ဘာသာပြန်ကဏ္ဍ အခန်းဆက်များ ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒေါ်နယ်ထရမ့်၏ ဒီမိုကရေစီဆန့်ကျင်သောလုပ်ရပ်များ

 

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒေါ်နယ်ထရမ့်၏ ဒီမိုကရေစီဆန့်ကျင်သောလုပ်ရပ်များ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၆

(မိုးမခ)  ဖေဖော်ဝါရီ ၁၄၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Trump Against the Guardrail ကို ဘာသာပြန်ခြင်းဖြစ်သည်။

ဘာသာပြန်သောသူသည် ဘာသာပြန်သောအလုပ်ကိုသာ လုပ်သင့်သည်။ ကိုယ်ပိုင်အယူအဆကို ပြောပိုင်ခွင့်မရှိဟုဆိုလျှင်၊ ဤဘာသာပြန်သောသူသည် မလုပ်သင့်သည့်အလုပ်ကို စ၍လုပ်ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးသည် လေချည်းသက်သက်ဖြစ်နေပါသည်။ ဘာမှဖြစ်မလာပါ ဟူ၍သာပြောချင်ပါသည်။ ယခု ဤဆောင်းပါးကို ဘာသာပြန်တင်ဆက်သောအလုပ်ကို လုပ်ပါတော့မည်။

ဒေါ်နယ်ထရမ့် (Donald Trump)၏ သမ္မတသက်တမ်း၊ ပထမနှစ် (2017)သည် သူ၏အတိုက်အခံ များအပေါ် တိုက်ခိုက်မှုများဖြင့် စတင်ပါသည်။ သူသည်သူနှင့်သဘောချင်းမတိုက်ဆိုင်သော မီဒီယာအားလုံး ကို enemy of the American people (အမေရိကန်ပြည်သူ၏ရန်သူ)ဟု သမုတ်လိုက်သည်။ တရားသူကြီး များ၏ တရားဝင်မှုကိုလည်း မေးခွန်းထုတ်သည်။ မြို့ကြီးများကို အထောက်အပံ့များဖြတ်တောက်ရန် ခြိမ်းခြောက်သည်။ ဤကဲ့သို့သော တိုက်ခိုက်မှုများကြောင့် နိုင်ငံရေးလောကတွင် တုန်လှုပ်ချောက်ချားမှု၊ ထိတ်လန့်မှု၊ ဒေါသတို့ကိုဖြစ်စေသည်။

သမ္မတ၏ဒီမိုကရေစီစံနှုန်းများကို တိုက်ခိုက်ရာတွင် သတင်းထောက်များသည် အတိုက်အခိုက် ခံရဆုံးဖြစ်သည်။ သမ္မတ၏ ပထမရက်ပေါင်းတစ်ရာအတွင်းတွင် သမ္မတကို မီဒီယာများက အတိုက်ခိုက်ဆုံး ဖြစ်သည်။ သတင်းများကို လေ့လာကြည့်လျှင် သတင်း၏ 80% သည် သမ္မတအပေါ် မကောင်းမြင်သည်ကို တွေ့ရသည်။ အခြားသမ္မတများနှင့် နှိုင်းယှဉ်ကြည့်လျှင် သမ္မတကလင်တန် (Clinton) လက်ထက်တွင် 60%၊ သမ္မတဂျော့ဒဘယူဘွတ်(ရှ) လက်ထက်တွင် 57% နှင့် အိုဘားမား (Obama) လက်ထက်တွင် 41% ရှိသည်။ (ဒီလိုရှိတော့ကော ဘာဖြစ်သလဲ? ဘာမှမဖြစ်ပါ။ (ဘာသာပြန်သူ၏မှတ်ချက်))

