အုန်းနိုင်

Ohm Naing – Articles

ဘယ်သူမှ ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မာမာ မရှိကြ – (၄)
အုန်းနိုင်
ဇူလိုင် ၁၄၊ ၂၀၁၃


ဒီလိုအခြေအနေကကြည့်ပြီး သဘောထားတခုတော့ရလိုက်ပါတယ်။ အခြေအနေဆိုတာ တနိုင်ငံလုံးဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ တ ကယ့် ပတေ့နတေ့အချိန်ဆိုရင် ဘယ်သူမှ ဟန်ဟန်ပန်ပန် မရှိပဲ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတတ်တဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များရဲ့ အခြေ အနေတွေကို ဆိုလိုတာပါ။ တကယ့်ကြိတ်ကွင်း နှိပ်ကွင်းအချိန်ကျရင် ကောင်စီဥက္ကဌအနားမှာ ကိုယ်ရှိနေဖို့လိုတယ်။ ကျဉ်းထဲကျပ်ထဲမှာ ကျရင် သူတယောက်တည်း ချီတုံချတုံ အခြေအနေမျိုးမှာ မဟုတ်တဲ့လူက မဟုတ်တဲ့အကြံညဏ်ပေးလိုက်ရင်လည်း  အဲဒီဘက်ပါသွားမှာပဲ။ ကိုယ်ရှိရင် ကိုယ့်ဘက်ပါနိုင်တယ်။
အထက်တန်းကျောင်းတုန်းက ဆယ်တန်းအထိ အတူတူနေခဲ့ပြီး ကျနော် ဆယ်တန်းအောင်တဲ့နှစ်မှာ သူကကျပြီး စစ်တပ်ထဲဝင်သွားတာ။ ငယ်ငယ်က ကျောင်းသားဘ၀အနေအထားအရ သူ့အနေနဲ့ ကိုယ့်ကို တခြားသူတွေထက် အလေးထားနိုင်ကောင်းရဲ့။ အရေးအကြောင်း  ကာလဆိုရင် တခြားသူတွေပြောတာထက် ကိုယ်ပြောတာကို လက်ခံလောက်တယ်..။ ဒီအချက်ကိုတော့ သဘောထားတခုအနေနဲ့   ပိုင်ပိုင် နိုင်နိုင် ချထားနိုင်ခဲ့ပါတယ်..။
ကျနော့်အနေနဲ့တော့ တိုင်းပြည်မှာ တခုခုဖြစ်တော့မယ်လို့ ထင်နေပါတယ်..။ ကျနော်သာမဟုတ်ပါ..။ ကျနော်တို့ တရားသူကြီးအဖွဲ့ ဥက္ကဌ ကတောင်  …“ဟိုခေတ်တုန်းက  ခေတ်ပျက်ရင် တောကိုပြေးလို့ရတယ်..။အခုတော့ ကျနော်တို့တွေ တောကိုပြေးရင်လဲ တို့ကိုထောင်ချ ထားတဲ့ တရားသူကြီးတွေဆိုပြီး ၀ိုင်းချကြမှာ..။ ကိုင်း ဦးဒီလုံး ဘယ်နှယ်လုပ်ကြမလဲ” လို့ နောက်သလိုလိုပြောပါတယ်.။ သူကလဲ ပြော တော့မှာပေါ့.။ လွန်ခဲ့တဲ့လတုန်းက  ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်းနဲ့ ပေါင်းတည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှတင့်တို့နှစ်ဦး  ဧရာဝတီတိုင်းကအပြန် ပေါင်းတည်မှာ တညအိပ်ဝင်တည်းသွားတုန်းက ပြောခဲ့တာတွေကို ကြားပြီးပြီကိုး..။
အဲဒီတုန်းက မတ်လမှာ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်သေရတဲ့ကိစ္စဖြစ်ပြီး နောက်နေ့တွေမှာ ကျောင်းသားတွေ လမ်းပေါ် ထွက်ဆန္ဒပြလို့ မတ်လ (၁၆) ရက်နေ့ အင်းလျားကန်ဘောင်မှာ နောင်..တံတားနီအရေးအခင်းလို့တွင်လာတဲ့ လူသတ်ပွဲရယ်၊ နောက်..လူငါးဆယ်လောက်ဆန့်တဲ့ အချုပ်ကားထဲကို မျက်ရည်ယိုဗုံးဒဏ်ခံထားရတဲ့သူတွေရော၊ တခြားသူတွေပါ လူတရာနီးပါးလောက်ကို   ပြွတ် သိပ်ထည့်ပြီး မြို့ပတ်မောင်းနေလို့ နောက်ဆုံး အင်းစိန်ထောင်ရောက်ချိန်မှာ အားလုံးအသက်ရှူကြပ်ပြီး  သတိလစ်နေကြတာ..။ နောက် တော့ အားလုံးသေကုန်ကြတဲ့အရေးတွေကြောင့် စုံစမ်းရေးကော်မရှင်ခန့်ပြီး စုံစမ်းစေခဲ့ပါတယ်..။ အဲဒီစုံစမ်းရေးကော်မရှင်မှာ ဦးလှတင်က  အဖွဲ့ဝင်ပါ..။
ဦးတင်အောင်ဟိန်းနဲ့ ဦးလှတင်တို့ ပေါင်းတည်မှာ ညအိပ်တည်းခိုတဲ့ညက ဗိုလ်တဲမှာ ဒေသခံတွေနဲ့ စကားပြောဖြစ်ပါတယ်..။ ဦးတင်အောင် ဟိန်းကပဲစပြီး အခု ဧရာဝတီတိုင်းကိုသွားတဲ့ကိစ္စဟာ လယ်သမားတွေမကျေနပ်မှုဖြစ်လို့ သွားခဲ့ရတဲ့အကြောင်း..။ မကျေနပ်မှုတွေဟာ  လယ်သမားတွေထဲမှာတင်မဟုတ်တော့ပဲ အလုပ်သမားနဲ့ဝန်ထမ်းတွေထဲမှာလည်း ထုနဲ့ထည်နဲ့ တည်ရှိနေကြောင်း ပြောပါတယ်။ တဆက် တည်းမှာပဲ ဦးနေ၀င်းက  အစီရင်ခံစာရေးခိုင်းတဲ့ကိစ္စကို ဆက်ပြောပါတယ်..။
အာဏာပိုင် ဗဟိုအဖွဲ့  ခေါင်းဆောင်သုံးဦးကို တဦးစီ အစီရင်ခံစာ ပွင့်ပွင့်လင်းလင်းရေးသားတင်ပြဖို့  ဦးနေ၀င်းကခိုင်းလို့ သူကတော့ တ ကယ်တိုင်းပြည်မှာ ဖြစ်နေ ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်းရေးခဲ့ကြောင်း၊ ဒါပေမယ့် ဦးနေ၀င်းဆီမရောက်ခင်မှာပဲ ပြန်ပြီးလျှော့လျှော့ ပေါ့ပေါ့ ပြင်ရေးပေးဖို့  ကြားထဲကခိုင်းတဲ့အကြောင်း၊ သူကတော့ မပြင်နိုင်ဘူး..။ ခင်ဗျားတို့ ပြင်ချင်ရင် ပြင်ရေး..။ ခင်ဗျားတို့ ပြင်ပြီးသားပဲ ဖတ်ပြမယ်လို့ပြောလို့.အမြီးနှုတ် ခေါင်းနှုတ်လုပ်ကြကြောင်း..။ ဒါတောင် အာဏာပိုင်အဖွဲ့ သုံးခုဆုံပြီး ဦးနေ၀င်းကို ဖတ်ပြပြီးတဲ့အခါ။ ကျန် တဲ့အဖွဲ့ဝင်တွေကတောင် ဦးတင်အောင်ဟိန်း “တယ်..လုပ်လိုက်ပါလား” လို့ အဝေဖန်ခံရကြောင်း..။ စသဖြင့် သူတို့ အထက်ပိုင်းတွေမှာ ဖြစ်နေတာတွေကို တော်တော်လေးရင်ဖွင့်သွားခဲ့ပါတယ်.။ အဲဒီနောက် “ကဲ..ခင်ဗျားတို့ မေးချင်တာရှိလည်းမေးကြဦး” လို့ ဖွင့်ပေးပါတယ်..။ ဟိုဟိုဒီဒီတွေမေးကြရင်း ကျနော်က မေးခွန်းတခုမေးမိပါတယ်..။
“ဦးလှတင်တို့ ကျောင်းသားအရေးအခင်း စုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာထွက်မလာပဲ အဲဒီအစီရင်ခံစာအပေါ် နိုင်ငံတော်ကောင်စီရဲ့သုံးသပ် ချက်ဆိုပြီးထွက်လာတာ..ဘယ်လိုသဘောပါလဲ..”  ဆိုတဲ့မေးခွန်းပါ..။ ဒီတော့  ဦးလှတင်က ကျနော်လဲ အဲဒါကိုပဲပြောပြချင်နေတာပါဘဲ..ဆိုပြီး ပြောတော့တာပါပဲ..။
“ကျနော်တို့စုံစမ်းရေးအဖွဲ့က တကယ်ပဲ လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ရတယ်။ ပြောတဲ့သူတွေကလည်း  တကယ်အမှန်တွေကို ပြောပြကြ တယ်။ ကျူးလွန်သူတွေကတော့  ဘယ်ဖြေမှာလဲဗျာ။ ခံရတဲ့သူတွေကတော့ တကယ်အမှန်တွေချည်း ရဲရဲတင်းတင်းထွက်ဆိုကြတယ်။ အ ချုပ်ကားထဲက လူတွေမွန်းပြီးသေတာလည်း အမှန်ပဲ။ မမွန်းခံနိုင်မလားဗျာ။ မျက်ရည်ယိုဗုံးဒဏ်ကြောင့် မူးမေ့နေသူတွေ။ ရိုက်နှက်ခံရလို့ ဒဏ်ရာရသူတွေ..။ လူတရာကျော်ကို လူလေးဆယ်လောက်ဆန့်တဲ့အချုပ်ကားထဲ ပစ်ထည့်လိုက်ကြတာ။ တစ်ယောက်အပေါ်တယောက်  ပိပြီးညပ်ကုန်တယ်..။ အချုပ်ကားဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်းပဲ  အလုံပိတ်မှာ အပေါ်လေးပေလောက်အမြင့်မှာမှ လေ၀င်ပေါက်နဲနဲပဲ ရှိ တာ။ ပြီးတော့ နေ့ခင်း နေပူပူမှာ သုံးနာရီလောက် မြို့ကိုပတ်ပြီးမောင်းနေတာဗျ။ အကုန် အသက်ရှူကြပ်ပြီး သေကုန်ကြတယ်”
“နောက်ပြီး အင်းလျားကန်ဘောင် တံတားဖြူ (နောင် တံတားနီ) မှာလည်း တကယ်ရက်ရက်စက်စက် လုံထိန်းတွေကလုပ်တာကိုး။ နှစ်ဖက် ပိတ်ပြီး ကန်ဘောင်ပေါ်မောင်းတင်ပြီး လိုက်ရိုက်တော့ ဒဏ်ရာရပြီး ကန်ထဲကျတဲ့သူတွေ..။ ရေကူးနိုင်မယ်ထင်ပြီး ကန်ထဲဆင်းပြေးသူတွေကို   နောက်ကနေ လှေနဲ့လိုက်ရိုက်တာ။ မိန်းကလေးတွေလဲ အများအပြားသေတယ်..။ ဒါတွေ ကျနော်တို့ အကုန်ရေးတာပဲ”
“အဲဒီလိုရေးထားတဲ့အတိုင်းတော့ ပြည်သူလူထုကို အသိမပေးသင့်ဘူးဆိုပြီး နိုင်ငံတော်ကောင်စီရဲ့ သုံးသပ်ချက်ပဲထွက်တော့ တာပေါ့..။ ဒါတောင်  ခင်ဗျားတို့ဖတ်ရသားပဲ..။ တာဝန်ရှိတဲ့သူတွေရဲ့ ပေါ့လျှော့မှုကြောင့်  မဖြစ်သင့်တာ တချို့ဖြစ်ရတယ်..။ ကျောင်းသား ကျောင်းသူနဲ့ အရပ်သားအချို့ သေရတယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို အလုပ်က ထုတ်ပစ်လိုက်တယ်ပေါ့။ အမှန်ကတော့ သူတို့ နှစ်ယောက်ရဲ့ အပြစ်တင်မဟုတ်ဘူး..။ အပြစ်ရှိတဲ့သူတွေကတော့ တပုံကြီးပဲ။ ကျောင်းသား ကျောင်းသူသေတယ်ဆိုတာ တက္ကသိုလ်ကျောင်းသားနဲ့ အ ထက်တန်းကျောင်းသားအရွယ်သာမဟုတ်ဘူး..။ လုံခြည်စိမ်းလေးတွေ ဂါဝန်စိမ်းလေးတွေနဲ့ လေးငါး ခြာက်တန်းကလေးတွေအထိ  ပါတာ ဗျာ ” …လို့   ရင်ဖွင့်ခဲ့ပါတယ်။
ဒီအပြင်လည်း အထက်ပိုင်းမှာ ဖရိုဖရဲဖြစ်နေပုံတွေ…။ မထင်တဲ့နေရာက ဖိအားတွေလာနေတတ်တာတွေပါ ပြောပြကြပါတယ်..။ ဦးတင် အောင်ဟိန်းကတော့ ကျနော်တို့တရားသူကြီးအဖွဲ့ကိုပါ ခင်ဗျားတို့ကို တရားစီရင်မှုမှာ ဖိအားပေးလာလို့ရှိရင် ဒီဖိအားအတိုင်းလုပ်ပြီး ဒီအမှု
အမှတ်နဲ့ ဘယ်လိုဖိအားကြောင့် ဘယ်လိုဆုံးဖြတ်ရတာပါဆိုတာ သူ့ဆီကို သီးခြားအစီရင်ခံဖို့ပါ ထည့်ပြောသွားပါတယ်..။     ။
(တခုခုတော့ ဖြစ်တော့မယ် (၅) ကို ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts