မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၄)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၄)
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၉
မြန်မာ့နိုင်ငံရေးကို ခံတက်ချဉ်နှင့် ယှဉ်၍လေ့လာခြင်း


(၁)
သိမ်းပိုက်ခံထားရတဲ့ လယ်ယာမြေပြန်ရရေး ဆန္ဒပြတောင်းဆိုရင်း တောင်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးရချိန်က မြန်မာ့နိုင်ငံ ရေး အခြေအနေ လေ့လာကြည့်သောအခါ၊ ကျနော့ခေါင်းထဲ ခံတက်ချဉ်သုပ် ဝင်လာတယ်။ မဆီမဆိုင်လိုက်တာလို့ အပြစ် တင်မစောကြပါနဲ့၊ ဆက်ဖတ်ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။

(၂)
ငယ်ငယ်တုန်းက ကျနော်တို့ရွာ ခြံထဲရှိခံတက်ပင်ကြီးသုံးပင် အရွက်တွေကလည်း စိမ်းစိမ်းစိုစို နူးနူးညံ့ညံ့။ ကိုယ်တိုင်ရွေးခူး ကိုယ်တိုင် ချဉ်ဖတ်တည်ပြီး အမေသုပ်ကျွေးတာကို မကြာခဏ အားပါးတရ စားခဲ့ရတာ ဘယ်တော့မှမမေ့နိုင်။

မြို့မှာကျောင်းသွားနေ၊ ကျောင်းပိတ်ရက် အိမ်ပြန်လည်း အမေအင်မတန်ကြိုက်တဲ့ ခံတက်ချဉ်သုပ် စားရစမြဲ။ တက္ကသိုလ် ကျောင်းသားဖြစ်လာ၊ အဆောင်ထမင်း အဆောင်ဟင်း ကောင်းသင့်သလောက် ကောင်းပါရဲ့၊ အမေ့လက်ရာကိုမမီ၊ ပြီး တော့ ခံတက်ချဉ်သုပ် ဘယ်တုန်းကမှမပါလို့ ဟာတာတာ။

(၃)
၁၉၇ဝ ခု၊နှစ်အောက်တိုဘာလမှာ ကျနော်အိမ်ထောင်ကျတော့ ဇနီးသည်အား ပူဆာမှ ခံတက်ချဉ်သုပ် ပြန်စားရ။ တနေ့တော့ ရန်ကုန် အလည်ရောက်လာတဲ့ အမေ့ကိုဧည့်ခံဖို့ ဟင်းလျာစီစဉ်ကြပြီး ကိုယ်တိုင်ဈေးမှာ မိန်းမမှာလိုက်တာတွေ အစုံအလင် အပြင် ခံတက်ချဉ်လည်းဝယ်ခဲ့တယ်။

အမေ ရုတ်တရက် အံ့သြဝမ်းသာသွားအောင် ကြိုတင်အသိမပေးဘူး။

ဈေးကြီးချင်သလောက် ကြီးပါစေ၊ တခါတလေသာ လာတဲ့အမေရင်းအတွက်မို့ ပုစွန်ခြောက်တွေ မညက်တညက်ထောင်၊ ကြက်သွန်ကြော် ဆီချက်မွှေးမွှေးအိအိကလည်း ခပ်ရွှဲရွှဲ၊ နှမ်းတွေထဲ ရွှေမန်းသူ အိမ်ရှင်မက မြေပဲထောင်းထည့်လိုက်သေး၊ ဟန်ကျပြီ။ အမေ ထမကရင် ကံကောင်း။

ထမင်းဝိုင်းထိုင်ကြပြီ။

အမေ့ကိုဦးချပြီး သုံးယောက်သား စစားကြရင်း အမေက ဟဲ့ဒါဘာလဲလို့မေးတာနဲ့ ခံတက်ချဉ်သုပ်လေဆိုတေ့ အမေကမြည်း တောင်မမြည်းသေး၊ ပါးပါးလှီထားတဲ့ ခံတက်ချဉ်ပတ်ကို ကြည့်ပြီးခေါင်းခါတယ်။ ငါ့သားက မြို့ရောက်လို့ ခံတက်ရွက်တောင် မသိတော့ဘူးလားကွယ်လို့ အမေ့ပြောသံကြောင့် ချွေးမအလိမ္မာက ဖာဖာထေးထေးနဲ့ အမေရယ်– ရန်ကုန်မှာကတော့ ရာ ဘာရွက်ကို ခံတက်ရွက်လုပ်စားနေကြတာပါလို့ ရှင်းပြပေမယ့် အမေက မတို့ မထိလို့ ဘယ်သူမှမစားမိကြတဲ့ ခံတက်ချဉ်သုပ်။
နှမျောလွန်းလို့ တောအိမ်ရှင်မနှင့် မြို့က အိမ်ရှင်မ နှစ်ယောက်သား မျက်ရည်ဝဲကြနှင့်။

(၄)
တန်ခိုးထက်တဲ့ ရာဘာရွက်၊ အရှင်လတ်လတ်ကနေ ခံတက်ချဉ်ပတ်အတု ဖြစ်နိုင်သကိုး။

ဟောကြည့်–၊တောင်သူမကြီး ဒေါ်ခင်ဝင်းခေါင်းထဲ ဖောက်ဝင်သွားတဲ့ ကျည်ဆန်အစစ်ကလည်း ရာဘာကျည်ဆန်အတု ဖြစ်သွားရပြန်ရော။ အတုလို့ဆိုလိုက်ရုံနဲ့ အတုဖြစ်သွား–၊ဒါဆို အစိုးရမင်းရဲ့ တန်ခိုးကပိုထက်နေပြီပေါ့နော်။

ခေတ်တုန်းက ဗမာပြည်မှာသာ ဒါမျိုးဖြစ်လို့များ သတင်းစာတွေက ဝိုင်းရေးကြရုံမက လှုံ့ဆော်ကြနဲ့၊ အတိုက်အခံတို့အဖို့ ဧရာမအခွင့်ရေးကောင်းကြီး၊ အရေးပေါ်ပါလီမန်လွှတ်တော်ခေါ်ခိုင်းပြီး ဖေန်ဆွေးနွေးကြလို့ အစိုးရတောင်ပြုတ်ကျသွား နိုင်တယ်။ လက်ရှိအစိုးရအတွက် ကံကောင်းချင်တော့ ရာဘာတံဆိပ်တုံးထု (Rubber Stamp) လွှတ်တော်အတု။

အဲ အတိုက်အခံဆိုတာကလည်း အစိုးရအငြိုအငြင်မှမခံချင်သမို့ ရေငုံနှုတ်ပိတ်နေကျ။

လူစုလူဝေးရှိလျှင် အာပေါင်အာရင်းသန်သန်နဲ့ သင်္ကြန်အမြောက် လာပစ်ကြသူများလည်း ရာဘာအမြောက်ကျည်ဆန် ရှာမရသေးလို့လားမသိ တယောက်မှမမြင်မိ။ သူတို့သာမဟုတ် အစိုးရက မီးစိမ်းပြလိုက်ရင် အားလုံးကို ဝိုင်းအာကြမဟုတ် ပါလား။

(၅)
အဖြစ်မှန်ကိုရေးမယ်လို့ သတင်းသမား တယောက်တလေက ခေါင်းထောင်လာရင်လည်း ခရိုနီ၏ငွေကဖိ၊ ပြန်ကြားရေးဝန်ကြီးမျက်နှာကြည့်နဲ့ ပြန်ငုံ့သွားရရှာပေလိမ့်မယ်။

ခံတက်ရွက်အတု ရာဘာချဉ်ကိုသုပ် မစားရတဲ့အပြင် ပုစွန်ခြောက်၊ ကြက်သွန်ကြော်၊ နှမ်းတို့ အစစ်ပါသွားလို့ နှမျောစရာအဖြစ်သို့ ရောက်သွားရတာက ကျနော့အပြစ်ပါ။

ပကတိအခြေအနေမှန်ကို မသိမမြင်နိုင်ရင်၊ ဒေါ်ခင်ဝင်းနောက် တယောက်ပြီးတယောက် တကောက်ကောက် လိုက်ကြရပေ လိမ့်မယ်။ ယနေ့မြန်မာ့နိုင်ငံရေးကို ကိုယ်တွေ့ ခံတက်ချဉ်သုပ်နဲ့ ယှဉ်ကာလေ့လာချက်ဖတ်ပြီး စာဖတ်သူများကိုယ်တိုင် ဆက်လက်တွေးကြည့်ကြပါ။

၂ဝ၁၄ ခု၊ ဒီဇင်ဘာလ ၂၃ ရက်နေ့။

(မှတ်ချက်။ ။ လွန်ခဲ့သော ၄ နှစ်ကျော်ကရေးခဲ့ခြင်းဖြစ်၏။ နောက်ထပ်ပေါ်လာသော အတုများကိုမူ စာဖတ်သူတို့ကိုယ်တိုင် ဖြည့်စွက်တော်မူကြပါကုန်)

၂ဝ၁၉ ခု၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့