ထရမ့်၏အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများသည် နေ့စဉ်နှင့်အမျှ တိုက်ခိုက်ခံနေကြရသည်။ သမ္မတ ထရမ့်သည် သမ္မတဖြစ်ပြီး လအနည်းငယ်အတွင်းတွင် သူ့ကိုလွှတ်တော်က အယုံအကြည်မရှိ အဆို တင်သွင်းခံရမည်ဟူ၍ နာမည်ထွက်ခဲ့သည်။ သို့သော်လည်း သူသည်ထောက်ခံမှု (ဘယ်ကမှန်းမသိ) ကို ရနေဆဲဖြစ်သည်။ သူကသင်တန်းဖွင့်ပွဲတစ်ခုတွင် ဤသို့ပြောသည် – “အမေရိကန်ရဲ့နိုင်ငံရေးသမိုင်းမှာ၊ ကျွန်တော့လောက် မတရားစွပ်စွဲခံရသူ မရှိဘူး။”

သမ္မတသည် အာဏာရှင်များသုံးနေကျ နည်းဗျူဟာသုံးခုကို သူ၏အာဏာတည်ရှိရေးအတွက် သုံးခဲ့သည်။ ၄င်းတို့မှာ – ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခွင့်ရှိသူများကို ဖြုတ်ပစ်ခြင်း၊ အရေးပါသောလုပ်ပိုင်ခွင့် ရှိသူများကို မလုပ်နိုင်အောင် ဘေးဖယ်ပစ်ခြင်း၊ စည်းမျဉ်းဥပဒေများကို သူ့စိတ်ကြိုက်ပြင်ရေးခြင်း – တို့ဖြစ် ကြသည်။

ထိုလုပ်ရပ်တစ်ခုခြင်းကို ဖော်ထုတ်သောဖြစ်ရပ်များကို တစ်ခုချင်းဖော်ပြပါမည်။

သမ္မတထရမ့်သည် ဒိုင်လူကြီးများဖြစ်သြော – ဥပဒေအကျိုးဆောင်အဖွဲ့များ၊ ထောက်လှမ်းရေး၊ အကျင့်ပိုင်းဆိုင်ရာအဖွဲ့များနှင့် တရားရုံးများအပေါ်၊ ရန်ညှိုးထားပုံပြသခဲ့သည်။ သူ သမ္မတဖြစ်ပြီးမကြာမီ တွင် အက်(ဖ)ဘီအိုင် (FBI)၊ စီအိုင်အေ (CIA)၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့ (National Security Agency) တို့ကို သူ၏လုပ်ရပ်များနှင့်ပတ်သက်၍၊ အထူးသဖြင့် သူ၏ရုရှားနိုင်ငံနှင့်ပတ်သက်သည့် နှောင်ကြိုးများကို မစုံစမ်းရန်အတွက် စည်းရုံးခဲ့သည်။ သူသည် အက်(ဖ)ဘီအိုင် (FBI) ၏ ညွှန်ကြားရေးမှူးချုပ် ဂျိမ်းကိုမီ (James Comey) ကို အိမ်ဖြူတော်သို့ ညစာစားရန်ဖိတ်ခေါ်၍ သူ့အပေါ်သစ္စာရှိရန် ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဂျမ့်ကိုမီအား သူစုံစမ်းနေသော လုံခြုံရေးအရာရှိ မိုက်ကယ်ဖလင် (Michael Flynn) ၏ အမှုကို ဆက်လက်၍ မစုံစမ်းရန် ဖိအားပေးသည်။ ၄င်းအပြင် နိုင်ငံတော်ထောက်လှမ်းရေးဌာန၏ ညွှန်ကြား ရေးမှူး ဒယ်နီယယ်ကုတ် (Daniel Coats) နှင့် စီအိုင်အေ (CIA) ၏ ညွှန်ကြားရေးမှူး မိုက်ပွန်ပီယို (Mike Pompeo) တို့ကို ဂျိမ်းကိုမီ၏စုံးစမ်းမှုများတွင် မဖြစ်အောင် ဝင်၍ဖိအားပေးရန် တောင်းဆိုပြန်သည်။ ၄င်းအပြင် ဒယ်နီရယ်ကုတ်နှင့် အမျိုးသားလုံခြုံရေးအဖွဲ့၏ခေါင်းဆောင် မိုက်ကယ်ရောဂျား (Michael Rogers) တို့ ကိုလန်၊ ရုရှားနှင့် အဆက်အသွယ်နှောင်ကြိုး ဘာမှမရှိကြောင်းကို ကြေငြာချက်ထုတ်ရန် တောင်းဆိုပြန်သည်။ ထိုတောင်းဆိုချက်နှစ်ခုစလုံးကို ငြင်းပယ်ခြင်းခံရသည်။

ဂျိမ်းကိုမီသည် သမ္မတစကားကို နားမထောင်မှန်သိသောအခါတွင် ဂျိမ်းကိုမီကို ထုတ်ပယ်လိုက် သည်။ ဤကဲ့သို့ သမ္မတ၏စကားကို နားမထောင်သော ဒိုင်လူကြီးများအား ထုတ်ပယ်ခြင်းကို ရောက်လာကာ ဘာဟာရာ (Bharara) သည်လည်း ဂျိမ်းကိုမီ၏အလုပ်ကို ဆက်လုပ်မည့်အလားအလာ ရှိသောကြောင့် သူ့ကိုပါ ထုတ်ပယ်လိုက်သည်။

သမ္မတဒေါ်နယ်ထရမ့်သည် သူမကြိုက်သောတရားသူကြီးများကို အရေးယူခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြား၍ အရေးယူခံထားရသောသူများကို သူ့ဘက်လိုက်လျှင် အပြစ်မှကင်းလွတ်ခွင့်ပေးသည်။ အများ အားဖြင့် အပြစ်မှကင်းလွတ်ခွင့်ပေးသည့်အခါတွင် တရားရေးရာဌာနကို တိုင်ပင်သည့်ဓလေ့ထုံးစံရှိသည်။ ထိုဓလေ့ထုံးစံကို ချိုးဖောက်၍ သူ့သဘောဖြင့်အပြစ်လွတ်ချင်သောသူကို လွှတ်လေ့ရှိသည်။ တရားဥပဒေ ဆိုင်ရာပညာရှင် မာတင်ရက်ဒစ် (Martin Redish) က ဤသို့ဆိုသည် – “သမ္မတဟာ သူ့သဘောအတိုင်း အပြစ်လွှတ်ချင်တဲ့လူတွေကို လွှတ်နိုင်နေရင်၊ တရားရုံးရဲ့အခန်းကဏ္ဍဆိုတာ မရှိသလောက်ဖြစ်သွားတော့ မယ်။”

သမ္မတထရမ့်သည် Office of Government Ethics (OGE) (အစိုးရ၏ကျင့်ဝတ်ပိုင်းဆိုင်ရာအဖွဲ့) ကို ပြဿနာအမျိုးမျိုးရှာခဲ့သည်။ နောက်ဆုံးတွင် OGE ၏ ညွှန်ကြားရေးမှူး၊ ဝါလတာရှု (Walter Shaub) သည် ထွက်သွားရသည်အထိဖြစ်ခဲ့သည်။ ထိုအခါ သတင်းထောက် ရိုင်ရန်ယန်လီဂါ (Ryan Ligga) ၏ အပြောအရ “broken” OGE ပြိုကွဲသွားသော OGE သာကျန်ခဲ့သည်။ 2017 တွင် ထရမ့်သည် တရားရေးရာ ဌာနနှင့် FBI ဌာနတို့ကို ဟီလာရီကလင်တန် (Hillary Clintan) အပါအဝင် ဒီမိုကရက်များကို အရေးယူရန် ဖိအားပေးခဲ့သည်။ ရီပတ်ဘလီကန် လွှတ်တော်အမတ်များက ဗီတိုအာဏာဖြင့်ပယ်ခဲ့သဖြင့်သာ သူ့သဘော အတိုင်း မဖြစ်ခြင်းဖြစ်သည်။

သမ္မတထရမ့်သည် အခြားတိုက်ခိုက်မှုများစွာလုပ်ရန်ကျန်သေးသည်။ သူသည် ဒုတိယအလုပ်ဖြစ် သော နိုင်ငံရေးတွင် အရေးပါသောသူများကို ဘေးဖယ်ပစ်သောအလုပ်ကို ဆက်လုပ်သည်။ သူသည် New York Times နှင့် CNN ကဲ့သို့ သိက္ခာရှိသောသတင်းဌာနများကို “မမှန်ကန်သော သတင်းများကို ထုတ်လွှင့် သူများ” “ပြည်သူလူထု၏ရန်သူများ” ဟုခေါ်ဆိုလိုက်သည်။ ဤအခေါ်အဝေါ်များမှာ ကွန်မြူနစ်ခေါင်းဆောင် စတာလင် (Stalin) နှင့် မော်စီတုန်း (Mao Se Tung) တို့သုံးသော ဝေါဟာရများဖြစ်ကြသည်။

ထရမ့်သည် နိုင်ငံတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိမ်လည်မှုများရှိနေသည်ဟူ၍ အကြောင်းပြ ကာ၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေများကို ပြင်ဆင်သည်။ ဤကဲ့သို့ ပြင်ဆင်နိုင်ရန်အတွက် Presidential Advisory Commission on Election Integrity (ရွေးကောက်ပွဲတရားမျှတရေးဆိုင်ရာ သမ္မတအကြံပေးအဖွဲ့) ကို ဖွဲ့စည်းလိုက်သည်။

သမ္မတသည် သူ၏အတိုက်အခံများအပေါ် စကားအားဖြင့် တိုက်ခိုက်မှုများသည် ပြင်းထန် သလောက်၊ တကယ်လက်တွေ့တွင် အကောင်အထည်ဖော်မှုအားဖြင့် နည်းပါသေးသည်။ သတင်းထောက် တစ်ဦးမှ အဖမ်းမခံရသေးပါ။ အစိုးရ၏ဖိအားပေးမှုကြောင့် မည်သည့်သတင်းဌာနမှ သိသိသာသာအရေးယူ ခြင်းကိုမခံရသေးပါ။ ထို့ကြောင့် ထရမ့်သည် “လေ” များနေခြင်းဖြစ်သည်ဟုတော့ ဆိုနိုင်ပါသည်။

သို့ရာတွင် “လေ” များနေခြင်း သက်သက်သည် ဘယ်သူ့အတွက်ဖြစ်သနည်း? သူ့အတွက် အချိန်ရ ဖို့သက်သက်ပဲလား – ဟု မေးစရားရှိပါသည်။

အခုတော့ ဒီမိုကရေစီစံနစ်ကနေ အာဏာရှင်စံနစ်ဆီသို့ပြောင်းမသွားသေးပါ။ သို့သော် အချိန်အား ဖြင့် စောနေပါသေးသည်။ ဒီမိုကရေစီစံနစ်ပျက်စီးသွားသောနိုင်ငံများသည် ချက်ချင်းဖြစ်သွားခြင်းမဟုတ်ပါ။ တဖြေးဖြေးအချိန်ယူ၍ ဖြစ်ဖြစ်သွားခြင်းဖြစ်သည်။

သမ္မတထရမ့်၏ ကျန်ရှိသော သက်တမ်းတွင် ဒီမိုကရေစီ၏ ကံကြမ္မာသည် အချက်အလက်များစွာ အပေါ်တွင်တည်နေပါသည်။ ၄င်းတို့ကို ဆက်လက်၍ သုံးသပ်ကြည့်ရပါမည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts