>Bogalay Farmers faced abuse from the Local Authority and Fish Businessman

>

ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာက လယ်သမားများကို ဒေသခံအာဏာပိုင်နဲ့ လုပ်ငန်းရှင်တို့က မတရားဖိနှိပ်
သတင်းရင်းမြစ် – ဦးအေးမြင့် (လမ်းပြကြယ်)
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၂၈၊ ၂၀၁၀
ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာလူထု စုပေါင်းဆောက်လုပ်ထားသော ထွန်းနိုင်တမံအမည်ရှိ ၂၅ ပေ တူးမြောင်းကို ငါးလုပ်ငန်းရှင် ကိုရင်ထွေး၊ မရင်ထွေး မောင်နှမ နှစ်ဦးက ဒေသခံရဲများနဲ့ ပေါင်းပြီး ဖောက်ဖျက်ပစ်ခဲ့သည်။ သို့အတွက် တမံအောက်ဖက်ရှိ လယ်သမား ၂၄ ဦးမှာ စိုက်ပျိုးရန် မဖြစ်နိုင်တော့ဘဲ လယ်များ ပျက်စီးကုန်ကြသည်ဟု သိရသည်။
လယ်သမားများက ရေများကို ထိန်းသိမ်းရန်အတွက် တူးမြောင်းများ ဆည်ဖို့ပြီးထားလေ့ရှိရာ ဆည်မြောင်းဥပဒေအရ ထိုတမံများတွင် ငါးလုပ်ငန်းသမားများက ငါးဖမ်းခွင့် မရှိဟု သိရသည်။ ငါးလုပ်ငန်းလုပ်ကိုင်သူများက ၎င်းတို့ လေလံဆွဲထားသော ဧရိယာအတွင်း ကျုးကျော်ရောက်ရှိနေသော တံမံဟု စွပ်စွဲပြီး ထွန်းနိုင်၏ လယ်ထိပ် ၂၅ ပေတူးမြောင်းကို ဖောက်ချလိုက်ခြင်း ဖြစ်သည်။ ဒေသခံအာဏာပိုင်တို့နဲ့ ပူးပေါင်းထားသော လုပ်ငန်းရှင်တို့က လယ်သမားကိုထွန်းနိုင်ကို ရေချိုငါးဥပဒေဖြင့် တရားစွဲကာ ထောင် ဒါဏ် ၁ လ ချမှတ်နိုင်ခဲ့ကြသည်ဟု ဆိုသည်။ ကျေးရွာလူကြီး ဦးအေးက ကိုထွန်းနိုင်ဖက်က အမှန်အတိုင်း ကာကွယ်ထွက်ဆိုရာ ဦးအေးကိုပါ မြို့နယ် မယကအဖွဲ့က ရာထူးမှ ဖြုတ်ချပစ်လိုက်သည်ဟု သိရှိရသည်။
“အဲသည်နယ်တွေမှာ လယ်သမားတွေရှိတယ်။ ငါးလုပ်ငန်း ကန်ထရိုက်တွေ ရှိတယ်။ ငါးဖမ်းခွင့်ယူထားတဲ့ ဧရိယာတွေထဲမှာ လယ်ထဲက ငါးတောင် လယ်သမားတွေက မိသားစုစားဖို့ မဖမ်းရအောင် တချို့လုပ်ငန်းရှင်တွေက တားမြစ်ချုပ်ချယ်ကြတယ်။ ကိုထွန်းနိုင်ကို အမှုဆင်ဖမ်းတော့ လယ်သမားတွေက ကိုယ့်လယ်ထဲ ရေတောင် ဆင်းမချိုးရဲတော့ဘူး။ တူးမြောင်းထဲမှာတော့ ဆည်မြောင်းဥပဒေအရ ငါးဖမ်းခွင့်မရှိဘူး။ အမိန့်စာတွေ ထုတ်ထားတာ ရှိတယ်။ အခုက တူးမြောင်းကို ဖောက်ချပစ်ပြီး လယ်တွေ ရေမြုပ်ကုန်အောင်လုပ်။ အဲသည်မှာ ငါးဖမ်းဖို့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး လုပ်ငန်းရှင်တွေက အနိုင်ကျင့်တာ ဖြစ်တယ်” ဟု ဒေသခံများက ပြောကြသည်။
ယခုအချိန်တွင် ဒေသခံ လယ်သမားများက ဆက်လက်စုဝေးပြီး အရေးယူနိုင်ရန် ကြိုးစားနေကြသည်ကို ကြားသဖြင့် ဒေသခံအာဏာပိုင်တို့က ထိုတမံကို ပြန်ဖို့ဖို့ လယ်သမားများအား တဖက်လှည့်ခိုင်းရန် အာဏာသုံးပြီး ကြိုးစားသေးသည်ဟု သိရသည်။ ငါးလုပ်ငန်းရှင် ကိုရင်ထွေး မောင်နှမကလည်း ဒေသခံအာဏာပိုင်တို့ထံ တမံပြန်ဖို့ပေးရန်အတွက် ငွေ တသိန်းခွဲ ထုတ်ပေးထားသည်ဟု ဆိုသည်။ လယ်သမားများက ငြင်းထားသဖြင့် နောက်ထပ်ခန့်ထားသူ အာဏာအလွဲသုံးသည့် ကျေးရွာ ရယကလူကြီးက လူငှားပြီး တမံကို ပြန်ဖို့ပေးလိုက်သည်ဟု ဆိုသည်။ ယခု ဓာတ်ပုံများတွင် ထိုတမံနှင့် လယ်သမားမျက်မြင်သက်သေများကို တွေ့ရမည် ဖြစ်သည်။
“ဒီလို တူးမြောင်းတွေကို လယ်မြေဧက ၅၀၀ ကျော် အကျိုးအတွက် လူထုလုပ်အားနဲ့ တူးခဲ့ကြတာ ဖြစ်ပါတယ်။ အဲသည်တူးမြောင်းကို ကိုထွန်းနိုင်လယ်နားမှာ တမံပိတ်ထားတာပါ။ သည်လိုမျိုး မပိတ်ရင် ရေတွေ က အောက်ဖက်လယ်တွေကို ဖုံးလွှမ်းသွားမယ်။ အခုလိုမျိုး တမံပိတ်ပြီး လယ်လုပ်နေကြတာလည်း ၁၀ နှစ်လောက် ရှိကြပြီ။” ဟု လမ်းပြကြယ်အဖွဲ့၏ ဦးအေးမြင့် မိုးမခသို့ ပြောကြားသည်။
(ဓာတ်ပုံများ – ထွန်းနိုင်တမံဖို့ထားသည့်နေရာတွင် တွေ့ရသော မျက်မြင်သက်သေ လယ်သမားကြီးများ၊ ဘိုကလေး – ရန်ကုန်လမ်း၊ မော်လမြိုင်ကျွန်းမြို့က ရာဇူဒိုင် (၂) တံတား မြင်ကွင်း)
လယ်သမားကြီးများ၏ ရုပ်သံများ
http://www.youtube.com/user/moemaka#grid/user/7096ED230674CE2E

လယ်သမားများ၏ အာဏာပိုင်အဆင့်ဆင့်သို့ ဖြစ်ရပ်မှန်ကို တင်ပြခဲ့သည့်စာများ
ဆည်မြောင်းဌာနက ပေးပို့သည့် ညွန်ကြားစာ မိတ္တူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts