ကဗျာ

လင်းသက်ငြိမ် ● ရာဘာ​မြွေ

လင်းသက်ငြိမ် ● ရာဘာ​မြွေ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၉


ရာဘာ​မြွေရတဲ့​နေ့ကစပြီး သူ့အတွက်
ရယ်​​မောစရာ​မရှားဘူးလို့ သူ​တွေးမိ​တော့တာပဲ
တွားသွားသတ္တဝါရဲ့ပုံတူက
အာ​မေဋိတ်​သံ​တွေ တခွမ်းခွမ်းကျကွဲ​စေရဲ့
ရာဘာ​မြွေဆို​တော့ အထီးအမ လိင်​သဘာဝ​တွေပါစရာမလို
ရာဘာ​မြွေဆို​တော့ လျှာတစ်လစ်​ကို အမြဲယမ်း​နေစရာမလို
တစုံတ​ယောက်​ရဲ့ထိတ်​လန့်​မှုဟာ
တစုံတ​ယောက်​အတွက်​ ​ဖျော်​​ဖြေမှုဖြစ်​တယ်
သူသွား​လေရာ ​ရာဘာ​မြွေပါတယ်
တ​ယောက်​ဆို လက်​ထဲကပစ္စည်း​တွေ ပြုတ်​ကျတယ်
သူရယ်​​မောရင်း ရာဘာ​မြွေကို ​ကောက်​ယူတယ်
သူ့လက်​ထဲ ရာဘာ​မြွေဟာ လှုပ်​ယမ်းလို့
တ​ယောက်​ဆို နှလုံးခုန်​သံရပ်​သွားမလို ဖြစ်​သွားတယ်
သူရယ်​​မောရင်း ရာဘာ​မြွေကို ​ကောက်​ယူတယ်
ရာဘာ​မြွေဟာ သူ့လက်​ထဲ လှုပ်​ယမ်းလို့
ရယ်​သံ​တွေကို ဖန်​တီးတဲ့အခါ
ရယ်​သံ​တွေရဲ့နောက်​က အခိုက်​အတံ့​တွေအ​ကြောင်း
သူဘာမှမသိ
လူဟာ ရယ်​​မောခံရတာကို ဘယ်​လို အရသာရှိပါ့မလဲ
ရာဘာ​မြွေအမြဲပါတဲ့ သူ့ကို ​ပေါ့သွမ်းတဲ့နတ်​သူငယ်​လို
ရှောင်​ဖယ်​လာကြတယ်
ရယ်​သံဆာသူဟာ ရယ်​သံငတ်​တဲ့အခါ ​နေ​ပျော်​ပါဦးမလား
အဆိပ်​မရှိတဲ့ ရာဘာ​မြွေဖြစ်​​ကြောင်း
ပျော်​ချင်​လို့ စ​နောက်​မိတဲ့အ​ကြောင်း
စသဖြင့်​ ​မေတ္တာကို ပြန်​တူး​ဖော်​​ပေမယ့်
သတ်​ခံရတဲ့ သစ်​ပင်​ဟာ အညွှန့်​ပြန်​ထွက်​မလာ​တော့ဘူး
အခန်းထဲ​နေသူဟာ အပြင်​​လောကနဲ့လွဲ​ခဲ့သူပဲ
ဒုက္ခ​ပေးသူ​ပျောက်​​နေတဲ့အခါ ဒုက္ခခံရသူ​တွေက
သတိရ​လေ့ရှိတဲ့ သမားရိုးကျ ဇာတ်​ဝင်​ခန်းပါပဲ
တံခါး​ခေါက်​သံ​တွေဟာ အ​ရေး​ပေါ်အ​ခြေအ​နေ
အတွင်းကပိတ်​ထားတဲ့ တံခါးကို
ချိုးဖျက်​ပြီးဝင်​မှ ရတယ်
ကုတင်​​ပေါ်မှာ သူ့အသက်​မဲ့ ခန္ဓာကိုယ်​ကို​တွေ့ရတာပဲ
တကိုယ်​လုံး ပြာနှမ်း​နေတဲ့သူ့လက်​ထဲ
ရာဘာ​မြွေကို ဆုပ်​ကိုင်​လို့။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts