>Than Soe Hlaing – After the exit of Burmese Regime Leader

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

စစ်အစိုးရ ခေါင်းဆောင် တပ်မှ အနားယူပြီးနောက်
သန်းစိုးလှိုင်၊ ရန်ကုန်
သြဂုတ် ၂၉ ၊ ၂၀၁၀
သောကြာနေ့ ညနေက ထွက်ပေါ်ခဲ့တဲ့ နအဖရဲ့ ထိပ်ဆုံး ခေါင်းဆောင်၃ ဦး တပ်ရာထူးတွေမှ အနားယူခဲ့တယ် ဆိုတာကို ကြားသိရတော့ ရန်ကုန် နိုင်ငံရေး စိတ်ဝင်စားသူ၊ စီးပွားရေးနယ်ပယ်၊ သတင်းစာလောက အသီးသီးမှာ အံ့သြခဲ့ကြတာပါ။
ရန်ကုန်က သာမန်လူတွေ အကြားမှာတော့ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာ မကြားရသေးပါဘူး၊ ဈေးတွေထဲ လမ်းတွေထဲမှာ ဒီသတင်းကို သိပ်မပြောဆိုကြတာပါ။ ပြည်ပရေဒီယို အစီအစဉ် ပုံမှန်နားထောင်သူတွေကြားထဲမှာသာ သိရှိကြတဲ့ သဘောဖြစ်ပါတယ်။ နယ်မြို့ကြီး တစ်မြို့မှ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကတော့ သူ့အနေနဲ့ ရေဒီယိုနားထောင်လို့ ဒီသတင်းကို ကြားပြီးပြီလို့ ပြောပါတယ်။ နအဖ ခေါင်းဆောင်တွေ စစ်ရာထူးမှ နှုတ်ထွက်ပေမယ့် ရုတ်တရက် ဘာ အပြောင်းအလဲမှ ဖြစ်လာစရာ သူမမြင်ဘူးလို့ ပြောပါတယ်။ ဒီခေါင်းဆောင်တွေ အနေနဲ့ လက်ရှိအာဏာကို ကောင်းကောင်း ထိန်းထားနိုင်နေသေးတယ်လို့ပဲ သူမြင်ကြောင်း ပြောပါတယ်။ 
ဗိုလ်ချုပ်မှူးကြီး ရဲ့  ကစားကွက်
အသက် ၇၇ နှစ် အရွယ်ထိ စစ်တပ်ရာထူးတွေကို ဆုပ်ကိုင်ထားပြီးနောက် ရွေးကောက်ပွဲ မကျင်းပမီ လပိုင်းအလိုလေးမှာ တပ်ရာထူးတွေကို ရုတ်တရက်အနားယူထွက်သွားကြလို့  နအဖ စစ်ခေါင်းဆောင်တွေ စစ်တပ်ကို မခွာနိုင်ရဲ ကြတော့ဘူးလို့ ထင်မြင်ယူဆထားတာ မှားသွားပါတယ်။
မကြာခင်ကာလအထိ နိုင်ငံရေး စောင့်ကြည့်သူတွေက သူ့အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုသာ ဆက်လက်စွဲကိုင်ထားပြီး သူရရွှေမန်းကို သမတဖြစ်စေ လုပ်ခိုင်းလိမ့်မယ်လို့ တွက်ဆထားခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တန်းမှာ အများ မထင်မှတ်ထားတဲ့ အကွက်ကို ကစားခဲ့တာဖြစ် ပါတယ်။
မဆလ ခေါင်းဆောင် ဦးနေ၀င်းဟာ အာဏာသိမ်းပြီး ၁၂ နှစ်အကြာ ၁၉၇၄ ခုနှစ်မှာရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဝတ်လဲခဲ့ပါတယ်။ သူယုံကြည် စိတ်ချတဲ့  သူကိုကာကွယ်ရေး ဦးစီးချုပ် အဖြစ်ထားခဲ့ပြီး သူနဲ့ အတူ ဦးစန်းယု၊ ဦးစိန်ဝင်းတို့ကို အရပ်သားတွေ အဖြစ်ပြောင်းစေပြီး မဆလ အစိုးရအဖွဲ့အနေနဲ့ တပ်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်နောက်ပိုင်း တပ်ကသူ့အပေါ် သစ္စာဖောက်တဲ့ အဖြစ်အပျက် တစ်ခုမှ မဖြစ်ပျက်ခဲ့ပါဘူး။ စစ်ထောက်လှမ်းရေး ညွှန်ချုပ် ဖြစ်သူ ဗိုလ်ချုပ်တင်ဦး (မျက်မှန်ကြီးဟု လူသိများသူ) အဖြစ်အပျက်သာ ၁၉၈၃ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာပါ။
ဦးနေ၀င်း လုပ်သလို အခုလည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုက်လုပ်ရဲတာကို နိုင်ငံရေး အကဲခတ်သူတွေက အံ့အားသင့်ကြတာလည်း ဖြစ်ပါတယ်။ ဦးနေ၀င်းဟာ ပုဂ္ဂိုလ်ရေး သြဇာကြီးမားသူဖြစ်ပြီး သူ့ကို ရိုသေပြီး ကြောက်ကြတဲ့ တပ်ခေါင်းဆောင်တွေ အများကြီးရှိခဲ့တာပါ။ သူ့ရဲ့ အရှိန်အ၀ါ သမ္ဘာကိုမလွန်ဆံဝံ့ သူတွေ မဆလ ခေတ်တပ်မတော်ထဲ အများကြီးရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဦးနေ၀င်းလို ကစားကွက်မျိုး ကစားတယ်ဆိုရင် စွန့်စားမှုကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့  သူဟာ ဦးနေ၀င်းလို တပ်ကိုလွှမ်းမိုးနိုင်တဲ့ သမိုင်း အစဉ်အလာ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ သူလက်ရှိ တပ်ကိုချုပ်ကိုင်ထားတာဟာလည်း  စစ်အရာရှိတွေရဲ့ အကြောက်တရားနဲ့ အကျိုးစီးပွား ဆိုတဲ့ အချက်နှစ်ချက်ထဲနဲ့ ချုပ်ကိုင်ထားတာပါ။ ဦးနေ၀င်းဟာ ၈၈ ခုနှစ်နောက်ပိုင်း တပ်ကိုတိုက်ရိုက် မကိုင်တွယ်တော့တဲ့နောက် သူ့ရဲ့ သြဇာအာဏာ ကျဆင်းလာပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုအာခံပြီး သူ့ကိုယ်ပိုင်သြဇာကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို တပ်ကိုတိုက်ရိုက်မထိတွေ့တော့ရင် တပ်ကိုထိတွေ့ တာဝန်ယူတဲ့သူရဲ့ အမိန့်က အာဏာဖြစ်လာတဲ့ သဘောပါပဲ။ အဲဒီ အချက်ဟာ န၀တ ၊ နအဖခေတ် စစ်တပ်ရဲ့ အစဉ်အလာ တခုဖြစ်ခဲ့ပါပြီ။ လက်ရှိစစ်အာဏာ ကိုင်ထားသူကိုသာ အကြောက်တရားနဲ့ သစ္စာခံရမယ် ဆိုတဲ့အစဉ်အလာပါ။ ဗိုလ်ချုပ်တွေရဲ့ လက်အောက်ငယ်သား စစ်အရာရှိတွေဟာ သူ့တို့ရဲ့ အထက်စစ်အရာရှိကြီးတွေ ဒီနေ့တပ်က အနားယူ သို့မဟုတ် အနားပေးခံရရင် နောက်ရက်တွေမှာ အိမ်ကိုလည်း မသွားရဲကြ၊ လူမှုရေးကိစ္စတွေမှာလည်း လည်ပတ်ဝင်ထွက်တာ မလုပ်ရဲကြတော့ပါဘူး။ မဆလခေတ်လို ရာထူးမရှိတော့လည်း ဆရာတပြည့် ဆက်ဆံရေးမျိုး မမွေးမြူထားရဲကြတောတာပါ။
ဒီအချက်က ဘာကိုပြသလဲ ဆိုရင် စစ်တပ်အရာရှိကြီးတွေ နဲ့လက်အောက် ငယ်သားတွေ အကြား ပစ္စုပ္ပန်ကျတဲ့ ဆက်ဆံရေးပဲ ရှိတာကိုပြတာပါ။ အခုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူလိုက်ပြီးနောက် သူအစဉ်အလာချခဲ့တဲ့ စစ်တပ်က သူ့ကိုဘယ်လို ဆက်ဆံမလဲဆိုတာ စောင့်ကြည့်စရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီး ရဲ့ ကွက်ကျော်ချက်
နကိုက မျှော်လင့်တွက်ချက်ထားကြသလို ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မခန့်အပ်ပဲ သူရရွှေမန်းကိုပါ အနားယူတဲ့ အထဲဆွဲခေါ်သွားတဲ့ အဖြစ်က မမျှော်လင့်ထားတဲ့ အဖြစ်ပါ။ သူ့ကိုပါ အနားယူစေပြီး သူ့ထက် တဆင့်နှစ်ဆင့် ငယ်တဲ့ ဒု- ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်ခန့်လိုက်ပြီး ဒု- ဗိုလ်ချုပ်ကြီးကိုကိုကို က ဒုကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပါတယ်။
သူရရွှေမန်းကို ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မခန့်တော့တဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းက သူ့ကို ခန့်အပ်ရင်တပ်ကို အမှန်တကယ် ထိတွေ့စီမံခန့်ခွဲနိုင်မယ့် အရည်အချင်းရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ နအဖ ခေါင်းဆောင် ဗိုလ်ချုပ် သန်းရွှေအနေနဲ့ ကိုယ်တိုင်စီမံခန့်ခွဲ နိုင်စွမ်းရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်ထက် သူရမြင့်အောင်က သူ့ထက်ပိုပြီး ၀ါရင့်တဲ့ ဗိုလ်ချုပ်ကြီးတွေကို ကျော်ပြီးခန့်လိုက်တဲ့ အတွက် သစ္စာစောင့်သိရမယ့် အချက်ကိုလိုချင်သလို သူ့အနေနဲ့ ကြိုးကိုင်ရလွယ်မယ့်သူ ကိုရွေးချယ်တဲ့ သဘောလည်း ဖြစ်ပါတယ်။ သူ့နဲ့ မတိမ်းမယိမ်း ဖြစ်သူ ဗိုလ်ချုပ် မောင်အေးကိုလည်း ချန်မထားတဲ့ အပြင် အခြားတပ်မှာ အနေကြာပြီး ရာထူးကြီးသူ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်ကိုပါ တပ်ကနေ တခါထည်း ဆွဲထုတ်သွားခဲ့တာ ကိုလည်းတွေ့ရပါတယ်။
တပ်ကို အသက်ငယ်တဲ့ ဗိုလ်ချုပ်တွေနဲ့  အားသစ်လောင်းလိုတာထက် တပ်မှာ အနေမကြာသေးတဲ့သူတွေကို ရာထူးခန့်ခြင်းက ကြိုးကိုင်ရတာ လွယ်ကူမယ်ဆိုတာပဲ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts