K ငြိမ်းချမ်း စာအုပ်စင် မင်းညွှန့်လှိုင်

K ငြိမ်းချမ်း – လွင့်နေတဲ့လမ်းထဲက ကဗျာတွေ


K ငြိမ်းချမ်း – လွင့်နေတဲ့လမ်းထဲက ကဗျာတွေ

(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၉

မြန်မာကဗျာလောကအတွက် ၂၀၁၈ခုနှစ်ကတည်းက လောကဓံရဲ့ရက်စက်မှုတွေဟာ ၂၀၁၉ထိ ကူးစက်လိုက်လာခဲ့ပါတယ်။ အကောင်းလိုက်လာတာ မဟုတ်တာကတော့ အသေအချာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာပဲ ကဗျာဆရာကြီး မောင်အောင်ပွင့်၊ ကဗျာဆရာ လူအိမ်တို့ကွယ်လွန်ခဲ့ကြပါတယ်။ ခု ၂၀၁၉ရောက်လို့ အပူတွေ အငွေ့မပျံသေးမီ ကဗျာဆရာမိနှောင်း၊ ကဗျာဆရာ ယမုံတို့ မရှေးမနှောင်း ကွယ် လွန်ခဲ့ကြ ရပြန်ပါတယ်။ ကဗျာလောကအတွက် ကံကြမ္မာက ၀မ်းနည်းပူဆွေးမှုတွေကို ဆက်တိုက်ပေးချင်နေတဲ့သဘော ဖြစ်နေတယ်။ လူ၊ ခန္ဓာကိုယ်ကိုသာ ပြန်လည်ခေါ်ယူသွားလို့ရပေမယ့် သူတို့ကဗျာတွေကိုတော့ သေစား သေစေလုပ် လို့မရဘူးဆိုတာ သေမင်းသိသင့်နေပါပြီ။ နောင်တရသင့်နေပါပြီ။

ဘာကြောင့်လဲဆိုရင် မြန်မာပြည်မှာ ကဗျာဆရာတွေဟာ စစ်အာဏာရှင်လက်ထက်တွေကို ဖြတ်သန်းခဲ့ကြရာမှာလည်း အာဏာရှင်တို့ပေးတဲ့ အခွင့်အရေးတွေကို ရင့်ကော့ခေါင်းခါပြီး အနေဆင်းရဲနေတောင် သူတို့အနု ပညာကဗျာ မနိမ့်ကျ မဆင်းရဲခဲ့ကြဘူး။ စစ်ဘေးအပြင် အခြားဘာဘေးမှ မမှုဘဲ စစ်အာဏာရှင်တွေမျက်မုန်းကျိုးရလောက်အောင် အသည်းမာ၊ခေါင်းမာစွာနဲ့ သူတို့(စစ်ဝါဒီတွေ)တားမြစ်တဲ့ကဗျာတွေကိုရေး သားခဲ့၊ လူထုထံမှာ မှတ်ကျောက်တင်ခံခဲ့ကြလို့ဖြစ်ပါတယ်။

မြန်မာကဗျာကိုလေ့လာရာမှာလည်း သူတို့ကဗျာတင်မကဘဲ သူတို့ရပ်တည်ချက် ခံယူချက်နဲ့ အဲဒီခံယူချက်တွေကို ဘယ်လို အသက်ပေးကာကွယ်သွားသလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဖောက်ပြန်ဖို့ လွယ်ကူတဲ့အချိန်မှာတောင် သူတို့ဟာ ထမင်းတလုတ်အတွက် ထင်းခုတ်စားနိုင်ခဲ့ကြလို့ဖြစ်ပါတယ်။ ယခုကဗျာလောက အခြေအနေကရော ဘယ်လိုမျိုးရှိနေပါလဲ။

လူဦးရေ သန်း၅၀ကျော်မှာ ကဗျာစာအုပ်ထုတ်ဝေရေးမှာ အုပ်ရေတထောင်(တချို့စာအုပ် ငါးရာပဲထုတ်နိုင်) ထုတ်နိုင်ပါသေးတယ်။ ဒါက ထုတ်ဝေမှုအပိုင်း၊ ကဗျာစာအုပ် တထောင်ထုတ်လို့ အကုန်ကုန်တယ်ဆို တဲ့က ဗျာဆရာက လက်ချိုးရေလို့ရပါသေးတယ်။ စာဖတ်ခြင်းဓလေ့ကို စိစစ်ရေးအစရှိသဖြင့် နည်းမျိုးစုံသုံး ချေမှုန်းခဲ့တဲ့ စစ်ဝါဒီတွေရဲ့ပယောဂအကြွင်းအကျန်တွေလို့သတ်မှတ်နိုင်ပါတယ်။ တိုင်းပြည်မွဲ ပြာကျအောင် စစ်ဝါ ဒီတွေ သူတို့ကိုယ်ကျိုးကိုသာ ကြည့်ခဲ့ကြတဲ့ နောက်ဆက်တွဲတွေပါပဲ။

ကဗျာဆရာတွေကရော ကဗျာနဲ့ပတ်သက်လာရင် အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားလေ့တောင် ရှိပုံမရပါဘူး။ ယနေ့ထိ ကဗျာစာအုပ်တွေက အစဉ်မပြတ် ရေးနေထုတ်နေကြတာက သက်သေပါပဲ။

ခု ကဗျာဆရာ မင်းညွှန့်လှိုင်ကလည်း သူ့ရဲ့တကိုယ်တော်ကဗျာစာအုပ်ဖြစ်တဲ့ တလွင့်လွင့်လမ်း အမည်ရှိ ကဗျာစာအုပ်ကို မြကြိုးကြားစာအုပ်တိုက်ကနေ ၂၀၁၉ခုနှစ် နှစ်စမှာ ထုတ်ဝေထားပါတယ်။ ကဗျာဆရာ မင်းညွှန့်လှိုင်ကို အုပ်စုလိုက်ကဗျာစာအုပ်များမှာ တွေ့ရပေမယ့် တကိုယ်တော်ကဗျာစာအုပ်အဖြစ် ခုမှတွေ့ရှိရတာဖြစ်ပါတယ်။

စာအုပ်မှာ ကဗျာဆရာ ငြိမ်းဝေ(ကဗျာ့အိုးဝေ)က အမှာစာရေးသားထားပြီး ကဗျာ ၅၁ပုဒ် ပါဝင်ပါတယ်။ ပါဝင်တဲ့ကဗျာတွေကတော့ ခြေရာဖျောက် မြကြိုးကြာ၊ မြစ်ဝှမ်းလွင်ပြင်တောအုပ်၊ နဒီကမ်းက ပန်း ကျောင်း၊ တံတား၊ ဥယျာဉ်မြို့တော်၊ သားစဉ်မြေးဆက်ဗာဒံရိပ်၊ စက်ရပ်သတင်း၊ အုတ်ကျိုးလေး သူမ၊ လပြည့်နေ့၊ ဓားတောင်များ၊ မီးပင်လယ်များနှင့် ကြာပန်းတစ်ပွင့်၊ မြို့ကိုခေါ်လာသူတွေ၊ တူနိုင်မယ်မထင်ကြနဲ့၊ ပန်းရံဆရာ၊ မေးခွန်းတွေက သေမသွားဘူး၊ တောင်ပေါ်လမ်း၊ သီဟကထာ၊ နွေဥတုသို့တေး၊ ဖေဖေက ခဏလေးခဏလေးပြောပြီး ခဏခဏ၊ ရေထဲမှ သတင်းပေးပို့ချက်၊ ကျည်ဆန်၊ တော်ရုံရွာပေါ့ မိုးနတ်သား၊ အေး အေးလူလူ ထူးထူးဆန်းဆန်း၊ ရိုးမဖြတ်လမ်း၊ သေဆုံးသွားတဲ့ ပြတင်းပေါက်၊ လူကြီးမင်းသို့၊ မီးရဲ့သမိုင်း၊ ရင်ခုန်သံမနက်ခင်း၊ လိပ်ပြာလှတဲ့မြို့၊ ဒဂုန် တာရာ(သို့) ပန်းနုရောင်အိုကြယ်၊ မေမေဆောက်တဲ့အိမ်၊ အဖေ ဆိုတာ၊ လာခြင်းကောင်းတဲ့နောက်ကျမှု သို့သော် တန်ပါသည်ပိတောက်၊ ကောင်းမွန်သော စီမံခန့်ခွဲမှု၊ အော်သံ၊ မိုးစိုနေတဲ့မြင်း၊ ငါ့ကို အနှစ် နှစ်ဆယ်ပြန်ပေး၊ တောသူမလေး အဝေး၊ အဲဒီနိုင်ငံဟာ တကယ်ရှိ ရဲ့လား ၀ီကီပီးဒီးယား၊ နွေဇာတ်ညွှန်း၊ မေ့မေ့လျော့လျော့လက်၊ သူမရဲ့သင်္ကြန်၊ ပေါက်ခေါင်း၊ အမှတ်(၅၄) အဆန်ရထား၊ လက်ပုတ်ကြီး၊ RC2874 ရဲ့ကြေကွဲခြင်း အနက်ရောင်၊ သားသို့၊ စက်ဝိုင်း၊ ရဲဘော်ရှစ်လေးလုံး၊ အမှန် တရားလား သူလာနေတယ်၊ ဆိတ်ငြိမ်ရပ်ကွက်၊ တလွင့်လွင့်လမ်းတို့ဖြစ်ပါတယ်။

ကဗျာဆရာ ငြိမ်းဝေ(ကဗျာ့အိုးဝေ)ရဲ့အမှာစာ “အရေးကြီးဆုံးက ကဗျာရေးသူစစ်စစ်ဆိုတာ ခေတ်ပြိုင်ဖြစ်နေဖို့ပဲ မဟုတ်ပါလား၊ အရေးကြီးဆုံးက ကဗျာရေးသူစစ်စစ်ဆိုတာ ရင်ခုန်နေဖို့ပဲ မဟုတ်ပါလား။ မင်းညွှန့်လှိုင်ရဲ့ကဗျာတွေကို ကျနော်မပြောချင်ပါ။ ဒါတွေက သူ့ကိစ္စ။ သူပဲ တာဝန်ယူရမယ့်ကိစ္စ။ ကျနော်ပြောချင်တာ သူနဲ့ကျနော် ခေတ်ပြိုင်ဖြစ်တဲ့အကြောင်း၊ သူ့ကဗျာတွေနဲ့ကျနော့်ကဗျာတွေက ခေတ်ပြိုင်ဖြစ် ဖို့ကြိုးစားထားတယ်လို့ ယုံကြည်ကြောင်း။”လို့ထည့်သွင်းရေးသားထားပါတယ်။

ဒါကြောင့် ကျနော်တို့ တလွင့်လွင့်လမ်းထဲက ကဗျာဆရာ မင်းညွှန့်လှိုင်ရဲ့ခေတ်ပြိုင်ရင်ခုန်သံတွေကို ဖတ်ရှုကြည့်ကြရအောင်။

လေဆန်လမ်းထဲ
မြားတန်းလန်းနဲ့ ပျံသန်းရဲ
အရှေ့ဘက်
အစိမ်းရောင်မှာ ၀ဲ
သက်ရင့်
ကောင်းကင်ကို ခွဲ
စွဲမြဲယုံကြည်နေဆဲလေ။ (ခြေရာဖျောက် မြကြိုးကြာ ကဗျာမှ)

ဟောဒီအရပ်မှာ
ခပ်ညံ့ညံ့အချစ်ဝတ္ထုထဲက
အဓိပတိလမ်းနဲ့ခုံတန်းပြာမရှိဘူး။
ဒိုင်ယာရီကြားမှာ ညှပ်စရာ
ကံ့ကော်တွေလည်း မဝေဆာဘူး။
ခြင်္သေ့စောင့်တဲ့ ဘွဲ့နှင်းသဘင်
အသည်းကွဲသစ်ပုပ်ပင်နှင့်
မျှော်တော်ယောင်ဂျပ်ဆင်မရှိဘူး။ ( မြစ်ဝှမ်းလွင်ပြင်တောအုပ်ကဗျာ မှ)

ဘီလူးဖနောင့်နဲ့ဆောင့်နင်းသွားတဲ့ခြေသံများစွာ
ကြွတ်ဆတ်ခုံးကော့ ငါ့ကျောပြင်မှာ ဒဏ်ရာအထပ်ထပ်စွန့်ကြဲ။
ရိက္ခာဖူလုံသူတို့ကား သိုက်မြုံရှိရာသို့ အုပ်ဖွဲ့ပျံဝဲ
ခိုလှုံရာကို ရှာဖွေရန် ငါ့မှာ တောင်ပံမဲ့နေဆဲ။ (တံတား ကဗျာမှ)

ပျော်ရွှင်မှုဟာ မိုးလေ၀သပဲ
ဒီရေလို လလို၊ မုန်တိုင်းနဲ့ ငလျင်လို ခန့်မှန်းရခက်ခက်။
အဲဒီလို ခြောက်ချည်စိုချည် ရာသီဥတုအပေါ်
ငှက်ကောင်းတချို့ဆိုက်ကပ်လာချိန်ဟာ
ဘ၀ရဲ့တိုရေရှားရေပွဲတော်တွေပေါ့။ (စက်ရပ်သတင်းကဗျာ မှ)

ရှောင်မရတဲ့အတူတူ
ဒီအပူကို
မြိန်ရေယှက်ရေစုပ်ယူ။
ဖူးပွင့်လိုက်စို့
အေးအေးလူလူ ။ ။ (နွေဥတုသို့တေးကဗျာ မှ)

ရေနစ်နေတဲ့ဘ၀တွေ
ရင်ထဲလောင်တဲ့မီးတောက်တွေ(တော်ရုံရွာပေါ့ မိုးနတ်သားကဗျာ မှ)

တစ်နေ့
ကျည်ဆန်တွေလည်း ပန်းအိုးဖြစ်ရမယ်။ (လူကြီးမင်းသို့ကဗျာ မှ)

အမှန်တရားရှာရာမှာ အထီးကျန်ဆန်၊ ဂျွန်ရပ်စကင်းလိုတန်ပါသည်
ဒီမိုကရေစီခရီးမှာ မိုးမိခံရ၊ ဒေါ်အောင်ဆန်းစုကြည်လို တန်ပါသည်။ (လာခြင်းကောင်းတဲ့နောက်ကျမှု သို့သော် တန်ပါသည်ပိတောက်ကဗျာ မှ)

ငါ့ပခုံးပေါ်က လက်မည်းကြီးကို ပုတ်ချမယ်
ငါ့ဒိန်ခဲကို ငါရွှေ့မယ် ။ ။(ကောင်းမွန်သော စီမံခန့်ခွဲမှုကဗျာ မှ)

လွမ်းဆွတ်ခြင်းရဲ့ဆုလာဘ်ဟာ
ကျည်ဆန်တစ်တောင့်နဲ့ညီမျှကြောင်း
ကျမ
ကောင်းကောင်းသိခဲ့ရပါပြီ။ ။ (တောသူမလေး အဝေးကဗျာ မှ)

တိတ်ဆိတ်မှု
အသံကိုယ်တိုင် ဆွံ့အ သွား
အသံတကာထက်
အကျယ်လောင်ဆုံး တိတ်ဆိတ်မှု ။ ။(ဆိတ်ငြိမ်ရပ်ကွက်ကဗျာ မှ)

အထက်ပါ ကောက်နုတ်ဖော်ပြမှုတွေကတော့ ကဗျာဆရာမင်းညွှန့်လှိုင်ရဲ့လမ်းထဲ ၀င်ရောက်ဖို့ လမ်းညွှန်ဆိုင်းဘုတ်ပမာ ကောက်နုတ်ဖော်ပြလိုက်တာဖြစ်ပါတယ်။ အလုံးစုံဖတ်ရှုဖို့ကတော့ စာဖတ်သူတို့ဘက်က အပိုင်း ပဲဖြစ်ပါတယ်။ သွားရောက်ကြည့်ရှုသင့်တဲ့ လမ်းဆိုတာကတော့ အသေအချာ ညွှန်းဆိုလိုက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခု မင်းညွှန့်လှိုင်ရဲ့လမ်းက လေထဲမှာ လွင့်နေတော့ သာမန်လမ်းတွေနဲ့ တူမှာ မဟုတ် လို့ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts