>Maung Soe Moe – Your Car and Your Ditch

>

ငါ့ကားငါမောင်း ဘယ်မြောင်းရောက်ရောက်
မောင်စိုးမိုး
ဇွန် ၁၊ ၂၀၁၀
သူငယ်ချင်း …
မင်းစီးတဲ့ မြင်း
မင်းပဲဇက်ကိုင်
မင်းနိုင်လို့ မင်းစိုင်း
စစ်ကိုင်းပဲ ရောက်ရောက်
ဘယ်ပဲရောက်ရောက်ပေါ့။ 
သူငယ်ချင်း …
မင်းစီးတဲ့လှေ
မင်းခြေ မင်းလက်
မင်းတက် မင်းကိုင်
မင်းနိုင်လို့ မင်းထိုး
ပဲခူး(ဗဂိုး)ပဲ ရောက်ရောက်
ဘယ်ပဲရောက်ရောက်ပေါ့။ 
သူငယ်ချင်း …
မင်းစီးတဲ့ကား
မင်းသား မင်းမယားနဲ့
အားလုံးတက်ထိုင်
မင်းနိုင်လို့ မင်းမောင်း
ဘယ်မြောင်းပဲ ရောက်ရောက်
ဘယ်ချောင်းပဲ ပေါက်ပေါက်ပေါ့။ 
ဒါပေမယ့် သူငယ်ချင်း
မင်းမောင်းတဲ့ဘတ်စ်ကား
ဒို့အများ စီးတဲ့အခါ
သွက်သွက်ခါနေပုံများ
အားလုံးက ‘ရင်မ’ ထားပြီးတော့
‘ဘုရား’ ‘ဘုရား’ ‘ဘုရား ‘ဘုရား’နဲ့
တပဲသား ကုသိုလ်
ငရဲဆို အနန္တ
အရှင်လတ်လတ်
ငရဲကျနေကြပေမယ့်
မင်းကတော့ ကြမ်းမြဲမို့
ဝမ်းနည်းစရာ ပြည်သူ့အသက်
ဘယ် “ဖက်” နဲ့ ထုပ်ရပါ့မလဲ သူငယ်ချင်း။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts