>Moe Cho Thin – To Ne Ko Ye

>

နီကိုရဲရေ …
မိုးချိုသင်း
အောက်တိုဘာ ၂၄၊ ၂၀၀၉
          နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။ ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။
          ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။
          ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။
          တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။
          ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။
          ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။
          အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။)
          အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက် တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။
          အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။
          နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။
          အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။
(မိုးချိုသင်းဘလော့ဂ်က ကူးယူဖော်ပြပါတယ်။ သရုပ်ဖော်ပုံက စောမင်းဝေ။ မဂ္ဂဇင်းသရုပ်ဖော်ပုံကို ဖြတ်ပြီး ပြန်လည်တင်ဆက်တာပါ။ ကျေးဇူးပါပဲ။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts