>There’s no place to host Chinese Olympic Touch in San Francisco

>

ဆန်ဖရန်စစ္စကိုမှာ တရုတ်အိုလံပစ်အတွက် ပြေးစရာ မြေမရှိ
မိုးမခ အထောက်တော် ၀၀၂

ဧပြီ ၀၉၊ ၂၀၀၈

ယနေ့နေ့ခင်းမှာ ကျင်းပခဲ့တဲ့ ဆန်ဖရန်စစ္စကို တရုတ်အိုလံပစ်မီးရှူးတိုင် ချီတက်ပွဲမှာ ထောင်နဲ့ချီသော ဆန္ဒပြကန့်ကွက်သူများကြောင့် အစီအစဉ်များကို ချက်ခြင်းပြောင်းလဲခဲ့ရသည်။ ကြေညာထားသော လမ်းကြောင်းအတိုင်း အိုလံပစ်မီးရှူးတိုင် မချီတက်နိုင်တော့ဘဲ လမ်းတ၀က်မှပင် မော်တော်ယာဉ်တန်းဖြင့် ဆန်ဖရန်လေဆိပ်သို့ ညနေ ၄ နာရီတွင် ပြန်လည် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

သို့သော်လည်း တိဗက်လွတ်မြောက်ရေး အလံများ၊ ဆိုင်းဘုတ်များကိုင်စွဲထားသော ထောင်နဲ့ချီသော လူထုပရိသတ်ကြီးမှာ ဆန်ဖရန် မြို့ထဲနှင့် ကမ်းနားတန်းတလျှောက်တွင် ကြွေးကြော်သံများဖြင့် စုံဆန်ချီတက်လျက်ရှိသဖြင့် တရုတ်အိုလံပစ် မီးရှူးတိုင်ခရီးမှာ တိဗက်တို့အရေးအတွက် ကြီးစွာသော အာရုံစူးစိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်မှာ မငြင်းနိုင်ဟု မျက်မြင်တဦးက ဆိုသည်။

မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားသူများ၊ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အဖွဲ့အစည်းများ၏ ဆန်ဖရန် ဂိုးလ်ဒင်းဂိတ် တံတားကြီးကို မနက် ၁၀ နာရီမှ စတင်ဖြတ်လျောက်သော ငြိမ်းချမ်းရေး ဆန္ဒပြလမ်းလျောက်ချီတက်ပွဲမှာ လူထုပရိသတ် ၅၀၀ ကျော်ဖြင့် စည်ကားစွာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ မြန်မာပြည်အရေး တိဗက်အရေး အားလုံးရဲ့ အရေး ဟု ဆိုသည့် စာတမ်းများ၊ မြန်မာပြည်လွတ်မြောက်ရေး တိဗက်လွတ်မြောက်ရေး အားလုံးရဲ့ အရေးဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်လျက် ချီတက်ပွဲမှာ အိုလံပစ်မီးရှူးတိုင် ဟိုပြေး ဒီပြေး အိနြေ္ဓမရဖြစ်နေသည်နှင့် နှိုင်းယှဉ်လျင် အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။

ဆန်ဖရန်မြို့တော်၏ အိုလံပစ်မီးရှူးတိုင်ခရီးစဉ် ပိတ်ပွဲကို မူလစီစဉ်ထားသော ဂျပ်စတင်ဟင်းမဲလ် ပလာဇာမှာ မပြုလုပ်တော့ဘဲ ၎င်းခရီးဆက်မည့် လေဆိပ်၌တွင်ပင် “အသိမပေးနိုင်သော” နေရာတခုမှာ ကျင်းပမည်ဟု သိရသည်။ တရုတ်အိုလံပစ် မီးရှူးတိုင်ကို ကြိုဆိုပြီး ကခုန်သီဆိုကြမည့် သူများအတွက်ကတော့ စိတ်မကောင်းဖြစ်စရာဟု ဆိုနိုင်ကြောင်း၊ ပုလိပ်အစောင့်အကြပ် ထူထပ်စွာဖြင့် တမိုင်ခရီးရှည်သော လုံခြုံရေးအစောင့်အရှောက်ထူထပ်စွာဖြင့် လှည့်လည်ရသော၊ အနီးကပ်ပြီး ခရီးစဉ်ကို ဟိုမှ ဒီမှ ပြောင်းရွှေ့ရသော တရုတ်အိုလံပစ်မီးရှူးတိုင် ဖြစ်ရပ်သည် မိမိတို့ သတင်းလိုက်ခဲ့သည့် ဆန်ဖရန်ပွဲတော်များအတွင်း၊ အနှစ် ၃၀ အတွင်း အထူးခြားဆုံး လူထုပွဲတော်တခုဖြစ်ကြောင်း တီဗီသတင်းကြေငြာသူတဦးက မှတ်ချက်ပေးသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts