>Ni Lwin Thwe (Dathanika) – Border of Mountain Motkatho

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မော့ကသို
နီလွင်သွေး (ဒဿနိက)
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၁

မော့ကသို တဲ့
လျှိုမြောင်အသွယ်သွယ်
တောင်စွယ်အထပ်ထပ်နဲ့
မြင့်မားမတ်စောက်တဲ့ နယ်ခြားမျဉ်းတောင်တန်း
ပွင့်လင်းရာသီဆိုရင်
ကြေးနီရောင် တောက်ပပြိုးပြက်
မိုးတွင်းဘက်ဆိုရင် စိမ်းစိုညိုမြ
ဒုက္ခသည်စခန်းက လှမ်းကြည့်တဲ့အခါ
အထင်းသား တွေ့ရတယ်။

နို့ဖိုး ဆိုတဲ့ ထိုင်း-ကရင်ရွာ
ဒူးပလာယာခရိုင်
ထိုင်း-မြန်မာနယ်စပ်က
လှပတဲ့ ရွာကလေး
ဗမာနဲ့ ရှမ်း ချင်း ကချင်
ကရင် ကယား
လူမျိုးစုံသွေးချင်းတို့ ခိုလှုံရာဖြစ်ခဲ့။

အဲဒီမှာ
နယ်ချဲ့ခေတ်မှ
စစ်အာဏာရှင်စနစ်အဆုံး
ဘဝတသက်တာလုံး
တော်လှန်ရေးသမားဘဝနဲ့
ခေါင်းချသွားတဲ့
ကရင့်သူရဲကောင်းများစွာ ရှိတယ်။

အဲဒီမှာ
အဖူးကျော်သောင်းနဲ့ တွေ့ခဲ့
ပဒိုမန်းငြိမ်းမောင်နဲ့ တွေ့ခဲ့
ပဒိုမန်းရှာနဲ့ တွေ့ခဲ့
အဖူးမန်းကျော့ဖေနဲ့ တွေ့ခဲ့
အတီးကြာမောင် တွေ့ခဲ့
အမိုးနော်ဒါးဒါးနဲ့ တွေ့ခဲ့
မိတ်ဆွေကြီးကိုညွန့်ဝါနဲ့ တွေ့ခဲ့
အမျိုးသားတန်းတူရေးနဲ့ တွေ့ခဲ့တယ်။

နှင်းဖွေးဖွေးကြားက
နှစ်ရက်တဈေး
သွေးချင်းတို့ဆုံရာ
ကုန်ရောင်းကုန်ဝယ်
ကုန်စည်ဖလှယ်တဲ့ရွာလေး။

နှင်းမြူဆိုင်းတဲ့ကြားမှာ
ဘွားကနဲ မြင်တွေ့နိုင်တဲ့
ကျောက်ဆိုင်ကျောက်သား
မြင့်မားခိုင်မတ်တဲ့ ကျောက်တောင်ကို
ဒုက္ခသည်စခန်းကို နောက်ခံထားလျှက်
လှပတဲ့ပန်းချီကားတချပ်ပမာ တွေ့ရလိမ့်မယ်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်
ရေအားလျှပ်စစ်ထုတ်
ကွန်ပျူတာ
အင်တာနက်
တကမ္ဘာလုံး ဖုန်းအဆက်အသွယ်လုပ်လို့ရတဲ့
ကမ္ဘာ့ရွာထဲက ရွာကလေး။

အဲဒီမှာ
မှိုရှာ မျှစ်ချိုး
ဖလံတောင်ဝှေး
ခွေးအိပ်ညွန့်
စားလို့ရတဲ့အညွန့်အရွက်မှန်သမျှ
တတောဝင် တတောင်တက် ခူးဆွတ်
အားလုံးအတွက်
အသက်ဓာတ်စာဖြစ်ခဲ့။

အဲဒီမှာ
ကဗျာရွတ်ပွဲနဲ့ ကဗျာစီးဆင်းမှု
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုလည်း ရှိတယ်။

အဲဒီမှာ
ကရင်ဒုံးယိမ်းနဲ့ ဖားစည်သံ
ရိုးရာယဉ်ကျေးမှု အစုံအလင်
ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိတယ်။

မတူပေမယ့် တူခဲ့ကြ
မလှပေမယ့် လှခဲ့ကြ
မလုံပေမယ့် လုံခဲ့ကြ
မဝပေမယ့် ဝခဲ့ကြ
ကွဲလွဲပေမယ့် တွဲခဲ့ကြ
ပေါင်းစည်းရင်း ကွဲလွဲ
ကွဲလွဲရင်း ပေါင်းစည်း
ခရီးအတူတူသွားခဲ့ကြတဲ့
တန်းတူရေး ရွာလေး။

အဲဒီရွာလေးပေါ့
မော့ကသိုတောင်ဘက်ကို လှမ်းလှမ်းကြည့်ပြီး
မညည်းမညူ ခရီးဆက်ရင်း
သံလွင်ခက်တမ်းချင်းကို အကြိမ်ကြိမ်သီကျူးလို့။ ။

၂၊ ၁၅၊ ၂၀၁၁ (အင်္ဂါနေ့)

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts