>Maung Wunna passes away

>

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇန်န၀ါရီ ၁၁၊ ၂၀၁၁(ဓာတ်ပုံ – ဖတ်စရာဂျာနယ် – ၄-၁-၂၀၀၅)

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏသည် ယနေ့ နံနက် ၄း၂၀ နာရီက နေအိမ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။

၁၉၄၇ ခုနှစ်ဖွား မောင်ဝဏ္ဏသည် စာရေးဆရာ၊ ဒါရိုက်တာ သာဓု၊ ဒေါ်ခင်ညို တို့၏ သားကြီးဖြစ်သည်။

မွေးချင်းများမှာ စာပေ နှင့် အနုပညာနယ်တွင် ထင်ရှားသည့် သုမောင်၊ မင်းလူ၊ ရူပ၊ အာယုတို့ ဖြစ်သည်။

ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းထွက် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ရှိစဉ် ၁၉၆၈ ခန့်က ဒဿနိကဗေဒဌာနထုတ် အတွေးအခေါ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “ကားလမ်းဘေးက ဆိုင်းဘုတ်ကလေး” မှာ သူ၏ ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သည်ဟု သိရသည်။ ထို့နောက် ရှုဒေါင့်၊ ပြည်သူ့ကြယ်၊ မိုးဝေ၊ ရှုမ၀ စသည့် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။

လုံးချင်း ၀တ္ထုပေါင်း ၂၀ ခန့် ရေးသားခဲ့သူ၊ မောင်စိန်သောင်း မနှင်းရည် မဂ္ဂဇင်းဝတ္ထုတိုများ ဖြင့် ထင်ရှားခဲ့သူ မောင်ဝဏ္ဏ၏ ပထမဆုံး ပုံနှိပ် ၀တ္ထုတို “လေထဲက အိပ်မက်ကလေး” ကို ရှုမ၀ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ရုပ်ရှင်ရိုက်နေစဉ် စိတ်ကူးပေါ်လာပြီး ထိုဝတ္ထုတိုကို ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ပေဖူးလွှာမဂ္ဂဇင်း (၁၉၈၂ နိုဝင်ဘာ) အင်တာဗျူးတွင် ဆရာ မောင်ဝဏ္ဏက ပြောပြခဲ့သည်။

ပထမဦးဆုံး ရိုက်ကူးခဲ့သည့် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ ညီဖြစ်သူ မင်းလူ၏ ၀တ္ထုကို ရိုက်ကူးထားတဲ့ ခုနှစ်စဉ်အလွမ်း စသည့် ဇာတ်ကား တို့ဖြင့် အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ၂ ကြိမ် ရခဲ့သည်။

ဝတ္ထုများကို ရုပ်ရှင်အဖြစ် ဖန်တီးရာတွင် မူရင်း မပျက်စီးစေရန် ရုပ်ရှင်အတတ်ပညာဖြင့် ပြောင်းယူရသည်ဟု မောင်ဝဏ္ဏက ပေဖူးလွှာမဂ္ဂဇင်း အင်တာဗျူးတွင် ပြောပြခဲ့သည်။

“ဒီဆရာတယောက်ရဲ့ အတွေးအခေါ်ကို သိနိုင်ဖို့ရာ ရုပ်ရှင်ရိုက်မယ့် ၀တ္ထု တစ်ပုဒ်တည်းကိုပဲ ဖတ်တာထက် သူရေးခဲ့တဲ့ အခြား ၀တ္ထု လေးငါးပုဒ်လောက် ဖတ်ဖို့ လိုပါတယ်။ ဖတ်လိုက်တဲ့အခါမှာ သူ့အယူအဆ၊ အတွေးအခေါ်ကို ရိပ်မိလာပါလိမ့်မယ်။ အဲဒီအခါကျတော့ ဒီစာရေးဆရာ ပြောချင်တဲ့ သဘော ရောက်အောင် ရုပ်ရှင်အတတ်ပညာနဲ့ လုပ်ယူရပါတယ်” ဟု သူက ဆိုသည်။

မောင်ဝဏ္ဏသည် ၁၉၇၆ တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ကြောင်း “နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများ နှင့် စာစုစာရင်း” စာအုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

myanmarbookshop.com တွင်လည်း မောင်ဝဏ္ဏအကြောင်းကို ဖတ်ရှုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts