ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – NLD Youth & Youth Network

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အင်န်အယ်ဒီလူငယ်နဲ့ လူငယ်ကွန်ယက်
ဦးဝင်းတင်နဲ့ မေးခွန်းများ – မိုးမခ
နိုဝင်ဘာ ၂၃၊ ၂၀၁၀
ယမန်နေ့က အင်န်အယ်ဒီလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံသည့် လူငယ်များ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို တွေ့ဆုံဆွေးနွေးရာတွင် အင်န်အယ်ဒီလူငယ်တို့ အနေဖြင့် ခေတ်နှင့် အမီလိုက်ရန် ဆက်သွယ်ရေးနှင့် နည်းပညာကို ယခုထက်ပိုပြီး တိုးတက် အသုံးချကြဖို့ ဆွေးနွေးပြောဆိုကြသည်ဟု ဆိုသည်။
ဆရာဦးဝင်းတင်က ပြောကြားရာတွင်
“အခုအချိန်မှာ အင်န်အယ်ဒီလူငယ်တွေက စည်းဝေးကြ၊ ဆွေးနွေးကြတယ်။ အဲဒီမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အခြားလူငယ်တွေ၊ အခြားမျိုးဆက်တွေကလည်း လှုပ်ရှား တက်ကြွ နိုးကြားနေကြတာကိုလည်း တွေ့နေရတယ်။ ဥပမာ – အသက် ၄၀ ကျော်နေပြီဖြစ်တဲ့ ၈၈ မျိုးဆက်တွေရှိတယ်၊ လူငယ်တွေထဲမှာလည်း Generation Waves လို့ဆိုတာတွေ၊ အများကြီး ရှိနေပြီ ဖြစ်တယ်။ သူတို့တတွေနဲ့ ကျန်တဲ့ တပြည်လုံးက လူငယ်တွေ၊ လူငယ်အစုအဖွဲ့တွေနဲ့ အင်န်အယ်ဒီလူငယ်တွေ ဆက်စပ်ကြပြီးတော့ အားလုံးပါဝင်နိုင်တဲ့ လူငယ်ညီလာခံကြီးတခု လုပ်နိုင်ကြရင် ကောင်းလိမ့်မယ်လို့ ဆွေးနွေး တိုင်ပင်ကြတယ်။ ဒါကတော့ ထူးခြားတာ တခုပေါ့။
ဒါက နိုင်ငံရေးတွေ ထားလိုက်ဦး၊ ဒါက လူငယ်တွေ အားလုံးရဲ့ နိုးကြားမှု၊ အသိဉာဏ် စိတ်ဓာတ် တိုးတက်မှုတွေအတွက်၊ အမျိုးသားစိတ် တက်ကြွမှုနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ မြင်မိတယ်။ ဒါကို စစ်အစိုးရက ဘယ်လိုမျိုး အဆိုးမြင်ပြီးတော့ နှောက်ယှက်မှာလဲ ဆိုတာကတော့ တပိုင်းပေါ့ကွာ။ သို့သော် ဒီအချက်ဟာ ဒေါ်စုပြောတဲ့ Networking – Network for Democracy လိုပဲ၊ လူငယ် နက်ဝပ်ကြီးအဖြစ် ဦးတည်လာမလား။ ဒါက စဉ်းစားစရာ အချက်တခု ပေါ့ကွာ။
ဒါက ဘာကြောင့်ပြောရသလဲ ဆိုတော့ – ရန်ကုန်က ဌာနချုပ်မှာကတော့ စာဖတ်ဝိုင်းတွေ ရှိတယ်။ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ရှိတယ်။ ဒါပေမယ့် နယ်တွေမှာကျတော့ အလွှာမျိုးစုံက လူငယ်တွေ ရှိတယ်။ အင်န်အယ်ဒီလူငယ်တွေ ရှိတယ်။ သူတို့ကကျတော့ ဒါတွေနဲ့ အလှမ်းဝေးသွားပြီ။ သူတို့အချင်းချင်းမှာ အသိပညာတွေ၊ သတင်းအချက်အလက်တွေ ဖလှယ်တာ၊ ဆွေးနွေးတာ၊ ပြောဆိုတာတွေအတွက် အခြေအနေတွေ၊ အခွင့်အလမ်းတွေက နည်းနည်း သွားပြီ။ ဆက်စပ်ပတ်သက်မှုက ရန်ကုန်က လှိုင်သာယာတို့၊ ဘာတို့ထက်ဆိုရင်တောင် အဆက်ပြတ်သွားကြပြီ။ နယ်တွေမှာ နက်ဝပ်ကင်း ပုံသဏ္ဍာန် ရှာဖို့ဆိုတာ လိုအပ်လာပြီ။
ဒါ့အပြင် အခြားမျိုးဆက်တွေ အစုအဖွဲ့တွေ ရှိတယ်။ ဥပမာ ၈၈ မျိုးဆက်တွေဆို အတော်ကြီးသွားပြီ။ အငယ်ထဲကဆိုရင် ၂၀၀၇ မျိုးဆက်တွေ ဘာတွေ ရှိလာပြီ။ အဲဒါတွေနဲ့ လူငယ်တွေအားလုံး ဆက်စပ်ကြမယ်၊ စုစည်းကြမယ်။ ဘယ်လိုမျိုး လုပ်ကြမလဲ ဆိုတာကလည်း စစ်အစိုးရရဲ့ ဖိနှိပ် ဖြတ်တောက် ကန့်သတ်ထားမှုအောက်မှာ လမ်းစ မပေါ်နိုင်ဘူး ပေါ့ကွာ။ ဒါတွေ ရှိတယ်။
နောက်ပြီး သူတို့လို မျိုးဆက်တွေဆိုတဲ့ အစုအဖွဲ့တွေဆိုတာကလည်း အဖွဲ့အစည်းရယ်လို ရပ်တည်မှု မရှိတဲ့အတွက် လှုပ်ရှားဖို့ ခက်နေတယ်။ အဲသည် အင်အားစုတွေဟာ အခုလို အနည်းဆုံးတော့ ဘာပဲပြောပြော တရားဝင်အဖွဲအစည်းအနေနဲ့ ရပ်တည်နေတဲ့ အင်န်အယ်ဒီလူငယ်တွေနဲ့ ဆက်စပ်ပတ်သက်လာကြမယ် ဆိုရင် လူငယ်တွေရဲ့ နိုင်ငံရေးအသိ နိုးကြားတာတွေ၊ စည်းရုံးလှုပ်ရှားတာတွေ အရှိန်မြင့်လာနိုင်မယ်လို့ မျှော်လင့်တယ်။
အင်န်အယ်ဒီကိုလည်း အပြင်က ဝေဖန်ခံနေရတယ်လေ။ လူကြီးတွေရဲ့ လောင်းရိပ်မိတယ် တို့၊ လှုပ်ရှားမှု မရှိဘူးတို့ ပြည်တွင်းမှာ အတော်လေး ဝေဖန်ခံရတာတွေ ရှိတယ်။ ဒါပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲသပိတ်ကာလမှာတော့ အင်န်အယ်ဒီလူငယ်တွေဟာ အထူးကို တက်ကြွ လှုပ်ရှားကြတာကို တွေ့နိုင်ပါတယ်။ ဒါကို အသိအမှတ်ပြုရမယ်။
သို့သော် သာမန်အချိန်တွေကျရင် အင်န်အယ်ဒီလူငယ်တွေရဲ့ လှုပ်ရှားမှုဟာ အားနည်းတယ်လို့ ပြောကြတယ်။ အခုမှာ ဒေါ်စုလွတ်မြောက်လာချိန်မှာ အင်န်အယ်ဒီပြည်နယ်နဲ့ တိုင်းပေါင်းစုံက လူငယ်များက စုဝေးပြီးတော့ အခုလို စည်းဝေးပွဲ လုပ်လိုက်နိုင်တာဟာ တိုးတက်တဲ့ ခြေလှမ်းစလိုက်တာလို့ ပြောရင် ရပါတယ်။ နောက်ထပ် လူငယ်ပေါင်းစုံ ညီလာခံကြီးသာ ပေါ်ထွန်းလာမယ် ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကြီး ဖြစ်လာမယ်လို့ ကျနော်တို့က တွက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts