>
မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ – ၂၁
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၇၊ ၂၀၀၈
ဆရာတော်များ၏ လေဘေးကယ်ဆယ်ရေးကို စစ်အစိုးရနဲ့ အပေါင်းအပါများ နှောက်ယှက်
မြန်မာပြည်အနှံ့ရှိ သံဃာတော်၊ ဆရာတော်ကြီးများ၊ ကျောင်းထိုင်ဆရာတော်များ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဧရာဝတီတိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်လျှက်ရှိရာ ဗုဒ္ဓဘာသာဝင်များသာမက ဘာသာ လူမျိုးစုံ အသီးသီးတို့က ၀ိုင်းဝန်းပြီး အလှူများ၊ စေတနာလုပ်အားများဖြင့် ဆောင်ရွက်နေကြသည်ကို အားရကြည်နူးဖွယ်တွေ့နေရသည်ဟု ဆိုသည်။ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ကို တပြည်သားအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း ဒီလိုအချိန်မျိုးမှ မပြသနိုင်လျင် ဘယ်အချိန်တွင်မှ မျိုးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်ကြောင်း ပြကြမည်နည်းဟု ဆရာတော်တပါးက ပရိသတ်သို့ ပြောကြားသည်ကို မျက်မြင်တဦးက မိုးမခသို့ သတင်းပေးသည်။
ယခုအချိန်တွင် စစ်အစိုးရက တိုက်ရိုက်အနှောက်အယှက်မပေးသေးသော်လည်း ၎င်းတို့ အပေါင်းအပါများ၊ အုပ်ချုပ်ရေး ၀န်ထမ်းများ၊ လက်နက်ကိုင်များက ခရီးစဉ်များ ကြန့်ကြာအောင် ဂိတ်များ၊ စိစစ်ရေးအစီအစဉ်များ တိုးမြှင့်လာသည်ကို တွေ့ရသည်။ နိုင်ငံခြားသားများကို ခရီးသွားလာရေး ကိစ္စများ ကန့်သတ်ပြီးနောက်၊ ကယ်ဆယ်ရေးထွက်လာသူ မြန်မာလူမျိုးများကိုပါ မည်သို့သော နည်းမျိုးစုံသုံးပြီး ကန့်သတ်မည်ကို အားလုံးက စောင့်ကြည့်နေကြသည် ဆိုသည်။ အပြင်လူ မ၀င်ရ၊ အတွင်းလူ မထွက်ရ ဆိုသော တခါးပိတ်ဝါဒကို ကျင့်သုံးနေကျ စစ်အစိုးရအဖို့ မုန်တိုင်းဘေး ကယ်ဆယ်ရေး၊ စောင့်ရှောက်မှုတို့ကို မည်သို့ ဖြေရှင်းမည်ကို ထင်ရှားစွာ မတွေ့ရသေးပေ။ နာဂစ်သတင်းများကို ဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြခွင့်ပေးပြီးနောက် ပြန်လည် စိစစ်ကန့်သတ်အုံးမည်ဟုလည်း သတင်းပြန်ထွက်လာပြန်သည်။
အမေရိကန်က မြန်မာနဲ့တရုတ်ကို အခမဲ့ ဖုန်းပြောနိုင်ပြီ
တပ်မတော် အဆိုအရ – ရ သောင်းကျော် သေ၊ ၅ သောင်း ပျောက်ဆုံး
စစ်အစိုးရ သတင်းများအဆိုအရ လေဘေးကြောင့် သေဆုံးသူ ၇ သောင်း ၈ ထောင်၊ ပျောက်ဆုံးသူ ၅ သောင်း ၆ ထောင် ဟု ဆိုပြီး၊ နိုင်ငံတကာ အကူအညီအဖွဲ့များက သေဆုံးသူ ၂ သိန်းခွဲ၊ ဒုက္ခသည် ၂ သန်း ကျော် ရှိမည်ဟု ခန့်မှန်းထားသည်။
