>
ရွေးကောက်ပွဲဝင်သူ အမတ်လောင်းများက ၂၀၁၅ ကို မျက်စကြိုပစ်နေပြီ
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၀၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီက မဲ အပြတ်အသတ်ဖြင့် နိုင်ကြောင်း ထုတ်ပြန်လိုက်သည်။ မကျေနပ်က တိုင်ကြားနိုင်ကြောင်းလဲ ထုတ်ပြန်ထားသည်။ သို့ဖြစ်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့နဲ့ စစ်အစိုးရရဲ့ မသမာမှုများကို ရင်ဆိုင်ခဲ့ရသူ ပါတီများ၊ တသီးပုဂ္ဂလများက အမျိုးမျိုးသော တုန့်ပြန်ချက်များ ထုတ်နေကြချိန်တွင် တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ပြိုင်ခဲ့ကြသူ ၁၅ ဦးက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရစေဖို့ ယခုကတည်းက ပါတီထူထောင်ရန် ပြင်ဆင်နေပြီဟု ပြည်တွင်းဂျာနယ်တခုတွင် ပြောကြားလိုက်သည်။
၎င်းတို့မှာ – ဦးရန်ကျော်၊ ဦးလှရှိန်၊ ဒေါက်တာသန်းမြင့်၊ ဦးကြည်ဦးသိန်း၊ ဦးဘတင့်ဆွေ၊ ဒေါက်တာစောနိုင်၊ ဦးဝင်းချို၊ ဦးဝင်းကိုကိုဝင်း၊ ဦးဇော်မင်းသိန်း၊ ဒေါက်တာစိုးလွင်၊ ဦးသိန်းဌေး၊ ဦးမြမောင်၊ ဦးခင်လှိုင်၊ ဦးတင်အေး နဲ့ ဦးကောင်းမြတ်ထွဋ် တို့ဖြစ်သည်ဟု ဆိုသည်။
ထိုအုပ်စုထဲက တချို့နှင့် အခြား တသီးပုဂ္ဂလများက ယမန်နေ့တွင် ဒေါ်စုနှင့် တွေ့ဆုံပြီး ဒီမိုကရေစီကွန်ယက်တွင် ပါဝင်နိုင်ရန်၊ လူမှုရေးကူညီစောင့်ရှောက်မှုများ (HIV AIDS) ကိစ္စများတွင် ကူညီစောင့်ရှောက်ကြရန် ဆွေးနွေးကြဟု သိရသည်။ ၎င်းတို့မှာ – ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးသိန်းတင်၊ ဦးမိုးထွန်း၊ ဦးရန်ကျော်၊ ဦးဝင်းချို၊ ဦးလှရှိန်၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦး၊ ရှေ့နေ ဦးလှမျိုးမြင့်၊ တို့ဖြစ်သည်ဟု သိရသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော အင်န်အယ်ဒီပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ယခုရွေးကောက်ပွဲ၏ မတရားမှုများကို ဖော်ထုတ် မှတ်တမ်းတင်ပြီး အစီရင်ခံစာ ထုတ်မည်ဟု သဘောထား အရိပ်အမြွက်ပြောနေချိန်၊ တသီးပုဂ္ဂလ ၀င်ပြိုင်သူ အမတ်လောင်းများနဲ့လည်း တွေ့ဆုံ သဘောထားနာကြားလျှက်ရှိရာတွင် ယခုကဲ့သို့သော ဂျာနယ်သတင်း ထွက်ပေါ်လာရာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲဝင်ကြသူများ၏ ရပ်တည်ချက်မှာ မေးခွန်းထုတ်ချင်စရာ ဖြစ်သည်ဟု ပြည်တွင်းရှိ လေ့လာသူတို့က ထောက်ပြသည်။