>My Acedamy Sein – Let’s Watch Korea TV after this …

>

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကိုကြည့်ပါ ၂

မိုင်အကယ်ဒမီစိန်
စက်တင်ဘာ ၅၊ ၂၀၁၀
ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်လို့ မပြောဘဲ နေချင်လိုက်တာ။ မပြောချင်ပေမယ့် ပြောရဦးမယ်။
ရှေ့က ပြောခဲ့သလို ကိုရီးယားကားများ သူဌေးသားနဲ့ ဆင်းရဲသူမ၊ သဌေးသမီးနဲ့ ဆင်းရဲသား ဇာတ်လမ်းများ ကတော့ မရိုးနိုင် မအီနိုင် ကပြနေဆဲမှာပဲ နောက်တဆင့်တက်လို့ ကိုရီးယားစတိုင်အသစ်တွေ ၀င်လာပြန်ပါပြီ။
အဲဒါကတော့ အကျင့်စာရိတ္တပါပဲ။
အိမ်ထောင်ရေးဖောက်ပြန်မှုကို ဖောဖောသီသီ ကပြနေကြတာများ ရှက်စရာ ကောင်းလိုက်တာဗျား။ တခါ တခါ ဘယ်သူ့ဘက်ကများ ရိုက်ပြနေတာပါလိမ့် လို့ သံသယတောင် ဖြစ်မိရပါတယ်။ ဖောက်ပြန်တဲ့ မိန်းကလေးတွေကလည်း ချောမှချော လှမှလှ ပညာတတ်ကလည်းဖြစ် အပြောအဆိုကလည်း ကောင်းမှကောင်း ဆိုတော့ ဇနီးသည်ဘက်တောင် သိပ်မပါချင်တော့ဘူး။ ဇနီးသည်က အပေါက်ကလည်း ဆိုး ပြင်ပြင်ဆင်ဆင်လည်း မရှိ ကိုး။ သည်တော့ ခင်ပွန်းသည်ခင်မျာလည်း ပါ သွားရှာတဲ့ သဘောပေါ့။ ဇနီးသည်ကလည်း အားကျမခံ ဆိုပဲ …။
အင်း… ထားလိုက်ပါတော့။ နောက်တဆင့်တက်လို့ ပြောရရင်တော့ ကောင်မလေး ငယ်ငယ် ချောချောလေးတွေ၊ မင်းသမီးငယ်ကလေးတွေက လက်မထပ်ခင် living together တွေနေကြ၊ ကိုယ်ဝန်တွေရှိကြ၊ ဟောဆို ..  မာနကြီးစွာနဲ့ အိမ်ပေါ်က ကောက်ဆင်းပြီး တစ်ယောက်တည်း ရပ်တည်မလိုလိုနဲ့ မိုးပေါ်ကကျလာတဲ့ သူဌေးတွေနဲ့  တွေ့ပြီး စောင့်ရှောက်လို့ ကလေးမွေးပါတယ်။
အိမ်ကြီး အိမ်ကောင်းကနေပြီးတော့လည်း မိဘနဲ့ မနေဘဲ အပြင်မှာ ကောင်မလေးတွေ တယောက်ထဲ နေကြတာတွေလည်း ပြလို ပြရဲ့ပါ။ သူတို့ကြိုက်တဲ့ ကောင်လေးနဲ့လည်း လင်မယားလို နေကြကြောင်းကိုလည်း ပြပါတယ်။ တခါ တခါ တချို့အခန်းတွေတော့ ကျော်သွားတာတွေ ရှိပါတယ်။ သို့ပေမယ့် မှန်းလို့ ရပါတယ်။ အဲဒါ ဘာဖြစ်လို့ မြန်မာပြည်မှာ ဒီလိုအကျင့်စာရိတ္တ ဖောက်ပြန်တာတွေကို ဖောဖောသီသီ ပြတာလဲ .. မေးချင်တယ်ဗျာ။
နောက် ပိုလာတာတွေကတော့ လက်စားချေတာတွေ ပါ။ ခံ တုန်းကတော့ ခေါင်းငုံ့ခံ နေကြပြီး နောက်ဆုံးကျတော့ လက်စားချေကြ ပါတယ်။ လက်စားချေကြတာမှ တဖက်က မကောင်းမှုလုပ်သူတွေကိုတောင် သနားလာတဲ့အထိ လက်စားချေပြကြပါတယ်။ လက်စားချေကြရာမှာလည်း ငွေကြေး ဥစ္စာ ဓနတွေနဲ့ ပစ်ပေါက်ပြီးမှ လက်စားချေလို့ ရပါတယ်။ အဲဒီလိုသူဌေးတွေ ဖြစ်သွားအောင်လည်း မိုးပေါ်ကနေ ကျလာတဲ့ ရွှေထုတ်ကြီး ရလာတဲ့အတိုင်း ဟောဆို ချက်ချင်း သူဌေး ဖြစ်သွားပါတယ်။ လက်စားချေတဲ့အပိုင်းမှာလည်း စိတ်တူ ကိုယ်တူတွေ ပူးပေါင်းပြီး ကိုယ်မကျေနပ်သူကို ၀ိုင်းပြီး လက်စားချေလို့ ရကြောင်းကိုလည်း မကြာမကြာ သင်ခန်းစာ ပေး ပေး နေပါတယ်။
နိဂုံးချူပ် ဆိုရရင်တော့ ကိုရီးယားကားများဟာ အများပြည်သူက အပြစ်ကြီးလို့ ယူဆ သတ်မှတ်ထားတဲ့ အရာတွေကို ပေါ့သွားအောင် သက်သက်သာသာဖြစ်အောင် ပြနေတယ်လို့ ဆိုရမှာပါပဲ။
“ ဒီလိုပဲ မှားမှာပဲ  … ဘာဖြစ်သလဲ … ဒါ ဘာမှ မဟုတ်ပါဘူး။ အလကားပါ။ ဒီအပြစ်က လုပ်မိတာ ဘယ်တတ်နိုင်မလဲ  …” စသည်ဖြင့် စိတ်သက်သာရာရအောင် လုပ်လိုက်သလိုပါပဲ။
ဒီတော့ စစ်အစိုးရ ကျူးလွန် ဖောက်ဖျက်နေတဲ့ အပြစ်ကြီးတွေကိုလည်း ဘာမှ မဟုတ်သလို ဖြစ်သွားအောင်များ ပြည်သူလူထုကို စိတ်ဓါတ်စစ်ဆင်ရေး တိုက်ကျွေးနေတာများလား။ ခက်တာက ကိုရီးယားကားထဲကလို ရွှေထုတ်ကြီးက မိုးပေါ်က ကျ မလာသေးတော့ ဒီဘက်က လက်စားချေလို့တော့ မရဘူးသေးဘူးပေါ့ ခင်ဗျာ …။
သွပ် သွပ် သွပ် …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts