Han Thit Naing News Suu L Linn

two years anniversary of One More

One More မှာ ပါဝင်ဖို့ လူငယ်များကို ကာတွန်းအော်ပီကျယ် ဖိတ်ခေါ်                
 ဟန်သစ်နိုင်၊ ဆူးအယ်လင်း
စက်တင်ဘာ ၆၊ ၂၀၁၃

လူမှုကူညီရေးကွန်ရက်တခုဖြစ်သည့် One More တွင် မျိုးဆက်သစ်တို့ ပါဝင်ဆောင်ရွက်ကြရန် ထိုကွန်ရက် တည်ထောင်ရာတွင် ပါဝင်သည့် ဆရာအော်ပီကျယ်က ပြောလိုက်သည်။

ကွန်ရက်ကဲ့သို့ ဖွဲ့စည်းထားသော လူမှုကူညီရေးအဖွဲ့ တစ်ခုဖြစ်သည့် One More ၏ ၂ နှစ်ပြည့်တွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စနေနေ့ (သြဂုတ် ၃၁ ရက်နေ့)က ကျင်းပစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

 ”One More ဆိုတဲ့ခေါင်းစဉ်နဲ့ ပျိုးပင်လေးတစ်ခု ပျိုးကြည့်တယ်။  အမြစ်တွယ်ပြီးရင် ဆက်ရေလောင်းမယ့်သူ ပေါင်းသင်မယ့်သူ  မြေသြဇာကျွေးမယ့်လူငယ်တွေကို မျှော်လင့်လိုက်တာ ၊  ၂နှစ်ရှိသွားပြီ ပါမလာဘူး၊ လူငယ်တွေကို ကျွန်တော်တို့ Welcome” ဟု ကာတွန်းအော်ပီကျယ်က လူငယ်များကို ဖိတ်ခေါ်ခဲ့သည်။

      One More စတင်တည်ထောင်ခဲ့ခြင်းသည် မည်သူတစ်ဦးတစ်ယောက်မျှ ခေါင်းဆောင်နောက်လိုက်ဟူမရှိဘဲ တတ်နိုင်သူအားလုံး ပါဝင်ဆောင်ရွက်စေချင်ကြောင်းနှင့် အဓိကအားဖြင့် လူငယ်များကို ပို၍အလေးထားစေချင်ကြောင်း မိမိတို့ မရှိသည့်တိုင်အောင် One More သည် အခြေမပျက် လူငယ်များက ဆက်လက်ဆောင်ရွက်သွားစေချင်ကြောင်း၊ ထို့ကြောင့်  လူငယ်များကို ကြိုဆိုကြောင်း သူက ပြောသည်။

 One More ကို တည်ထောင်သူတဦးဖြစ်သော  စာရေးဆရာ မောင်သာချိုကလည်း ”ဗမာပြည်မှာ သန်း ၆၀ မှာ စားသောက်နိုင်တဲ့သူတွေ တစ်သန်းတော့ရှိမှာပဲ ထင်တယ်၊
ကျွန်တော်တို့ တစ်လ ငါးရာ၊ တထောင်ကောက်ပြီးတော့ ဒီကလေးတွေ ပြသနာတွေရှင်းရင် အေးတယ်”
၎င်းတို့တွင်မှ လူတစ်ဦး တစ်လ တစ်ထောင်ကောက်ခံပြီး ကလေးသူငယ်၊ ပညာရေး၊  ကျန်းမာရေး ဖွံ့ဖြိုးမှု၊ သဘာဝဘေးအန္တရယ်၊ စစ်ဘေးအန္တရာယ် စသည်တို့ကို  ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်လျှင် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုတွင်  တစ်ခုခုတော့ ပိုမိုကောင်းသွားရမည်ဆိုသည့် ရည်ရွယ်ချက် ရှိကြကြောင်း အဖွင့်တွင်ပြောကြားခဲ့သည်။

One More ၂နှစ်ပြည့်တွင် မန္တလေး ၊ ချောက် ၊ လားရှိုးမှ သ၀ဏ်လွှာများ ပေးပို့ရွှတ်ဆိုပြီး ကဗျာဆရာ ကိုရွေးကလည်း One More ကို ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုရွှတ်ဆိုခဲ့သည်။

     One More သည် မည်သူမဆို တစ်ဦးတစ်ယောက်ကို တစ်လ ကျပ် ၁၀၀၀ နှုန်းသာ လက်ခံသည်။ လစဉ်ငွေကြေးအားလုံးကို လိုအပ်သောနေရာများတွင် တစ်ပြားမကျန် လှူဒါန်းသည်။ One More သည် member သီးသန့်မထားခြင်း ၊ အဆင်ပြေသောလတွင် အလှူငွေထည့်ဝင်နိုင်ခြင်း၊ အချိန်ပေးနိုင်သူတိုင်း မိမိလုပ်အား၊ အသိပညာကိုပေးဆပ်ပြီး One More တွင်ဦးဆောင်ပါဝင်နိုင်ခြင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ One More ကို မပိုင်ခြင်း၊ အားလုံးသည် One More နှင့်သက်ဆိုင်ကြောင်း ၊ ၁၈လအတွင်း ကချင်စစ်ဘေး၊  ရခိုင်အရေးနှင့်ရေတွင်းတူး၊ ဆည်ဖို့၊ မိဘမဲ့၊ ဆေးရုံ၊ သဘာဝဘေး
 စသောနေရာပေါင်းများစွာကို လှူဒါန်းနိုင်ခဲ့သည်။

One More သည် အသက်ဘေးအန္တရယ်၊ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများကို ဦးစားပေးလှူဒါန်းခြင်း၊ အမှန်တကယ်လိုအပ်မှုများကို အထောက်အထားများဖြင့် တောင်းခံနိုင်ခြင်းများ ပြုလုပ်နိုင်သည်ဟု One More စီစဉ်သူများထံမှ သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts