>Maung Swan Yi – Paragu poem at 80 birthday

>

ဆရာပါ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်း
မောင်စွမ်းရည်
၂၀၀၁ နိုဝင်ဘာ ၁၀
စာရေးဆရာ ပါရဂူ ကို
“ပါပါ” ဟူ၍ သူ့လူတွေက ခေါ်ကြ၏။
“ဆရာပါ” သည်
“တာရာ” တို့ရဲ့ ရဲဘော်ချင်း။
ဆရာပါသည်
ဥာဏိသရရဲ့ တူတော်ရင်း။
ဆရာပါသည်
“တာတာ”၊ “ရာရာ”
ဒို့ သူ ငါ ရဲ့ ဆရာရင်း။
ဆရာပါ ဆိုသူ
ပါရဂူသည်
ဂူအောင်းလိုသူ မဟုတ်ချေ။
ဆရာပါဆိုသူ
ပါရဂူသည်
ဂူအပြင်လဲ ဓူတင်ကျင့်သူ မဟုတ်ပေ။
ပါရဂူသည်
လူလိုချစ်၍ လူလိုမုန်း၏။
ပါရဂူသည်
လူလိုစား၍ လူလိုသောက်၏။
ပါရဂူကား
လူလိုကျင့်၍ လူလိုမြင့်၏။
ပါရဂူကား
လူလိုနေ၍ လူလိုသေအံ့
လူတွေက ချစ်၊ လူကို ချစ်၍
လူအဖြစ်တွင်၊ လူ့စံတင်လျက်
လူတွင် လူသက်ရှည်ခဲ့ပြီ။
ထိုပါရဂူ
လူတွင် လူသက်
ဆက်၍ ဆက်၍ ရှည်စေသောဝ်။
လူတွင် လူလို
တလူလူနှင့် လူစေသောဝ်။
(၂၀၀၉  ခုနှစ် ဓူဝံစာပေတိုက်တိုက် မောင်စွမ်းရည်၏ မှိုင်းမှသည် မိုးထိအောင် ကြည်ညိုဂုဏ်ပြုကဗျာစု က ကောက်နုတ်ဖော်ပြပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts