>Miracle Escape in Melbourne

>

ရထားတိုက်မိသည့် သြစတေးလျမှ ၆ လသား သေဘေးမှလွတ်
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၁၈၊ ၂ဝဝ၉

ရုပ်သံကြည့်လိုပါက ဤနေရာကို နှိပ်ပါ။


ရထားအောက် ရောက်သွားသော်လည်း သြစတေးလျမှ ၆ လသားလေးသည် ခေါင်းတွင် ဒဏ်ရာတခုသာ ရရှိပြီး အသက်ဘေးမှ လွတ်ခဲ့သည်။ ကလေးမိခင်သည် သူ၏မျက်စိရှေ့တွင် ကလေးက ရထားအောက်ရောက်သွားသဖြင့် အလွန် စိတ်ထိခိုက်ခဲ့ရပြီး ယခုအခါ ပုံမှန်အခြေအနေပြန်ရောက်ရန် ကြိုးစားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့က မဲလ်ဘုန်းမြို့၊ အက်ရှ်ဘာတန် ဘူတာရုံတွင် ရထားစောင့်နေကြစဉ် ထိုကလေးရှိနေသည့် တွန်းလှည်းက ရထားလမ်းပေါ်သို့ မတော်တဆ ကျသွားခဲ့သည်။

ထိုအချိန်တွင် ရထားရောက်လာပြီး တွန်းလှည်းကို တိုက်သွားခြင်း ဖြစ်သည်။

ဖြစ်ပွားခဲ့သော မတော်တဆမှုကို ဘူတာရုံရှိ လုံခြုံရေးကင်မရာတလုံးက အလိုအလျောက် မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း အောက်ပါအတိုင်း တွေ့ရသည်။


ရထားအလာကို စောင့်နေပုံ။ (၄ နာရီထိုးပြီး ၁ မိနစ်မပြည့်မီး၄၉ စက္ကန့်)

ကိုင်ထားသည့် တွန်းလှည်း ရထားလမ်းဘက်သို့ လိမ့်သွားသဖြင့် မိခင်က လိုက်လံ ဆွဲယူရန် ကြိုးပမ်းသည်(း၅၂ စက္ကန့်)


တွန်းလှည်းက စင်္ကြန်ပလက်ဖောင်းမှ သံလမ်းပေါ်သို့ ပြုတ်ကျတော့မည့်ပုံ (း၅၃ စက္ကန့်)


သံလမ်းပေါ် ရောက်သွားသည်။ (း၅၄ စက္ကန့်)


ထိုအချိန်မှာပင် ရထားက သူတို့ရှေ့သို့ရောက်လာသည်။ ကလေးရှိသည့် တွန်းလှည်းကို တိုက်တော့မည်။ မိခင်ကို ရထားတိုက်မိတော့မတတ် ဖြစ်သွားသည်။ (း၅၅ စက္ကန့်)


မိခင်က သတ်မှတ်ထားသည့် မျဉ်း၏ နောက်သို့ ဆုတ်လိုက်သည်။ ရထားက ကလေးပါသည့် တွန်းလှည်းကို တိုက်ပြီး ကိုက် ၁၀၀ ကျော် ဆက်လက် ခုတ်မောင်းသွားသည်ဟု AP သတင်းဌာန၏ သတင်းတပုဒ်တွင် ရေးထားသည်။ (၄ နာရီ၊ ၁ မိနစ်)


မတော်တဆမှု ဗီဒီယိုမှတ်တမ်းကို ကမ္ဘာတလွှားတွင် ပြသခဲ့ကြသည်။ အမေရိကန်မှ နာမည်ကျော် ရုပ်မြင်သံကြား စကားဝိုင်း စီစဉ်တင်ဆင်သူ အော်ပရာဝင်းဖရေးကလည်း ကလေး၏ မိခင်ဖြစ်သူနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။

“ကျနော့် မိန်းမက ရုပ်သံပြကွက်တွေ ကြည့်ပြီးသွားပြီ။ တခါကြည့်တိုင်း သူ တော်တော်လေး ခံစားနေရတယ်” ဟု အသက် ၂၀ ကျော်အရွယ် ခင်ပွန်းသည်က ဆန်းဒေးဟာရယ် သတင်းစာကို ပြောသည်။ ခင်ပွန်းသည်က အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

“ကျနော့် မိန်းမက တော်တော်လေး စိတ်ဖိစီးနေတယ်။ ကျနော်တို့အားလုံး အဆင်ပြေပါတယ်။ ကျနော့်မိန်းမရော ကလေးပါ နေကောင်းပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့တာတွေကို ကုစားဖို့ အချိန်တော့ ယူရဦးမယ်” ဟု သူက ဆိုသည်။

မတော်တဆမဖြစ်မီက ကလေးငယ်ကို တွန်းလှည်းပုခက်အတွင်း စနစ်ကျစွာ ခါးပတ်ဖြင့် ပတ်ပြီး ထိန်းချုပ်ထားသောကြောင့် ကလေးက အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေး ၀န်ထမ်းများက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts