>Electricity Shortage affected on CNG cars

>

ရန်ကုန်မှာ မီးပျက်၊ စီအင်ဂျီသုံးကားများ အခက်ကြုံ
မိုးမခအထောက်တော်၊ ရန်ကုန်

အောက်တိုဘာ ၂၃၊ ၂၀၀၉
ရန်ကုန်မြို့စွန်ရှိ စီအင်ဂျီ အရောင်းဆိုင်တဆိုင်တွင် လောင်စာ ဖြည့်နေသည့် ခရီးသည်တင်ဘတ်စ်ကား နှင့် အငှားကား တချို့


ရန်ကုန်တွင် လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပြတ်တောက်နေမှုကြောင့် စီအင်ဂျီ (ဖိသိပ် သဘာဝဓာတ်ငွေ့ Compressed natural gas) အရောင်းဆိုင်များက ဓာတ်ငွေ့ အချိန်ပြည့် မဖြည့်ပေးနိုင်တော့သဖြင့် စီအင်ဂျီသုံး တက္ကစီ နှင့် ဘတ်စ်ကားများ ၄ နာရီခန့် တန်းစီစောင့်ဆိုင်းနေရပြီး ပြေးဆွဲချိန် နည်းပါးလျက် ရှိသည်ဟု ကားမောင်းသူများက ဆိုသည်။

အောက်တိုဘာလ တတိယပတ်အတွင်း ရန်ကုန်မြို့၏ လျှပ်စစ်မီးဖြန့်ဝေမှု သိသာစွာ လျော့ကျခဲ့ပြီး မြို့လယ်ပိုင်း မြို့နယ်များအတွက် ရေဖြန့်ဝေရေး လုပ်ငန်းများ၊ ရန်ကုန်မြို့ ခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ထိခိုက်နေသည်။ ထပ်ဆင့် အကျိုးဆက်များ အဖြစ် ရန်ကုန်မြို့လယ်တွင် ရေပြတ်လတ်ခြင်း၊ စီအင်ဂျီသုံးကားများ တခါလောင်စာဖြည့်ရန်အတွက် အနည်းဆုံး ၃၊ ၄ နာရီမှ ထိုထက်ပိုပြီး တန်းစီနေရသည်ကို တွေ့ရှိရသည်။

အငှားကား မောင်းသူတဦးက “ကျွန်တော်တို့က မြို့ထဲနဲ့ အနီးဆုံး သာကေတ စီအင်ဂျီဆိုင်မှာ သွားထည့်တာ မနေ့က ၄ နာရီ စောင့်ရတယ်။ နေ့ဖက် မောင်းတဲ့သူအနေနဲ့ မောင်းချိန် ၁၀ နာရီ ၁၁ နာရီ ရတဲ့အထဲ စီအင်ဂျီဖြည့်ချိန်က ၄ နာရီလောက် ကုန်သွားတော့ အရင်လို ၀င်ငွေမရတော့ဘူး” ဟု ဆိုသည်။
ရန်ကုန်မြို့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ အချိန်ထိမ်း ဂိတ်မှူးတဦး ကလည်း “ဘတ်စ်ကားတွေက စီအင်ဂျီဖြည့်ဖို့ တန်းစီနေကြရတော့ နေ့ခင်းဖက်ဆို လမ်းမှာ ကားနည်းနေတာ သိသာတယ်။ ခရီးသည်တွေ အနေနဲ့ ကားကျဲသွားတော့ အချိန် ပိုကြာကြာ စောင့်ရတယ်” ဟု ဆိုသည်။

တက္ကစီစီး ခရီးသည် တဦးကလည်း “တက္ကစီ ငှားတဲ့အခါ ကားမောင်းသူတွေ အနေနဲ့ စီအင်ဂျီရဖို့ အချိန်အကြာကြီး တန်းစီထားရလို့ ဈေးနည်းနည်း ပိုပေးဖို့ ကျွန်တော်တို့ကို တောင်းပန်တယ်၊ ကျွန်တော်တို့ကလည်း အရင် သွားနေကျ ဈေးနှုန်းအတိုင်းပဲ ပေးနိုင်တော့ တက္ကစီမောင်းသူတွေက ကားကို အမြန်မောင်းပြီး အချိန်ပို ရအောင် လုပ်ကြတယ်” ဟု ပြောဆိုသည်။

နအဖ အစိုးရသည် ၂၀၀၅ ခုနှစ်ဝန်းကျင်မှ စတင်ပြီး ရန်ကုန် မြို့တွင်း ပြေးဆွဲသည့် ဘတ်စ်ကားများအား စီအင်ဂျီပြောင်းလဲရန် အတင်းအကျပ်စေခိုင်းခဲ့သည်။ ထိုသို့ ခိုင်းစေပြီး နောက်ပိုင်းတွင် လောင်စာဈေး မြင့်တက်လာမှုကြောင့် အငှားကားများပါ စီအင်ဂျီ ပြောင်းလဲလာကြသည်။ ထို့ကြောင့် ကားများ စီအင်ဂျီ ပြောင်းခွင့်ကို ခေတ္တ ရပ်တန့်လိုက် ပြန်ဖွင့်လိုက် ပြုလုပ်ခဲ့သည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် ဘတ်စ်ကားနှင့် တက္ကစီယာဉ် အစီးရေ ၂သောင်းကျော် စီအင်ဂျီ ပြောင်းလဲပြီး ဖြစ်ကာ စီအင်ဂျီ အရောင်းဆိုင် ၃၀ ကျော် ဖွင့်လှစ်ပြီး ဖြစ်သည်။

ရန်ကုန်မြို့တွင် ဇူလိုင်လလယ် ၀န်းကျင်မှ စတင်ပြီး ၂၄နာရီ နီးပါး လျှပ်စစ်မီး ရရှိခဲ့သည်။ သို့သော် အောက်တိုဘာလ တွင် နေ့စဉ် နာရီပိုင်း အလိုက် ပြန်လည် ပြတ်တောက်စ ပြုလာသည်။

၂၀၀၅ ခုနှစ် အကုန် နအဖ အစိုးရအဖွဲ့ နေပြည်တော်သို့ ပြောင်းရွှေ့ပြီး နောက်တွင် ရန်ကုန်မြို့ကို ဒုတိယ ဦးစားပေး မြို့အဖြစ်သာ ထားရှိပြီး မြို့တော် စည်ပင်သာယာရေးနှင့် လျှပ်စစ်မီး ရရှိရေးတို့မှာ ယခင်ထက် ဆိုးဝါးလာသည်ဟု ရန်ကုန်မြို့ဒေသခံများက ပြောဆိုကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts