စာစုတို

စိုးခိုင်ညိန်း ● ရေပွက်ပမာ

စိုးခိုင်ညိန်း ● ရေပွက်ပမာ

(မိုးမခ) မတ်လ ၂၂၊ ၂၀၁၉

ပြီးခဲ့သော နာရီဝက်လောက်က စိတ်ထဲမှာ ဘာတွေ တွေးတော ခံစားနေမိခဲ့သလဲ စဉ်းစား မရတော့သလို ဖြစ်နေသည်။ ဘာကြောင့် စဉ်းစားမရတဲ့ အကြောင်းကိုလည်း စဉ်းစားမနေချင်တော့ပေ။ ငေးရီကြည့်နေမိသော နေရောင်ခြည်ထဲမှာ ဖုန်မှုန့်တွေ လွင့်ဝဲနေတာ မြင်ရသည်။ သို့သော် ဖုန်မှုန့်များ၏ နောက်ကွယ်မှ ကြီးမားသော အရာဝတ္ထုများကိုတော့ မမြင်မိပြန်ပေ။ ခဏအကြာမှာတော့ မြင်ရသော အရာများသည် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ် သွားပြန်ကာ အခန်းကျဉ်းလေးထဲမှာ လူတစ်ယောက်၏ နေထိုင်မှုပုံရိပ်သည်ေ၀၀ါးနေသော မြင်ကွင်းမှ အရိပ်ထင်ကာ ပေါ်လာပြန်သည်။ မကြာခင်မှာပင် ထိုပုံရိပ်သည်လည်း ပျောက်ကွယ်သွားလိမ့်ဦးမည်ဟု သူ အသေအချာ သိနေသည်။ ထိုပုံရိပ်သည် သူကိုယ်တိုင်ပဲလား၊ အခြားသူတစ်ယောက်ပဲလား သူ မဝေခွဲနိုင်ပေ။ အသေအချာ ကြည့်လိုက်တော့ ထိုပုံရိပ်သည် တစ်စုံတစ်ရာကိုကြည့်ပြီး သဘောကျ ရယ်မောနေသည် ထင်ရသည်။ ဒါဆိုရင်တော့ ထိုပုံရိပ်သည် တခြားသူတစ် ယောက်ဖြစ်ရမည်။ သူသည် မရယ်မောဖြစ်ခဲ့တာ လ အတန်ကြာ ကြာခဲ့ပြီ ဖြစ်သည်။ ဘာကြောင့် ဒီလောက်ကြာအောင် မရယ်ခဲ့မိပါလိမ့်ဟု တွေးမိရင်းက ရယ်ချင်စိတ်ဖြစ်ကာ တစ်ယောက်တည်း ပြုံးလိုက်မိသည်။

အလင်းရောင်ကြောင့်ပဲလား၊ မျက်လုံးကြောင့်လား အရာရာသည် မှုန်မှုန်ဝါးဝါး ဖြစ်နေသည်။ ကြည်လင်ပြတ်သားမည့်နေ့ကို စောင့်စားရင်း ဘ၀၏ အလျားကို ရှည်လျားလာဖို့ ဆွဲဆန့်နေရသည်။ မသေမချာ၊ ဇဝေဇ၀ါ မှုန်ဝါးဝါးဖြစ်စဉ်ထဲမှာ မျှော်လင့်ချက် စောင့်မျှောခြင်းတစ်ချို့ဖြင့် ဘ၀ကို ဆက်လက် ရှင်သန်နေရသည်။ အမှန်တရားသည် မှန်ကန်သင့်တော်သော အချိန်မှာပဲ ရောက်လာဖို့ ကောင်းပါသည်။ အမှန်တရားသည် နောက်ကျသည်မည် သည် မရှိဟု ဆိုသော်လည်း တချို့အမှန်တရားသည် နောက်ကျလွန်းမှ ရောက်လာသည့်အတွက်ကြောင့် အသုံးမ၀င်တော့တာ တွေ့ကြုံခဲ့ဘူးသည်။ အမှန်တရားအတွက် အဆိပ်ခွက်ကို မဆိုင်းမတွ မော့သောက်ခဲ့ သော ဆိုကရေးတီးကို သူ အားကျစိတ် မ၀င်ခဲ့မိပေ။ အမှန်တရားရောက်လာချိန်မှာ ကယ်တင်ဖို့အသက် မမှီတော့သော အသက်တွေ ဘယ်လောက်များ ရှိနေမလဲဟု တွေးနေမိသည်။

သစ္စာမရှိဘူး၊ သစ္စာမရှိဘူးဟု သွေးရူးသွေးတန်း အော်ဟစ်ကာ ကားတစ်စီးစီးရှေ့ ခေါင်းထိုးလိုက် မယ်ဆိုပြီး ပြေးထွက်သွားသော သူငယ်ချင်းတစ်ယောက်ကို အချိန်မှီ ဆွဲထားလိုက်ကာ အသက်တစ်ချောင်း ကယ်တင်ခဲ့ဘူးသည်။ ကားလမ်းဘေးက သစ်ပင်ရိပ်အောက်မှာ နှစ်သိမ့်ဖျောင်းဖြသည့်အခါမှာ ၀မ်းနည်း ဆို့နင့်စွာ ငိုနေခဲ့သော သူငယ်ချင်းသည် အခုအခါမှာတော့ သစ္စာတရားဆိုတာ တစ်ယောက်တည်း သစ္စာ ရှိနေလို့တော့ အလကားပဲဟု ဆိုနေလေပြီ။

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း တဲ့ကွ၊ မှတ်ထားတယ်၊ အသေအချာကို မှတ်ထားတယ်၊ ငါ့ကြောင့်တော့ ဘယ်သူမှ မပျက်ဆီးသေးဘူး၊ ငါပဲ ပျက်ဆီးနေတာဟု ပြောရင်း သူငယ်ချင်းသည် အရက်ခွက်ကို တရှိန်ထိုးမော့ချလိုက်တာ မှတ်မိနေခဲ့သည်။ စကားလုံးများသည် သူ့နားထဲသို့ ကြမ်းရှစွာ ၀င်ရောက်နေဆဲ ဖြစ်သည်။ အသံတို့သည် မကြားတချက် ကြားတချက်ဖြစ်ကာ အသိစိတ်ကို ဇက်သပ်ထိန်းချုပ်နေခဲ့ရတာ ဖြစ်သည်။

အခန်းကျဉ်းလေးထဲ နေရသော သူတစ်ယောက်အဖို့ တစ်ရက်နဲ့ တစ်ရက် အခန်းထဲကနေ ၀င်လိုက် ထွက်လိုက် လုပ်နေရင်းဖြင့် အသက်က ကုန်မှန်းမသိ ကုန်ဆုံးနေခြင်း ဖြစ်သည်။ စောင့်မျှော်ခြင်းကို ဘယ်လောက်ပင် ဆွဲဆန့် ဆွဲဆန့် နေ့ရက်အချိန်တို့သည် တဖြည်းဖြည်း တိုသထက် တိုလာနေသည်။ နှာခေါင်းထဲမှ ၀င်လေ ထွက်လေတို့၏ ကြာချိန်သည် တစ်စက္ကန့်လောက်သာပဲ ကြာလိမ့်မည်ထင်သည်။ ခဏလေးပဲ ဖြစ်သည်။ အချိန်တို့သည် သွားရင်း၊ လာရင်း စားရင်း၊ သောက်ရင်း၊ နေရင်း ထိုင်ရင်း၊ ပြောရင်း ဆိုရင်း၊ ရယ်ရင်း မောရင်း၊ ငိုရင်းကြွေးရင်းဖြစ်ပင် ကုန်ဆုံးသွားနေခြင်း ဖြစ်သည်။

မနက်လင်းတာနဲ့ တစ်ယောက်တည်း၏ အဖြစ်ကို မေ့လျော့ထားကာ ဟောင်းနွမ်းနေသော မျက်နှာကို အသစ်လုပ်ရသည်။ လူသစ်စိတ်သစ်နဲ့ နေ့သစ်တစ်ခုစတင်ရမည်ဟု ကိုယ့်ဟာကိုယ် ကြိုးစား တွေးယူကာ စိတ်သက်သာရာ ရှာယူရသည်။ မီးဖိုချောင်းထဲမှာ သူမက ကော်ဖီဖျော်နေမှာပဲလို့ ဇွန်းသံ ပန်းကန်သံကို ကြားယောင်ကာ သူသည် အယောင်ယောင် အမှားမှား ဖြစ်နေသေးသည်။ ဘ၀၏ အဆောင်အယောင်ကို ဒီလိုပဲ ထင်ယောင်ထင်မှားနဲ့ တံလျပ်ကို ရေထင်ကာ မျက်နှာပြင်မှာ ပွက်ထသော ရေပူဖောင်းလေးပမာ အေးမြမှုကို ရှာယူရသည်။

မီးဖိုချောင်းထဲမှ ကြွတစ်ကောင်၏ ဖြတ်ပြေးသွားသံ ကြားလိုက်ရမှ တကယ့် အသံအဖြစ် ရေချိုးခန်းထဲမှ ရေကျနေသံကို ကြားလိုက်ရသည်။ သူမပဲ ဟု အထင်ဖြင့် ဟေ့ မပြီးသေးဘူးလား၊ အအေးပတ်မယ်ဟု အော်ပြောလိုက်မည်ဟု စိတ်က ဖြစ်သွားလိုက်သေးသည်။ ရေချိုးခန်းထဲ သွားကြည့်လိုက်တော့ ရေဘဲဟာ ပွင့်ကျလျှက် စောစောက သူမျက်နှာသစ်တုန်းက မေ့ပြီး မပိတ်ခဲ့တာပဲ ဖြစ်မည်။ တစ်ချို့သော အရာများသည် ဘ၀မှာ မေ့ပျောက်ဖို့ ခက်ခဲနေတတ်ပြန်သည်။ ထိုကဲ့သို့ မမေ့မပျောက် သတိရနေခြင်းသည်ပင် ဘ၀၏ အလှတရားဟု ခံယူထားနေမိပြန်သေးသည်။

အောက်မေ့တတ်သူ

ညည
အိမ်အပြင်ဘက် လမ်းလျှောက်ထွက်တယ်
ဘယ်ဘ၀ရဲ့ အဆက်အသွယ်လဲ မသိဘူး။

မိုးအလင်း လက်ဖက်ရည်ဆိုင်မှာ
ကော်ဖီတစ်ခွက်မှာ
စီးကရက်လေးဖွာပြီး
ပြန်မလာသေးသူအကြောင်းမေးတယ်။

ရေနွေးတစ်ခွက် နှစ်ခွက်ငှဲ့
ပြန်မရောက်နိုင်သူအကြောင်း ပြောတယ်။

ပြီးမှ
အမှောင်ကို တွန့်တိုသလိုကြည့်
တစ္ဆေသရဲတွေ့မိသလို အိမ်ကို ထပြန်တယ်။

အိပ်မက်ထဲ လမ်းထလျှောက်သူတစ်ယောက်
မနက်ရောက်တော့
ညက ဘာမှ မသိကြောင်းပြောပြန်ရော။။

ခိုင်မြဲကျော်စွာ


သူ လက်ဖက်ရည်ဆိုင်ကို ရောက်တော့ အနည်းငယ် မှောင်စ ပြုနေပြီ ဖြစ်သည်။ ဆိုင်ထဲမှာ လူသိပ်မရှိသေး၊ ခပ်ကျဲကျဲပဲ ရှိသေးသည်။ စားပွဲထိုးလေးသည် သူသောက်နေကျ ကျဆိမ့်တစ်ခွက်နဲ့ စီးကရက်တစ်ပွဲ လာချပေးသည်။ သူသည် လက်ဖက်ရည်ကို တစ်ကြိုက်ကြိုက်ကာ စီးကရက်တစ်လိပ် ကောက်ယူပြီး မီးညှိဖွားရှိုက်လိုက်သည်။ ဆောင်းဘောက်မှ အငဲ၏ သီချင်းသံသည် ဟိုအဝေးမှ လာနေသလို သဲ့သဲ့လေး ကြားနေရသည်။

“ငါ အတွေးများလည်း မီးခိုးတွေအူ…. လေးဖက်လေးတန် အခန်းငယ်ထဲ…. ငါစောင့်စားခဲ့ရတဲ့ နေ့ရက်တို့ နံရံတွေပေါ် ဖြတ်သွား….. ဒီမျက်နှာကြက်ပေါ်ကနေ တွဲခိုနေ မီးအိမ်တစ်လုံး….. ငါ့ဘ၀အတွက် ဒီဒဏ်ရာတွေကို ကြည့်နေသလား….. ကိုယ်ခန္ဓာကြွေမှာကိုစိုး အိုး ဟိုးဟို…… နင်းထားတဲ့ ကြမ်းပြင်ကျွံသွားမလား…… ရင်ခုန်သံကို တိုးတိုးမေးကြည့် ငါ့ရဲ့ အချစ်ဘယ်မှာလဲ….. ရင်မှာ မျှော်လင့်ခြင်းရဲ့ သစ်သီးတစ်လုံး နှလုံးသားငှက်က ကိုက်ခြွေကာဖျက်ဆီးသွား….. နွေလွင်ပြင်ကို ဖြတ်ကျော် လာသူ လေညှင်းလေး အိမ်ထဲကြွပါ…… ငါ တံခါးရွက်တွေကို ဖွင့်ထားပြီး သီချင်းဟောင်းတစ်ပုဒ်ကို ညီးညူရင်း ထိုင်ခုံပေါ်ထိုင်နေဆဲ လာပါ သူငယ်ချင်း ခံစားချက်ကလေးများ ကုန်ပြီ ကုန်ခမ်းပြီ၊ နံရံမျက်နှာကြက်နဲ့ ကြမ်းပြင်အကြား ဒီအခန်းထဲက အပြင်မထွက်လိုဘူး… ကိုယ်ခန္ဓာ ကြွေမှာကိုစိုး….အိုး ဟိုဟိုး…နင်းထားတဲ့ ကြမ်းပြင် ကျွံသွားမလား…”

ထိုအချိန်မှာပဲ သူငယ်ချင်းက ရောက်လာပါသည်။ သူငယ်ချင်းသည် တစ်စုံတစ်ရာကို စိတ်ပျက်နေ သော ပုံစံပေါက်နေသည် ထင်သည်။ “ကိုယ်နဲ့တော့ တိုက်ရိုက်ပတ်သက်နေတာတော့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ချို့ကိစ္စတွေက အတော်စိတ်ပျက်စရာ ကောင်းတယ်ဗျာ” ဟု စကားကို စပါသည်။ ဒါပေါ့ဗျာ တစ်ခါတစ်ခါမှာ ဘ၀မှာ ဒီလိုပါပဲဟု သူက အလိုက်သင့် စီးမျှောပေးလိုက်ရပါသည်။ သူငယ်ချင်းသည် စကားကို ဒီလိုပဲ အဆက်အစပ်မဲ့စွာ ပြောတတ်သည်။ တစ်ခါတရံမှာတော့ စိတ်ညစ်စရာအကြောင်းတွေ ပြောနေရတာကိုပဲ သဘောကျချင် ကျနေတတ်သူ ဖြစ်သည်။

“ခင်ဗျားပဲ စဉ်းစားကြည့်ဗျာ၊ ဘယ်သူဆိုးသလဲဆိုတာ၊ နှစ်ယောက်လုံးကတော့ ကိုယ့်သူငယ်ချင်း ချည်းပါပဲ။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ဒီကောင်ဆိုးတယ်ဆိုတာ ကျွန်တော်သိတယ်။ မဖြစ်ခင်က ကျွန်တော်ထိန်းပါသေးတယ်။ ဒါပေမဲ့ မရဘူးဗျာ ၊ ဒီကောင် တော်တော်ဆိုးတယ်။ ဟော အခုတော့ ကွဲကြပြီ၊ ဒီမှာ ကောင်မလေးက ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ရပြီ။ ဟိုကောင်ကတော့ နောက်တစ်ယောက်နဲ့ စိတ်ပျက်ပါတယ်ဗျာ” ဟု ပြောနေသောအခါ သူသည် အလိုက်သင့် အင်း အဲ လုပ်ကာ ခေါင်းညိတ် ခေါင်းခါ လုပ်နေရသည်။

အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ မှောင်နေပြီ ဖြစ်သည်။ သူသည် လက်ကျန် လက်ဖရည်ကို မော့သောက်လိုက်ပြီး မီးခိုးတွေကို ရှိုက်သွင်းလိုက်ကာ ဟူးခနဲ့ ပြန်မှုတ်ထုတ်လိုက်မိသည်။ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ လမ်းမီးတိုင်မှ မီးများ လင်းလာပြီ ဖြစ်သည်။ ဆိုင်ထဲမှာ လူတွေက ၀င်လာလိုက်၊ ထွက်သွားကြလိုက်နဲ့ ပြောင်းလဲနေပေမဲ့ သူတို့ကတော့ ဘာမှ မပြောင်းမလဲ ရှိနေသေးသည်။ ပြောနေသော စကားများသည် ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်နဲ့ အကြောင်းအရာအစုံ ဖြစ်နေသည်။ တစ်ခါတစ်ခါမှာ ရယ်လိုက်မောလိုက်၊ တစ်ခါတစ်ခါမှာ အေးစက်သွားလိုက်နဲ့ အမှောင်ကို မသိသလိုဥပေက္ခာပြုနေနေ ရသည်။

သူအိမ်ကို ပြန်ရောက်တော့ ညဥ့်နက်လှပြီ ဖြစ်သည်။ သူ၏ အခန်းသည် ထုံးစံအတိုင်း အေးစက် တိတ်ဆိတ်နေသည်။ စာကြည့်စားပွဲမှာ ထိုင်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လေအေးအေးသည် ပူနွေးနေသော အခန်းထဲသို့ ၀င်ရောက်လာသည်။ ပြတင်းပေါက်မှ မြင်ရသော ကောင်းကင်သည် ကြည်လင် နေသည်။ တစ်နေကုန် အိပ်ရေး၀၀ အိပ်ထားသော ကြယ်များသည် တောက်ပလျှက်ရှိသည်။ သူလည်း တစ်ညတာ အိပ်ရဦးမည်။ မအိပ်ခင် စာတစ်ပုဒ် ဖတ်ရဦးမည်။ သတ္တ၀ါအားလုံးအပေါ် မေတ္တာပို့ရဦးမည်။ ဘုရားရှိခိုးရဦးမည်။ အိပ်စက်ပြီးလို့ နောက်တစ်ရက်မိုးလင်းတဲ့အခါ ဒီနေ့က အကြောင်းအရာ အဖြစ်အပျက် များသည် ဘာမှ မဟုတ်သလို မေ့ပျောက်သွားပေလိမ့်ဦးမည်။ ။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts