>N.Korea ‘helping Burma build nuclear plant’: report

>

မြန်မာပြည် နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် မြောက်ကိုရီးယားနိုင်ငံက ကူညီနေ
AFP သတင်းဌာန
ဇူလိုင် ၁၊ ၂၀၀၉


မြောက်ကိုရီးယားနိုင်ငံက မြန်မာပြည်တွင် နျူကလီးယား ဓာတ်ပေါင်းဖို နှင့် ငါးနှစ်အတွင်း အဏုမြူ ဗုံး တလုံး တည်ဆောက်ရန် ရွှေ့ပြောင်းနိုင်သည့် ပလူတိုနီယမ် စက်ရုံ တို့ကို လျှို့ဝှက် တည်ဆောက်ရေးအတွက် အကူအညီ ပေးနေသည်ဟု သိရသည်။ မြန်မာပြည်မှ ထွက်ပြေးလာသူများကို ကိုးကားပြီး ယနေ့ ထွက်ပေါ်လာသော သတင်းတပုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပေါင်းဖိုသည် မြန်မာပြည် မြောက်ပိုင်း Naung Laing အရပ်ရှိ တောင်တန်းများအတွင်း လျှို့ဝှက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ရုရှနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် အရပ်ဘက် နျူကလီးယား ဓာတ်ပေါင်းဖိုအနီးတွင် ရှိနေကြောင်း Sydney Morning Herald သတင်းစာတွင် ရေးထားသည်။

မြောက်ကိုရီးယားက မြန်မာနိုင်ငံကို နျူကလီးယား နည်းပညာ လွှဲပြောင်းပေးမည်ကို စိုးရိမ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော်ပြောကြားပြီး မကြာမီမှာပင် ဤသတင်းပေါက်ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာအစိုးရတွင် နျူကလီးယား ရည်မှန်းချက်ကြီး ရှိနေကြောင်း မိုးကြိုး နှင့် တင်မင်း ဟု အမည်ခံထားကြသည့် မြန်မာပြည်မှ ထွက်ပြေးလာသူများက သြစတေးလျ သုတေသီ မစ္စတာ ဒက်စမွန်ဘော ဆိုသူကို ပြောပြကြသည်ဟု ဆိုသည်။

“သူတို့ပြောတာကတော့ ကျန်းမာရေးအတွက်ရည်ရွယ်တယ်၊ ဆေးရုံတွေမှာ သုံးဖို့ ဆေးပစ္စည်းတွေ ထုတ်လုပ်မယ်လို့ ပြောတာပဲ” ဟု တင်မင်း ဆိုသူကို ကိုးကားပြီး ပြောပြသည်။

“နျူကလီးယားသိပ္ပံ နည်းပညာကို သုံးတဲ့ဆေးရုံ မြန်မာပြည်မှာ ဘယ်နှစ်ခု ရှိလို့လဲ” ဟု တင်မင်းက ပြောသည်။ “မြန်မာပြည်မှာ လျှပ်စစ်မီးတောင် ပုံမှန် ရတာမဟုတ်ဘူး” ဟု ဆိုသည်။

တပ်မတော် အရာရှိအဖြစ် တာဝန်ယူခဲ့သူ မိုးကြိုးကလည်း တပ်သား တထောင် ပါဝင်သည့် “နျူကလီးယား ရေးရာ တပ်ဖွဲ့”ကို ကိုင်တွယ်ရန်အတွက် သင်တန်းတက်ခဲ့ဖူးသည်ဟု ဆိုသည်။ မြန်မာပြည်က မြောက်ကိုရီးယား နှင့် အီရန်နိုင်ငံတို့ကို ယူရေနီယံ သတ္တုများ တင်ပို့ခဲ့သည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts