ရသဆောင်းပါးစုံ

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၅)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၅)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
မကျက်တစ်ကျက်ပေါင်မုန့်ဟု အခေါ်ခံရသူ မင်းသုဝဏ်

(၁)
၁၉၅၃ ခုနှစ်တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ် ရောက်လာပြီးနောက် မကြာမီဆိုသလို ဆရာမင်းသုဝဏ်နှင့် တကသတွင် ဆုံခွင့်ရ၏။ ကျောင်းသားခေါင်းဆောင် ရဲဘော်မောင်မောင်ညွန့် (ညွန့်ကြူး) ကမိတ်ဆက်ပေးခြင်းဖြစ်သည်။ ဝတ္ထုတိုလေးများ စမ်းသပ်ရေးသားနေသည်ကို ဖတ်ပြီး ဝေဖန် လမ်းညွှန်ပေး၏။

(၂)
၁၉၅၉ ခု၊ မြန်မာ့အသံတွင် အလုပ်ရလာပြီးနောက်ပိုင်း ရေဒီယိုနားထောင်ကာ သွန်သင်ပေးပြန်သည်။ ဆရာ့စေတနာကား အံ့ဖွယ်ပါကလား။ ဆရာနှင့်ဆုံတိုင်း တခုမဟုတ် တခုတော့ ရလိုက်စမြဲပင်။

(၃)
တကယ်တော့ ဆရာရဲ့ သပြေညိုကဗျာစု စာအုပ်ကို အထက်တန်းကျောင်းးသားဘဝမှာကတည်းက ကျွန်တော်တို့ ဖတ်ခဲ့ရ သင်ခဲ့ရပြီးဖြစ်သည်။ ဝါဆို ဝါခေါင် ရေတွေကြီးလို့ စသဖြင့် ငယ်စဉ်ကပင် အော်ဆိုခဲ့ပြီးသားပါ။

(၄)
ဆရာမင်းသုဝဏ်သည် စာပေ၊ သမိုင်း စသည်တို့၌ နှံ့စပ်ကျွမ်းကျင် လေ့လာသော ပညာရှင်မို့ ပြည်ပသို့တိုင် ဆရာ့ဂုဏ်သတင်း ကျော်ကြားခဲ့ကြောင်း မသိချင်မှအဆုံး။ ထို့ပြင် မြန်မာပြည်လွတ်လပ်ရေးရလျှင် ကျင့်သုံးဖို့ ၁၉၄၇ ခု၊ နိုင်ငံတော်ဖွဲ့စည်း အုပ် ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် အကြံပေးကော်မတီ၌ ရန်ကုန်တက္ကသိုလ်ကိုယ်စားလှယ်အဖြစ် ဦးမျိုးမင်း (အင်္ဂလိပ်စာ ပါမောက္ခ) နှင့် အတူပါဝင်ခဲ့သည်။

(၅)
စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေ၀င်းကမူ ဆရာမင်းသုဝဏ်အား ကြည့်မရ။

ဘာသာပြန်ကိစ္စနှင့်ပတ်သက်ပြီး နာမည်တပ်ကာ မကျက်တစ်ကျက် ပေါင်မုန့်ဟု မြန်မာ့အသံကနေ လူသိရှင်ကြား ခေါ်ဆို ပြောကြားလိုက်သည်။ အစိုးရသတင်းစာ မျက်နှာဖုံး၌ ဖေါ်ပြကြသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးနေဝင်း တန်ခိုးအာဏာကြီးထွားသည်လည်းပါမည်။ ကျွန်တော်တို့လူမျိုး၏ ဓလေ့အတိုင်း မျက်နှာလို မျက်နှာရ ဖေါ်လံဖားကြသည်းပါမည်။ ဆရာမင်းသုဝဏ် ၏ စာတွေမထည့်ရရုံမက လူကိုပါရှောင်ကြ၏။

(၆)
၁၉၉၂ ခု၊ ကျွန်တော်မြန်မာပြည်က ထွက်ခွါရန်ဆုံးဖြတ်လိုက်ပြီ။

ဆရာမင်းသုဝဏ်အား သွားကန်တော့သည်။ ဆရာ့ ပျဉ်းမငုတ်တို ကဗျာကို စိတ်ဓာတ်ကျတိုင်း ဖတ်ပြီး အားတင်းရပုံ ပြောရာ၊ ဆရာက အားလည်းတင်း၊ နိုင်ငံခြားရောက်ရင် အမြင်လည်းကျယ်ကွ တွင်းထဲကြွက် အပြင်ထွက်လာသလို ကြည့်ကြ လေ့ လာမှတ်သား၊ ပြီးတော့ ဝေငှ၊ မင်းဟာ စာရေးဆရာ မောင်အောင်မွန်ဆိုတာမမေ့နဲ့ စသဖြင့် ဆုံးမသည်။

(၇)
ဆရာမင်းသုဝဏ်အား မကျက်တကျက် ပေါင်မုန့်ဟု မြန်မာ့အသံက အသံလွှင့်ကပြောသူ ဗိုလ်ချုပ်ကြီးနေဝင်း၏ အသံကိုကြား နေရဆဲ၊ သတင်းစာထဲက သူ့မျက်နှာကြီးကိုလည်း မြင်နေရဆဲပါ။ ဆရာမင်းသုဝဏ် အနှစ် (၁၁၀) ပြည့်အဖြစ် စိတ်ကူးချိုချို စာပေတိုက်က စာအုပ်များစွာ စုပြီးထုတ်၏။

ကျွန်တော်ကမူ မကျက်တကျက် ပေါင်မုန့်မကလို့ ဂျုံစေ့ဘဲဖြစ်နေပါစေ၊ အသက်ရှင်နေသေးသမျှ ဆရာ့အား ကြည်ညို လေးစားနေပါမည်။ ၁၉၃၁ ခု၊ ရန်ကုန်တက္ကသိုလ် ကောလိပ်မဂ္ဂဇင်းကော်မတီ၌ ဆရာကြီးဖေမောင်တင်နှင့်အတူ မြန်မာစာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည့် ကျောင်းသား မောင်ဝန်ကိုပင် မျှော်တွေးကာ ကန်တော့လိုက်ရကြောင်းပါ။

၂၀၁၉ ခု၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့။
Photo Credit. Kyaw Maung Maung Htut


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts