောင်းချသူတဦးကပြောသည်။ သူတို့ထံတွင် လောလောဆယ် လက်ဝယ်ရှိသည့် အိတ်ပါးများအား မရောင်းချရဲသဖြင့် သိမ်းဆည်းထားရဦးမည့် သဘောရှိသည်ဟုလည်း ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာပဲ လုပ်ငန်းဆက်လက်လုပ်ကိုင်နေပါက ပလပ်စတစ် စက်ကို  လုပ်ငန်းလိုင်စင်ပိတ်သိမ်း အရေးယူခြင်း၊ အခြားသော တည်ဆဲဥပဒေများအရ အရေးယူခြင်းတို့ လုပ်ဆောင်မည်ဟု လည်းကြေညာချက်တွင် ဖေါ်ပြထားသည်။
လက်လီ ဈေးသည်များအနေဖြင့် မည်သည့်အိတ်မျိုးဖြင့် အစားထိုးသုံးစွဲကြမလဲဆိုသည့် အချက်၊ ရိုးရိုးပလပ်စတစ်အိတ်ကြည် သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်ပိုမိုလာနိုင်သည့် အချက်များလည်း ရှိနေသည်ဟု ရန်ကုန်မြို့ရှိ လက်လီဈေးရောင်းသူတဦးက ပြောသည်။
ကြွပ်ကြွပ်အိတ်ပါးများအား စနစ်တကျ စွန့်ပြစ်မှုမရှိခြင်းကြောင့်  ရေဆိုးမြောင်းများတွင်ပိတ်ဆို့ခြင်း၊ မြေလွတ်နေရာများတွင် စွန့်ပြစ်ထားသော်လည်း သဘာဝအတိုင်း မဆွေးမြေ့နိုင်ခြင်း၊ မီးရှို့ဖျက်ဆီးပါကလည်း ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် ဓါတုပစ္စည်း   လေထုထဲသို့ ထွက်ရှိစေနိုင်သည့် ဆိုးကျိုးများ ရှိသည်ဟု သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူများကပြောဆိုကြသည်။
ကြွပ်ကြွပ်အိတ်ပါးများကို နေ့စဉ် အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာတွင် ထည့်စရာ အဖြစ်ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက်ရှိနေပြီး ထုပ်ပိုးပစ္စည်း ထည့်စရာ ပစ္စည်းအဖြစ် ယခင်က စက္ကူ ၊ ဖက် တို့ကိုသုံးစွဲခဲ့သော်လည်း ယခုနောက်ပိုင်း ကြွပ်ကြွပ်အိတ်ကသာ အစားထိုးနေရာယူခဲ့သည်။
ယခုကဲ့သို့ ထုတ်ပြန်ပြီးသား အမိန့်ကို အမှန်တကယ် လိုက်နာစေရန် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆုံးဖြတ်ခြင်းသည် မြို့တော်ဝန် အသစ်ပြောင်းလဲခြင်း၏ အကျိုးဆက်တစ်ခုအဖြစ် စည်ပင်သာယာရေး ၀န်ထမ်းများက မှတ်ယူကြသည်။
ယခင် မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း လက်ထက်တွင် ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မီတီမှ ထုတ်ပြန်သည့် အချို့သော အမိန့်များအား တိုင်းအေးချမ်းသာယာရေး ကောင်စီဘက်မှ သဘောမတူသဖြင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်ပဲ ရွှေ့ဆိုင်းထားခဲ့ရသည့် သာဓကများ ရှိခဲ့သည်။ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်ဆန်းပိုင်းက စည်ပင်သာယာရေး ကော်မီတီမှ လုပ်ဆောင်မည့်  ရန်ကုန်မြို့တော်ခန်းမရှေ့ ညဈေးဖွင့်လှစ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်း အေးချမ်းသာယာရေး ကောင်စီအမိန့်ဖြင့် ရပ်ဆိုင်းစေခဲ့ပြီး၊ ယမန်နှစ်က ပလပ်စတစ်စက်ရုံ ပိတ်ရန် အမိန့်ကိုလည်း တိုင်းအေးချမ်းသာယာရေး ကောင်စီ အမိန့်ဖြင့် ရပ်ဆိုင်းထားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts