>
ပြည်သူ့ဂုဏ်ရည်အဖွဲ့က မိတ်ဆွေမြို့နယ်များ အသီးသီး ၂၀၁၁ အတွက် ပြင်ဆင်မှုများ စတင်
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၂၁၊ ၂၀၁၀
၂၀၁၀ ခုနှစ်မှာ မြန်မာပြည်တွင်းက လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတို့ကို ရွေးချယ် ဂုဏ်ပြုတဲ့ ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုစတင်ခဲ့ပြီး နာရေးကူညီမှုအသင်းက ကိုကျော်သူကို ပြည်သူဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းက မြန်မာမိသားစုများ၊ မြန်မာပြည် ချစ်သူများရဲ့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများဟာ အခုဆိုရင် လာမယ့် ၂၀၁၁ အတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အကြမ်းအားဖြင့် ၂၀၁၁ မေလ၀န်းကျင်မှာ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်မယ့် အခမ်းအနားကို ကျင်းပနိုင်ဖို့၊ အဲသည်အခမ်းအနားကို ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများက အိမ်ရှင်အဖြစ် ဆောင်ရွက်နိုင်ဖို့ ပဏာမသဘောတူထားကြတယ်လို့ ဆိုပါတယ်။
အခုအချိန်ကတည်းက စပြီး မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူ ဂုဏ်ယူဖွယ်ရာ မြန်မာများ၊ အသင်းအဖွဲ့များ စာရင်းပြုစုကြဖို့၊ ထုတ်ပြန်အသိပေးကြဖို့ ၀ိုင်းဝန်းကြရန်၊ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုချီးမြှင့်နိုင်ဖို့ ရန်ပုံငွေ ရှာဖွေ စုဆောင်းကြရန်၊ အများပြည်သူအားလုံးက ၀ိုင်းဝန်းကူညီ ပါဝင် အားပေးမှုတွေ ပိုမိုရရှိစေဖို့ စည်းရုံးလှုံဆော်ကြရန် ယခုကတည်းက အမေရိကန်ရှိ စိတ်ဝင်စားသူ မြို့နယ်အသီးသီးက စိတ်ဝင်စားသူ လုပ်အားပေးတွေ၊ စေတနာရှင်တွေ၊ မိတ်ဆွေတွေ လုပ်ဆောင်နေကြပြီ လို့ သိရပါတယ်။
ဘတ်ဖဲလိုးအရပ်က မြန်မာအသိုင်းအ၀န်းတွေထဲမှာဆိုရင် သူတို့မြို့နယ်မှာ ၀ိုင်းဝန်းဆောင်ရွက်မှုတွေ လုပ်ကိုင်နိုင်ဖို့ မြို့နယ်အဖွဲ့ကို စည်းရုံးရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ စာရင်းစိစစ် ပြုစုရေး စတဲ့ လုပ်ငန်းကော်မီတီလေးတွေ နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့ပြီ လို့ ဆိုပါတယ်။
နယူယောက်မြို့နယ်က မိတ်ဆွေတွေ ဆိုရင် နယူးယောက်နွေရာသီ ရခိုင်သင်္ကြန်ပွဲက ဈေးရောင်းပွဲမှာ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုအဖြစ် တီရှပ်တွေ ရောင်းတာ၊ ပို့စကဒ်နဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ စိတ်ဝင်စားသူတွေ အသင်းအဖွဲ့တွေကို လိုက်လံ ရှင်းလင်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီးအတွက် ရန်ုပုံငွေ မတည်နိုင်ဖို့ စေတနာရှင်တွေကို လိုက်လံစည်းရုံးပြီ ၅ ဒေါ်လာ ရန်ပုံငွေ အဖွဲ့တခု ဖိတ်ခေါ် ထူထောင်နေပြီ လို့လည်း သိရပါတယ်။
ဆန်ဖရန် ဘေးဧရိယာက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေကတော့ အများသူငှာ သိရှိစေဖို့၊ မိတ်ဆက်တဲ့ လှုပ်ရှားမှုတွေ လုပ်တယ်လို့ ဆိုပါတယ်။ ဘေးဧရိယာအတွင်းက ဘာသာရေး၊ လူမှုရေးပွဲတော်တွေမှာ မိတ်ဆွေမိသားစုတွေက တဦးလျင် ၅ ဒေါ်လာနှုန်း ၀ိုင်းဝန်းထည့်ဝင်ပြီး အများကောင်းမှုအဖြစ် ကုညီ ဆောင်ရွက်ကြတယ်လို့ ရှင်းပြပါတယ်။ နယူးယောက်မြို့နယ်မိတ်ဆွေတွေ ထုတ်ဝေတဲ့ တီရှပ်တွေ၊ လက်ကမ်းစာစောင်တွေ မှာယူပြီး ရန်ပုံငွေ ရှာဖို့၊ အများသိစေရန် ဖြန့်ဝေတာတွေ လုပ်ကြမယ်လို့ လည်း တိုင်ပင်နေတယ်လို့ ပြောပါတယ်။
နောက်ဆုံး ကြားသိရတာတခုကတော့ – အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေရဲ့ ရန်ုပုံငွေ ရှာဖွေမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဂီတ၀ါသနာရှင်တွေ၊ မြန်မာတေးချစ်သူတွေအတွက် ကာရာအိုကေစက်များနဲ့ သီဆိုဖျော်ဖြေနိုင်မယ့် ဂီတဆည်းဆာနဲ့ အစားအသောက်ပွဲတော်တခုကို ရှေ့လထဲမှာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ် ပထမဦးဆုံး အိမ်ရှင်မြို့နယ်အဖြစ် အယ်အေက ပြည်သူ့ရဂုဏ်ရည်မိတ်ဆွေတွေက ဆုပေးပွဲ အခမ်းအနားကို ကောလိပ်တခုရဲ့ ခမ်းမမှာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခု ၂၀၁၁ အတွက် ရန်ပုံငွေ လှုပ်ရှားမှုအပြင် မိတ်ဆွေတွေ တိုးတက် ကျယ်ပြန့်ဖို့ပါ အာရုံပြု ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ သူတို့ရဲ့ ၀က်ဆိုက် – http://CitizenOfBurma.org မှာ သတင်းတွေ၊ လှုပ်ရှားမှုတွေ၊ ဂုဏ်ယူဖွယ်ရာ အမည်စာရင်း တင်သွင်းဖို့ စာမျက်နှာ စတာတွေ တင်ဆက်ထားတဲ့ အပြင်၊ ၂၀၁၀ ခုနှစ် အခမ်းအနား ရုပ်သံမှတ်တမ်းကိုလည်း အပိုင်းတွေ ခွဲပြီး တင်ဆက်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေအဖြစ် ၀ိုင်းဝန်း လက်တွဲ ကူညီကြဖို့၊ လုပ်အားပေးတွေ၊ စေတနာရှင်တွေ၊ မိတ်ဆွေတွေ၊ အကြံဥာဏ်တွေ ကြိုဆိုလျက် ရှိကြောင်း၊ မြို့နယ်တွေအလိုက် ၀ိုင်းဝန်းကြဖို့ မျှော်လင့်နေကြောင်း သူတို့က ပြောကြားလိုက်ပါတယ်။