>Aung Way – 17

>

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၁၇)
အောင်ဝေး
နိုဝင်ဘာ ၂၂၊ ၂၀၀၈


အကယ်၍ တစုံတယောက်ဟာ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားမှုတွေကို မသိကျိုးကျွန်ပြုပြီး ကိုယ်နဲ့မဆိုင်သလို နေမယ်ဆိုရင်၊ အဲဒီလူဟာ ဖိနှိပ်ချုပ်ချယ်တဲ့ သူ၊ မတရားတဲ့သူတွေဘက်က ရပ်တည်တဲ့လူ အလိုလို ဖြစ်သွားတော့တာပါပဲ။

ပုသိမ်မှာတော့ ပြည်သူလူကြီးဟာ မသိကျိုးကျွန်ပြုပြီး မနေခဲ့ကြပါဘူး။ တာဝန်မဲ့မနေခဲ့ကြပါဘူး။

ပုသိမ်ရောက်ပြီး နောက်တနေ့နံနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်ခရီး ဆက်ပါတယ်။ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း စတဲ့ ပင်လယ်ခရီးစဉ်အတွက် ဒေါက်တာသက်မင်းနဲ့ ကျနော် ညှိနှိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူလိုက်ပါသွားပါတယ်။

ကျနော်က ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတ စတဲ့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်က ပြန်လာရင် ပုသိမ်ကနေ ဆက်သွားမယ့် ကုန်းလမ်းခရီးအတွက် ရှေ့ပြေးစီစဉ်ဖို့ နေရစ်ခဲ့ပါတယ်။ ပင်လယ်ပြင်ခရီးဆိုတာ အနည်းနဲ့အများတော့ စွန်းစားသွားလာရတဲ့ခရီးပါပဲ။ ပင်လယ်ပြင်ရဲ့ ရာသီဥတုက ဒေါ်အောင်ဆန်းစုကြည်ကို ညင်သာနွေးထွေးစွာ ကြိုဆိုလိမ့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ထားကြပါတယ်။
အဲဒီနေ့က သုံးရောင်ခြယ်အဖွဲ့က ကားတစ်စီးယူပြီး ကျနော်နဲ့ တိုင်းရုံးက NLD လူငယ်တချို့ ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ကျုံပျော်အထိ ရှေ့ပြေးခရီး ထွက်လာကြပါတယ်။

ကျနော်တို့ ရှေ့ပြေးကား၊ လိုအပ်တာတွေ ဆောင်ရွက်ပြီးလို့ ပုသိမ်ကို ပြန်လှည့်လာတဲ့ အခါမှာတော့ ကျနော်တို့နောက်ကနေ စစ်ကားကြီးတစီး ထက်ကြပ်မကွာ လိုက်ပါလာတာကို တွေ့နေရပါတယ်။

အလာခရီးတုန်းက သတိမပြုမိတဲ့ အဲဒီစစ်ကားကြီးဟာ အခု အပြန်ခရီးမှာတော့ ကျောင်းကုန်းတံတားကြီးပေါ်ကိုလည်းရောက်ရော ကျနော်တို့ သုံးရောင်ခြယ်ကားလေးကို အတင်းကျော်တက်ပြီး ရှေ့ကနေ ကန့်လန့် ပိတ်ရပ်လိုက်ပါတော့တယ်။ စစ်ကားကြီးပေါ်က စစ်သားတွေ သေနတ်ကိုယ်စီကိုင်ကာ ခုန်ဆင်းချလာပြီး ကျနော်တို့ကားကို ဝိုင်းထားလိုက်ကြပါတော့တယ်။

ကျနောာ်တို့လည်း ရုတ်တရက် အငိုက်မိပြီး ကြောင်သွားကြပါတယ်။ နောက်တော့ ကျနော်တယောက်ပဲ တာဝန်ရှိတဲ့သူနဲ့ စကားပြောဖို့ ကားပေါ်က ဆင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ‘မင်း တူးချင်းက ဆရာကြီး အေးမောင်သား မဟုတ်လား’ လို့ ဆီးမေးလိုက်တဲ့ တာဝန်ရှိသူကို ကြည့်လိုက်တော့ သူဟာ ပုသိမ်မြို့ အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်းမှာ ကျနော့်အဖေနဲ့အတူ အမှုထမ်းခဲ့တဲ့ စစ်သားကြီး ဖြစ်နေပါတော့တယ်။
‘ငါတို့မှာကွာ တနေ့လုံး မင်းနောက်ကို တကောက်ကောက်လိုက်နေရတာ၊ ငါ့ရဲ့ဘော်တွေ အခုအချိန်အထိ ဘာထမင်းမှ မစားရသေးဘူး’ တဲ့။ ကျနော် အားနာသွားပါတယ်။ သူတို့ဟာ မြောင်းမြ ခလရ (၉၃)က ရဲဘော်တွေပါ။

ကျနော်က ‘အခု ပုသိမ်ပြန်မှာပါ၊ လမ်းမှာ ဝင်စရာမရှိပါဘူး’ လို့ပြောလိုက်တော့ သူတို့စစ်သားတွေ ကားပေါ်ပြန်တက်သွားကြပါတယ်။

အဲဒီနေ့က ညနေမစောင်းခင် ကျနော်တို့ ရုံးကို ပြန်ရောက်လာကြပါတယ်။ ရုံးစောင့် ကျန်ရစ်တဲ့ ဗိုလ်မှူးကြီးအောင်ဘွင့် နဲ့ ဗိုလ်ကြီးကျော်ရှိန်၊ မြန်မာ့အလင်း အယ်ဒီတာ ဦးမြရှိန်တို့ကို ကုန်းလမ်းခရီးဘက်က NLD မြို့နယ်စည်းအဖွဲ့တွေ ကြိုတင်ပြင် ဆင်ထားကြတဲ့ အခြေအနေတွေကို ကျနော်ပြောပြပြီး၊ အဲဒီတညအတွက်တော့ အေးအေးလူလူပဲ၊ ညစာစား အိပ်ရာဝင်လိုက်ပါတယ်။

ညသန်းခေါင်လောက်မှာတော့ စစ်ထောက်လှန်းရေး (၄) က စစ်ဗိုလ်နဲ့ စစ်သားတွေ တံခါးလာခေါက်ပြီး၊ ကျနော်နဲ့ NLD လူငယ်တသိုက်ကို ‘ခဏလိုက်ခဲ့ပါ’ ဆိုပြီး ခေါ်ချသွားလိုက်တာ ညတွင်းချင်းပဲ ပုသိမ်အကျဉ်းထောင် သီးခြားတိုက်ထဲ ပို့လိုက်ပါတော့တယ်။

နောက်တနေ့မိုးလင်းတော့ ထောင်ထုံးစံအတိုင်း မိလ္လာချ မျက်နှာသစ် တိုက်ခန်းတံခါး ဖွင့်ပေးပါတယ်။ အုတ်ရေကန်လေးဆီ ကျနောာ်ဆင်းလာတော့ လား- လား- အဲဒီမှာ ဗိုလ်ကြီးအောင်ဘွင့်၊ ဗိုလ်ကြီးကျော်ရှိန်၊ မြန်မာ့အလင်းအယ်ဒီတာ ဦးမြရှိန်တို့အပြင် ပုသိမ်အနောက်မြို့နယ် NLD တာဝန်ခံ အငြိမ်းစား ဗိုလ်ကြီးထွန်းတင်နဲ့ ပုသိမ်အရှေ့ မြို့နယ် NLD တာဝန်ခံ အငြိမ်းစားရဲအုပ်ဦးဇော်ဝေ တို့ကို ပါတွေ့လိုက်ရပါတော့တယ်။

ဒီတော့မှပဲ ကျနော်တို့ ဆယ့်လေးငါးယောက်ကို အာဏာဖီဆန်ရေး ပုဒ်မ ၁၄၄ နဲ့ ဖမ်းတယ်ဆိုတာ ဘွင်းဘွင်းကြီး နားလည်လိုက်ရတော့တာပါပဲ။

ကျနော်တို့ကို ဖမ်းတဲ့နေ့က ၁၉၈၉ခုနှစ် ဇန်နဝါရီလ (၁၇) ရက်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သိရှာလေမှာမဟုတ်ပါဘူး။ ။

(မူရင်း – Radio Free Asia, Burmese Service)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts