>
တိုက်ပွဲခေါ်သံ
ဒီိရဲထက်
ဇွန် ၈၊ ၂၀၁၀
၁. အကြောက်တရားနဲ့ဘောင်ခတ်
တွေဝေတဲ့စိတ်ဓါတ်တွေနဲ့
ကျွန်ဓါတ်ကိုခုံမင်နှစ်သက်
ပျားရည်လိုထိုင်လျက်ရင်း
ညံ့ဖျင်းတဲ့ လုံ့လကြားမှာ
ကံကြမ္မာကိုပုံချပြီး
ငါတို့ရဲ့ဘိုးဘွားတွေသာ
ပုံစံခွက်ထဲမှာ နေတတ်ခဲ့ရင်
လွတ်လပ်ရေးနေ့ဆိုတာ
ကမ္မည်းထိုးစရာ ဖြစ်မလာနိုင်ဘူး။ ။
၂. ဖိနှိပ်မှု ချုပ်ချယ်မှု
နယ်ချဲ့ကျွန်ပြုမှု
ရာစုနှစ်တခုရဲ့သမိုင်းမှာ
ခြောက်တိုင်းကြောက် ဖိတိုင်းသာပိ
ချုပ်တိုင်းသာမလှုပ်
လှုပ်ချင်သာလှုပ် ခေါင်းငုံ့ခံ
မတွန်းလှန်ခဲ့ဘူးဆိုရင်
တော်လှန်ရေးနေ့ဆိုတာ
သမိုင်းတင်စရာ ရှိမလာနိုင်ဘူး
၃ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်
အသွေးအသက်တွေစတေး
ပေးဆပ်မှုတွေနဲ့အရင်းတည်
အတိတ်သမိုင်းဆီက
မြင့်မြတ်သူတို့ရဲ့နှလုံးသား
ငါတို့တန်ဖိုးထားတတ်ရမယ်။ ။
၎ အဲဒါဟာ
စွန့်ပြီးမစားသွားခဲ့ကြတဲ့
သူရဲကောင်းတို့ရဲ့“မော်ကွန်း”
တော်လှန်ရေးရဲ့ “နိမိတ်ပုံ”
ငါတို့နှစ်သက်ခုံမင်တတ်ရမယ်။ ။
၅ လေဆိုတာကို
တ၀ကြီးရှုရှိုက်ခွင့်ရတဲ့အခါ
ရေဆိုလည်းအသင့်
သောက်သုံးခွင့်ရှိတဲ့အခါ
အစားအစာအပြည့်အစုံ
အဆင်ပြေသုံးဆောင်နိုင်တဲ့အခါ
ဒါတွေဟာ
မရှိမဖြစ်ပါလားလို့
တန်ဖိုးမထားတတ်ကြပေမဲ့
မွန်းကြပ်တဲ့ပိတ်လှောင်မှု
ကန္တရခရီးတခုနဲ့
အစားအစာပြတ်လပ်
အငတ်ဘေးနဲ့ ကြုံတဲ့အခါ
အသက်ရှင်သန်ဖို့ လိုအပ်လာသလိုမျိုး
တန်းဖိုးမဖြတ်နိုင်မှန်းသိသလို
လွတ်လပ်မှုဆိုတာ နတ္တိ
ချုပ်ချယ်မှုအတိနဲ့
တိုင်းတပါးရဲ့ ကျွန်ပြုမှုအောက်က
လွတ်မြောက်လိုမှု မွန်းကြပ်မှု
အတားအဆီးကြားက ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးရရှိလိုမှု
အရာအရာကို အံတုပေါက်ဖွား
တမျိုးသားလုံးရဲ့ နှလုံးသားမှာ
အမြစ်တွယ်တတ်လာသလိုမျိုး
“တန်ဖိုး” မဖြတ်နိုင်တဲ့အရာ
အဲဒါဟာ
အမျိုးသားရေးစိတ်ဓါတ်ပါပဲ
“၆၂” ခုနှစ် တော်လှန်ရေးကောင်စီ “အစ”
“၇၄” ခုနှစ် မဆလပါတီအလယ်
“၈၈” ခုနှစ် ဒီကရေစီအရေးတော်ပုံ
ဆယ်စုနှစ် “နှစ်စုံ” အကြား
စစ်တပ်ဆိုတဲ့ အာဏာရှင်အောက်မှာ ရှင်သန်ဖွားမြောက်လာခဲ့ကြတဲ့
မြန်မာပြည်သူလူထုရဲ့
ကံကြမ္မာအဆုံး
လူ့အခွင့်အရေးတွေ စုန်းစုန်းမြုပ်
လွတ်လပ်မှုတွေ ဆိတ်သုန်းခဲ့ရပေါ့။ ။
၆ ဒီမိုကရေစီအရေး လူ့အခွင့်အရေး
“၈၈” မှာသွေးနဲ့ရေးခဲ့ကြတဲ့
အရေးတော်ပုံစိတ်ဓါတ်
မြင့်မြတ်နှလုံးသွင်း
ညီညွတ်ခြင်းဆိုတဲ့ အင်အား
သွေးတော့ကွဲမသွားလိုက်နဲ့
မြွေပွေး “ခါးပိုက်” ပိုက်
အဆိပ်ပင်ရေလောင်း
သူခိုးကို ဓါးရိုးကမ်း
သမိုင်းတရားခံ မဖြစ်စမ်းနဲ့ဟေ့။ ။
၇ ငါတို့ လက်ကို အမိအရဆွဲ
တစ်မျိုးသားလုံးနွံထဲနစ်မယ့်
ဓါးသွားထက်က ပျားရည်စက်
“လျှာ”နဲ့ လျက်ကြမယ်ဆိုရင်
၉၀-ခုနှစ်က ရရှိခဲ့တဲ့
NLD-ရဲ့ မြင့်မားတဲ့ ဂုဏ်သိက္ခာ
မြောင်းထဲမှာ နစ်သွားတော့မှာပေါ့။ ။
၈ အားလုံးသတိ
ရှေ့ဆက်ရမယ့် အနာဂတ်ကိုကြည့်
သိက္ခာရှိရှိခြေလှမ်းကိုပြင်
နွားကွဲရင် ကျားဆွဲ
သမိုင်းထဲက သင်ခန်းစာ
ပစ္စုပ္ပန်မှာ အဖြေညှိ
“၆၅” နှစ်ရှိပြီးဖြစ်တဲ့
တော်လှန်ရေး သန္နိဌာန်
“၂၀၁၀” ရဲ့ တိုက်ပွဲခေါ်သံကြား
ဂုဏ်ဒြပ်မြင့်မားတဲ့ သမိုင်းတခု
ငါတို့ -ထုဆစ်လိုက်ရအောင်။ ။
(၂၇.၃.၂၀၁၀. နေ့ က. NLD `ရုံးချုပ်.တွင်ကျင်းပသော တော်လှန်ရေးနေ့  နံရံကပ်စာစောင်မှ ပထမဆုရကဗျာ)