မေလ ၁၅ ရက်နေ့က တရုတ်ပြည်တွင် ဖြစ်ပွားသော ငလျင်ကြောင့် လူ ၅ သောင်းသေ၊ ၁၀ သန်း ဒုက္ခရောက်၊ ၁ သောင်းကျော် မြေအောက်ပိနေဆဲ၊ ၃ ရက်အတွင်း တရုတ် ၀န်ကြီးချုပ်ကိုယ်တိုင် ဆင်းပြီး တရုတ်ကွန်မြူနစ်ပါတီကိုယ်တိုင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရာ အကူ အမေရိကန်ဒေါ်လာ ၁၈၆ သန်း ကျော်သွားပြီ ဖြစ်သည်။
တပ်မတော် အစိုးရကမူ ပြင်သစ် စစ်ရေယာဉ်ဖြင့် ကမ်းတက်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် အကူအညီပေးရန် ချဉ်းကပ်လာမှုကိုပင် ထပ်မံ ငြင်းဆိုထားသည်။
မြန်မာနိုင်ငံအမျိုးသားရေး လှုပ်ရှားမှု မြှင့်တင်ရေး ကိုရီးယားအဖွဲ့က ကမကထပြုသော အစီအစဉ်က ကောက်ခံရရှိငွေများအနက် သိန်း ၈၀ ကို ပေးပို့လှူဒါန်းပြီး ဖြစ်ကြောင်း ကြေညာထားသည်။
စစ်အစိုးရက စစ်တပ်တွေလွှတ်ပြီး အလောင်းတွေရှင်းခိုင်းထားရာမှာ၊ ရန်ကုန်က ရဲတပ်ဖွဲ့ဝင်တွေကိုပါ ထပ်မံအားဖြည့်လိုက်သည်။ အလောင်းများက လက်ဝတ်လက်စား၊ ရွှေ ငွေတို့ကို ဖြုတ်ယူပြီး ရောင်းစားနေကြသဖြင့် မြစ်ဝကျွန်းပေါ် ရွှေဈေး ၈၀၀၀ သာ ရှိတော့သည်။ ၀ယ်မည့်သူ မရှိသေးပေ။ ထို လေဘေးက ပိုင်ရှင်မဲ့ ရွှေများကို မည်သို့အမည်တပ်ကြပြီး အမြတ်ထုတ်လာကြမည်လဲကို စောင့်ကြည့်နေကြသည်။
နိုင်ငံတကာက လေဆိပ်တွင် အကူအညီများ လာရောက် စုပုံထားကြရာ နိုင်ငံတော်က ဒုက္ခသည်များထံ အရောက် မည်သို့ပို့ဆောင်မည်ကို မသိရသေးမီ၊ ရန်ကုန်ရှိ ကုန်လှောင်ရုံအနှံ့အပြားတွင် သိမ်းဆည်းထားလျက်ရှိသည်။ ယခု စက်မှုဇုန်များရှိ ပုဂ္ဂလိက ကုန်လှောင်ရုံများအထိပါ ပို့ဆောင်သိမ်းဆည်းနေရသည်ဟုဆိုသည်။ လေဘေးအကူပစ္စည်း လက်ခံနေသော တပ်မတော် တပ်ရင်းများအတွင်းတွင်လည်း မည်သို့သော အမျိုးအစားမျိုးကို မည်သူကသာ သိမ်းဆည်းသင့်သည်ဟု အငြင်းပွားနေကြကြောင်း ကြားသိရသည်။
ယနေ့ထုတ်ပြန်သော အမေရိကန်အမတ် ၄၁ ဦး လက်မှတ်ထိုး ထုတ်ပြန်သောစာတွင် အမေရိကန်သမ္မတအနေဖြင့် ပြင်သစ်နှင့် ဗြိတိန်တို့နှင့် ပူးပေါင်းပြီး မြန်မာပြည်လေဘေးကယ်ဆယ်ရေးကို အချိန်မနှောင်းမှီ တိုက်ရိုက်အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားသည်။
အသေအပျောက်နှုန်းများ မြှင့်တက်နေပြီး အထွေထွေ ဘေးအန္တရာယ်ကျရောက်နေသော လေဘေးဒုက္ခသည် မြန်မာပြည်သားများကို မေတ္တာရှေ့ထားပြီး လူသားချင်းစာနာသော ၀င်ရောက်အရေးယူမှုကို ဆောင်ရွက်ကြပါရန်၊ အောင်ဆန်းစုကြည် ဦးဆောင်သော အဲန်အယ်ဒီပါတီက ပြည်သူတို့ ကိုယ်စား တောင်းပန်နေသည့်အတိုင်း ဥပက္ခာတရားကြီးမားပြီး ဗြဟ္မစိုရ်တရားခေါင်းပါးသော စစ်အစိုးရကို နားချစောင့်ဆိုင်းနေခြင်းဖြင့် အချိန်မဖြုံးစေလိုကြောင်း အချက်များ ပါဝင်သည်။