>Aung Chaint & Thit Kaung Eain – Poem for Khin Khin Pyo


>

ခင်ခင်ပျိုရေ သို့ ကဗျာများ

အောင်ချိမ့် နဲ့ သစ်ကောင်းအိမ်

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

အောင်ချိမ့်

တရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ

ငါ စောင့်ခဲ့တယ်။

မီးလျှံလို

ကြိုးတန်းမှာ လိမ်ညှစ်လှန်းထားတဲ့ အ၀တ်လို

ပျောက်ဆုံးသော အရာ

ငါ စောင့်ခဲ့တယ်။

ခင်ခင်ပျို ရေ

ငါ စောင့်ခဲ့တယ်။

ကိုယ်က ပြောစရာရှိပြီး

သူက ပြောစရာ မရှိတော့သော ယတိပြတ်မှုကို

ငါ ချိန်းဆိုခဲ့ပါတယ်။

ငါ စောင့်ခဲ့တယ်။

(အောင်ချိမ့်၊ ပိတော်ပွင့်သစ်၊ ဇန်န၀ါရီ ၂၀၀၉)

ခင်ခင်ပျိုရေ … ညနေခင်းဆို လေတွေပြို

သစ်ကောင်းအိမ်

တောမီးလောင်နေချိန်မှာ

တောကြောင်တွေ လမ်းသလားနေတာ

ဆန်းသလား မေပျိုရယ်

ဗိုလ်အောင်ကျော်လမ်း

ဆဲဗင်းန် လက်ဘက်ရည်ဆိုင်မှာ

ငူငူ ငိုင်ငိုင်နဲ့

ကိုအောင်ချိမ့်တယောက်တော့

ခင်ခင်ပျိုကို စောင့်နေရှာသတဲ့

၃၃ လမ်းရေ

၃၃ ဘ၀ မက ငါလွမ်းဆွတ်မိပါရဲ့

ခုချိန်ဆို

၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ

စာငှက်ကလေးတွေ

အိပ်တန်းတက်နေရှာရော့မယ်

ဒီမယ် ကိုလှသန်း

ငါတို့ အောင်မြင်မှုဟာ

ညနေခင်းအရက်ဝိုင်း

အဲဒီ အရက်ဝိုင်းမှာ

အရက်တပိုင်းတော့ လပ်ဟာနေမှာပဲ

အဲဒီ ခွက်ကို

ကျနော်သောက်မယ်။





(သစ်ကောင်းအိမ်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts